မကောင်းဆိုးဝါးပူးခြင်းကပ်ခြင်းနှင့် ပယောဂထုတ်ခြင်း

လွန်ခဲ့သည့်နှစ်လခန့်က ဒဂုံမြို့သစ် ဖိနပ် စက်ရုံတစ်ခုတွင် လုပ်ကိုင်သော မိန်းကလေးတစ်ဦး ကို မြမြ အမည်ရှိ အသတ်ခံရသော မိန်းကလေး တစ်ဦး၏ ဝိညာဉ်ကဝင်ပူးပြီး ၄င်းအသတ်ခံရသည့် အကြောင်းများပြောဆိုသည့် သတင်းမှာ လူမှု ကွန် ရက်တွင် အလွန် လူစိတ်ဝင်စားမှုများလှသော သတင်း တစ်ပုဒ်ဖြစ်ခဲ့ပါသည်။ ထိုဇာတ်လမ်းမှာ အပြန်အလှန် တိုက်ခိုက်နေသော ်ဘ ပို့စ်များကြောင့် တကယ့် ဖြစ်ရပ် ဟုတ်မဟုတ် ဇာတ်ပေါင်းခန်း အမှန်ကို မသိရသော်လည်း ဇာတ်လမ်း အစပြုပုံနှင့် ဝင်ရောက် ပူးကပ်ခံရသော မိန်းမချောလေးအား မှတ် တမ်းတင်ထားသည့် ဗွီဒီယိုမှာ သရုပ်ပါလှသည် ဖြစ်ရာ စုန်း၊ သရဲကားများ ကြည့်ရသလို စိတ်လှုပ် ရှားဖွယ် ဖြစ်ပါသည်။ ယခုအခါ ထိုဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးနေပြီဟုပင် သိရပါသည်။

ပယောဂနှင်ခြင်း (Exorcision)

အသက်(၁၂)နှစ်အရွယ် ရီဂန် အမည်ရှိ မိန်း ကလေးသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ၄င်းထံတွင် ပူးကပ်နေသော မကောင်းဆိုးဝါးကို နှင် ထုတ်ရန် ခရစ်ယာန်ဘုန်းတော်ကြီး နှစ်ပါးက အသဲ အသန် ကြိုးပမ်းလျက်ရှိသည် မိန်းကလေးမှာ ဟော လီးဝုဒ် ရုပ်ရှင်မင်းသမီး ခရစ်မက်ကနီးလ်၏ သမီး ဖြစ်၏။ မိန်းကလေး၏ မိခင်သည် ကုသမှုကို စိုး ရိမ်တကြီး စောင့်ကြည့်လျက်ရှိသည်။ ဘုန်းတော်ကြီး ဖာသာကာရာသည် မြို့တွင်း ဘုရားကျောင်းမှ နယ်ခံ ဖြစ်ပြီး ဖာသာမာရင်းသည် ပယောဂကို နှင်နိုင်သည့် တန်ခိုးစွမ်းအင်နှင့် ပြည့်စုံသည်ဟု ယူဆသဖြင့် ဖာ သာကာရာ ကိုယ်တိုင် ရွေးချယ်ပင့်ဆောင်ထားသော အဆင့်မြင့် ဘုန်းတော်ကြီးဖြစ်ပြီး ကာရာကိုယ်တိုင် မာရင်း၏ လက်ထောက်အဖြစ် ကူညီဆောင်ရွက်ပေး နေရ၏။

မိန်းကလေးရီဂန်သည် ဝီယာဘုတ်(Ouija Board)ခေါ် ဝိညာဉ်နှင့် အမေးအဖြေလုပ်ကစားရ သည့် စာလုံးကပ်ပြားနှင့် ကစားရင်း “ကပ္ပတိန် ဟောင်ဒီ”အမည်ရှိ စိတ်ကူးယဉ်ဝိညာဉ်နှင့် ဆက် သွယ်မိရာမှ အပြောအဆို အမူအရာများ ထူးထူး ဆန်းဆန်းပြောင်းလာသဖြင့် မိခင်က ဆရာဝန်များ၊ စိတ်ပညာရှင်များကို ပြသခဲ့ရာ စိတ်ပိုင်းဆိုင်ရာ ထူးဆန်းစွာ ပြောင်းနေကြောင်း သိရ၏။ စိတ်သရုပ်ခွဲ ပညာရှင် ဘုန်းတော်ကြီး ကာရာကို ပြသရာ ဖာသာ ကာရာက ရိုးရိုးစိတ်ဖောက်ခြင်းမဟုတ်၊ မကောင်း ဆိုးဝါး၏ ဖမ်းစားပူးကပ်မှုခံနေရပြီး အသက်ကိုပင် စိုးရိမ်ရကြောင်း တွေ့ရှိသဖြင့် မိမိအစွမ်းဖြင့် ကုသ၍မရနိုင်ဟုဆိုကာ အတွေ့အကြုံရင့်သော “ဖာသာ မာရင်း”ကို ပင့်ခဲ့ခြင်းဖြစ်သည်။

ဖာသာနှစ်ဦးက ဘုရားစာများရွတ်ဆို ကုသ ပေးနေစဉ်မှာပင် ရီဂန်သည် ထူးဆန်းသော အပြု အမူများ ပြုလုပ်လျက်ရှိသည်။ အသံ အမျိုးမျိုးနှင့် ပြောဆိုခြင်း၊ ရိုင်းစိုင်းညစ်ညမ်းသော စကားများ ပြောခြင်း၊ ယောကျာ်းအသံဩကြီးဖြင့် ကြိမ်းမောင်း ခြင်း၊ မျက်နှာပုံစံ ကြောက်မက်ဖွယ်ဖြစ်လာပြီး တွန့် လိမ် ကောက်ကွေးကာ လေထဲသို့ ကြွတက်ခြင်း၊ ခွန်အား အဆမတန်ကြီးလာပြီး ကြမ်းတမ်းစွာပြုမူ ခြင်း စသည့် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦး မတတ်နိုင်သော အပြုအမူများဖြင့် ဘုန်းတော်ကြီး များ၏ ကုသမှုကို နှောင့်ယှက်နေလေရာ အားနည်း သူ ဖြစ်သော ဖာသာကာရာကို ဖိအားပိုပေးပြီး တိုက်ခိုက်လေ သည်။ ဖာသာမာရင်းက ကာရာကို အခန်းမှ ထွက်သွားစေပြီး မကောင်းဆိုးဝါး ပူးကပ်နေသော မိန်းကလေး ရီဂန်ကို တစ်ဦး တည်းရင်ဆိုင်လေသည်။ ကာရာ အခန်းထဲသို့ ပြန်ဝင်လာချိန်တွင် ဖာသာမာရင်းသည် နှလုံးရောဂါ ဖောက်လာသောကြောင့် လဲကျ သေဆုံးနေလေပြီ။

အားနည်းသော ဖာသာ ကာရာသည် ဟား တိုက်ရယ်မော လှောင်ပြောင်နေသော မကောင်း ဆိုးဝါးကို ဒေါသတကြီး ရင်ဆိုင် လိုက်သည်။ မကောင်းဆိုးဝါး ပူး ကပ်နေသော ရီဂန်၏ ခန္ဓာကိုယ်ကို ဝင်ရောက် လုံးထွေး ဖက်လှဲချ ပြီး မကောင်းဆိုးဝါးကို မင်း ငါ့ကိုယ်ထဲ ဝင်ပူးရဲရင် ပူးပါဟု ဖိတ်ခေါ်လိုက်သည်။ မကောင်းဆိုးဝါးသည် ကာရာ၏ဖိတ်ခေါ်မှုအရ ကာရာကို ဝင်ပူးစဉ် သတိ မလွတ်သေးသောကာရာသည် ရီဂန်ထံသို့ မကောင်း ဆိုးဝါး ပြန်မထွက်မီ အသက်စွန့်ကာ ပြတင်းပေါက်မှ ခုန်ချလိုက်လေ၏။ ရီဂန်ကား သတိမေ့နေဆဲ … ဖာသာကာရာသည် မကောင်းဆိုးဝါးထုတ်ခြင်းကို အသက်စွန့်ကာ အောင်မြင်အောင် ဆောင်ရွက်ခဲ့ လေပြီ။ ရီဂန်သည် ပြန်လည် ကျန်းမာလာပြီး မိခင် ခရစ်နှင့်အတူ ကောင်းစွာ နေထိုင်၍ ရသွားလေပြီ။

ဤဇာတ်လမ်းမှာ ခရစ်ယာန်တို့၏ မကောင်း ဆိုးဝါး ပူးကပ်မှုနှင့် ပယောဂနှင်ခြင်းဆိုင်ရာ ဘာသာ ရေးအယူအဆနှင့် ဓလေ့ကို တစ်စိတ်တစ်ပိုင်း ဖော် ကျူးထားသော ဟောလီးဝုဒ် ရုပ်ရှင်ကားဖြစ်သည့် The Exorcist (ပယောဂနှင်သူ) ရုပ်ရှင်ဇာတ်လမ်း ဖြစ်သည်။ ထိုရုပ်ရှင်မှာ စာရေးဆရာ ဝီလျံ ပီ ဘလိတ်တီ(William P. Blatty)၏ဝတ္ထုကို ပြန် လည် ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်ပြီး ထိုဝတ္ထုမှာ စာရေးဆရာက ၄င်းငယ်စဉ်က ဘုန်းတော်ကြီးများ ပယောဂနှင်ခြင်း ကိုယ်တွေ့အတွေ့အကြုံကို အခြေ ခံကာ ရေးသားထားကြောင်း သိရပါသည်။ ထိုရုပ်ရှင်ကို ၁၉၇၃ ခုနှစ်တွင် စတင်ပြသခဲ့ရာ လူကြိုက်များလှပြီး ယနေ့အထိ ဒေါ်လာ ၄၄၁ သန်း ဝင်ငွေရရှိသဖြင့် သည်းထိတ်ရင်ဖို ဇာတ်ကားများအနက် ဝင်ငွေအကောင်းဆုံး ဇာတ်ကား ဖြစ်သည့်အပြင် horror movies ဇာတ်ကားများအနက် ပထမဆုံး အော်စကာဆု ဆန်ကာတင်စာရင်းတွင် ပါဝင်သော ဇာတ်ကားဖြစ်ခဲ့သည်။

အထက်ပါ ရုပ်ရှင်ကားသည် ခရစ်ယာန် ဘာသာ ဘုန်းတော်ကြီးများ၏ ပယောဂနှင်ခြင်းအစီ အရင်ကို သရုပ်ပေါ်အောင် ဖော်ပြနိုင်သည့် ပထမ ဆုံးသော ရုပ်ရှင်ကားဖြစ်ပြီး နောက်ပိုင်းတွင် အလား တူ ပယောဂနှင်ခြင်းဆိုင်ရာ သည်းထိတ်ရင်ဖိုကား အများအပြား ရှိသေးသည်ဖြစ်ရာ ခရစ်ယာန် ဘာသာ တွင် ပယောဂနှင်ခြင်းအတွက် ဘုန်းတော်ကြီးများကို အာဏာအပ်နှင်းထားပုံကို ဗဟုသုတအဖြစ် တင်ပြ လိုပါသည်။

ခရစ်ယာန်ဘာသာကက်သိုလစ်ဂိုဏ်း၏အစဉ်အလာ

ခရစ်ယာန်ကက်သိုလစ်ဂိုဏ်းတွင် မကောင်း ဆိုးဝါး ပူးကပ်ခံရသူများအား ပယောဂနှင်သည့် အာ ဏာကို ဘုန်းတော်ကြီး(priests)များသို့ အပ်နှင်း ထားသည်။ သို့ရာတွင် ခရစ်ယာန်ဘာသာဝင်တိုင်း သည် ခရစ်တော်၏ နာမတော်ကို သုံးကာ မကောင်း ဆိုးဝါးကို နှင်ထုတ်ခွင့်ရှိကြောင်း ကျမ်းစာများ အရ ဥပဒေသရှိပါသည်။ ခရစ်တော်ကိုယ်တိုင် ပယောဂ နှင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ဘုရားကျောင်းများသည် ခရစ်တော်ထံမှ ပယောဂနှင်ခြင်း အာဏာနှင့် စီရင်ခွင့် ရုံးကို ဆက်ခံရရှိသည်ဟု ဘုရားကျောင်းများက ဆိုပါ သည်။ ကက်သိုလစ် ဘုရားကျောင်းများသည် ၁၉၉၉ ခုနှစ်တွင် ပယောဂနှင်ခြင်း အခမ်းအနားနှင့် ပတ် သက်ပြီး ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းအပိုဒ် (၁၃) တွင် ဒေသ၏ ဘိရှော့ ဘုန်းတော်ကြီးသည် လက် အောက်ဘုန်းတော်ကြီးတစ်ဦး(priests)ကို ပယောဂ နှင်သူ(exorcist)အဖြစ် ကိစ္စတစ်ရပ်ခြင်းအတွက် ဖြစ်စေ၊ အမြဲတမ်းအတွက် ဖြစ်စေ ခန့်အပ်ရမည် ဟုဆိုကြောင်း သိရပါသည်။

ခရစ်ယာန်ဘာသာဝင် အချို့တွင် မကောင်း ဆိုးဝါး ပူးကပ်ခြင်း အယူအဆကို လက်ခံလာသည်  မှာ ရာဇဝင်နှင့်ချီရှိခဲ့ပြီး ခေတ်အဆက်ဆက် မကောင်း ဆိုးဝါး ပူးကပ်ခြင်းကို ဘုန်းတော်ကြီးများက နှင်ထုတ် ကုသပေးရာ ကုသသည့် အခမ်းအနားမှာ အသေး စိတ်ဆောင်ရွက်ရမည့် အဆင့်များ သတ်မှတ်ထားပြီး ဘုရားရေစင်ဖြင့် ဖြန်းခြင်း၊ ခရစ်ယာန် ဘုရားစာများ ရွတ်ဖတ်ပေးခြင်း၊ ဘုရား၏အာဏာဖြင့် ပူးကပ်နေ သည့် မကောင်းဆိုးဝါးကို အမိန့်ပေးကာ ပူးကပ်ခြင်း မှ ထွက်ခွာရန် နှင်ခြင်း၊ ဆက်လက် အနှောင့်အယှက် မပေးတော့ပါဟု ကတိပြုစေခြင်း စသည့်အဆင့်များ ပါဝင်ပြီး အဆင့်လိုက်ရွတ်ဖတ်ရမည့် ကျမ်းစာများကို လည်း သတ်မှတ်ပေးထားကြောင်း သိရပါသည်။

ခရစ်ယာန်ဘာသာ အယူအရ ပယောဂ ပူး ကပ်သူများကို ကုသပေးရာ၌ အောင်မြင်သည်များရှိ သလို ပယောဂ မပျောက်ဘဲ ကုမရသည့်အဖြစ်များ၊ ကုသရင်း သေဆုံးရသည့် အဖြစ်များလည်း ရှိပါသည်။ ခရစ်ယာန်ဘုရားကျောင်းများတွင် ပယောဂနှင်ခြင်း ကို ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများထားရှိရာ ၁၆ ရာစုနှစ်ခန့်မှစပြီး ထူးခြားသည့်ပယောဂနှင်ခြင်းများကို အင်တာနက်မှ wikipaedia ဝက်ဆိုက် စာမျက် နှာများတွင် တွေ့ရပါသည်။

ခရစ်ယာန် သူတော်စင် စိန့်ဘွဲ့ထူး အပ်နှင်း ခံရသည့် နာမည်ကျော် သီလရှင် မာသာထရီဆာ သည် အသက်အရွယ် အိုမင်းလာသည့်အချိန်တွင် အိပ်စက်ရင်း တုန်လှုပ်ခြောက်ခြားမှု ခံစားနေရစဉ် ထိုဖြစ်ရပ်သည် မကောင်းဆိုးဝါး၏ နှောင့်ယှက်မှု ကြောင့် ဖြစ်ရသည်ကို ကာလ်ကတ္တားမြို့မှ ခရစ် ယာန်ဂိုဏ်းချုပ် ဖာသာဟင်နရီဒီဆူဇာ(Henry D’Souza)က တွေ့ရှိသဖြင့် ပယောဂနှင်ခြင်းကို ဆောင် ရွက်ပေးခဲ့ရကြောင်း မှတ်တမ်းရှိပါသည်။

၂၀ဝ၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Tanacu Exorcism အမှုတွင် ရိုမေးနီးယားနိုင်ငံမှ စိတ်ဝေဒနာ ရှင် ခရစ်ယာန်သီလရှင်တစ်ဦးသည် ဒင်နီယယ်ပီတာ ကော့နူးအမည်ရှိ Priest ဘုန်းတော်ကြီးက ပယောဂ နှင်သည့် ကုသမှုဆောင်ရွက်ရင်း သေဆုံးခဲ့ရသည်။ ၂၀ဝ၇ ခုနှစ် အောက်တိုဘာလတွင် နယူးဇီလန် နိုင်ငံ ဆင်ခြေဖုံးတစ်နေရာတွင် ဆောင်ရွက်ခဲ့သော Makutu lifting  ခေါ် စုန်းပြုစားခြင်းနှင့် ပယောဂ တိုက်ခြင်းကို ဖယ်ရှားကုသသည့်အမှုတွင် အမျိုးသမီး တစ်ဦး ရေမွန်းကာ သေဆုံးပြီး ကလေးတစ်ဦး ဆေးရုံတင် ကုသရသည်အထိ ဖြစ်ပွားခဲ့သဖြင့် တရားရုံးသို့ ရောက်ခဲ့သည်။

မြန်မာလူမျိုးများ သတိပြုရန်

မြန်မာလူမျိုးများအတွက် သတိပြုရန် အချက် မှာ ပူးခြင်းကပ်ခြင်း၊ ပယောဂဝင်ခြင်းဟူသည် မိမိတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများတွင်သာ မဟုတ်၊ ကမ္ဘာ အရပ်ရပ်ရှိ လူမျိုးဘာသာ ပေါင်းစုံတွင် ကြုံတွေ့ရ သော ထူးဆန်းသည့် အခြင်းအရာဖြစ်သည်။ ယုံမှား ကိုးစား လွန်ခြင်းကား ဘယ်ဘာသာတွင်မှ မရှိသင့်။ မိမိနှင့် နီးစပ်ရာ တစ်ဦး စိတ်ကစဉ့်ကလျားဖြစ်၍ ပယောဂ နှင်လိုပါက လူနာ၏ရုပ်ပိုင်းဆိုင်ရာ ထိခိုက် သည့် ရိုက်နှက်ခြင်း၊ ရေနှစ်ခြင်း မီးနှင့်ရှို့ခြင်း၊ စူး ဖြင့်ထိုးကုသခြင်းများကို လူနာရှင်က ခွင့်မပြုသင့်ပါ။ ၂၁-၁၀-၂၀၁၆ ရက်က ရန်ကုန်တိုင်းတွံတေးဝ မိုင် ၂၀ အရှေ့ကွင်းတွင် ပယောဂနှင်ပွဲ၌ ကလေး သုံးဦး ကို ပယောဂဆရာက ထိုးကြိတ်ကိုင်ပေါက်သဖြင့် မိန်းကလေးနှစ်ဦးနှင့် ယောကျာ်းလေး တစ်ဦး သေ ဆုံးပြီး တစ်ဦး ဆေးရုံတင်ကုသခဲ့ရသည့် သတင်း ပါရှိခဲ့ပြီး ပယောဂဆရာမှာလည်း လူသတ်မှုဖြင့် အမှုဖွင့် အရေးယူခံရသည့် ဖြစ်ရပ်မှာ သင်ခန်းစာ ယူသင့်သည့် ဖြစ်ရပ်ပါသည်။

 

ဇေယျမင်းမင်းဝင်း