လပြည့်နေ့ ဝိဇ္ဇာ ဝပြော အလှူတော်

တစ်ခါက ကျွန်ုပ်သည် စာအုပ်ဖြန့်ချိရေး လုပ်သားတစ်ဦးအဖြစ် ပင်ပမ်းဆင်းရဲစွာ အသက်မွေး ခဲ့ရဖူးလေ၏။ ထိုအလုပ်မှာ တစ်ပတ်လျှင် ၆ ရက် အလုပ်ဆင်းရ၏။ တနင်္ဂနွေ ၁ ရက်သာ နားရ၏။ ကျန်သောရက်များတွင် နံနက် ၉ နာရီခန့်မှစ၍ ညနေ ၅ နာရီခန့်အထိ တစ်နေကုန် ပြေးပြေးလွှား လွှားဖြင့် လုပ်ကိုင်ရသောအလုပ်မျိုးဖြစ်လေ၏။

စာအုပ်ဖြန့်ချိရေးအလုပ်ဟု ဆိုရာ၌ တာဝန် အဆင့် အမျိုးမျိုးရှိနေလေရာ ကျွန်ုပ်၏တာဝန်မှာ အနိမ့်ဆုံး အလုပ်ကြမ်း ကုန်ထမ်းသမားတစ်ဦး၏ အဆင့်မျိုးသာလျှင်ဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း အနည်းဆုံး ဖြစ်လေတော့၏။

ကျွန်ုပ်သည် နံနက် ၈ နာရီခန့်တွင် ထမင်း စားလေ့ရှိ၏။ များသောအားဖြင့် ဆန်နို့ဆီဘူး ၁ ဘူးခွဲခန့်ကို ချက်ပြီး ထမင်းချက်သည့်အထဲတွင် ကြက်ဥတစ်လုံးကိုပါ ပစ်ထည့်ထားလိုက်ကာ ထမင်း နပ်လျှင် ကြက်ဥကို အခွံခွာပြီး တစ်ဝက်ခြမ်းရလေ ၏။ ပြီးလျှင် ထမင်း၌ ဆီအနည်းငယ်ဆမ်း၊ ဆာ ဖြူး၍နယ်ဖတ်ကာ ကြက်သွန်နီဥတစ်ဥကို တဂျွမ်း ဂျွမ်းကိုက်လျက် ကြက်ဥပြုတ်တစ်ခြမ်းဖြင့် စားလေ တော့၏။ ထိုထမင်းသည်ပင် ကျွန်ုပ်အဖို့ နံနက်စာနှင့် နေ့လယ်စာ ခွဲတမ်းအပြီး ဖြစ်လေတော့၏။

ထမင်းစားပြီးသည်နှင့် ပေါက်ပြဲနေသော လွယ်အိတ်စုတ်ကလေးကိုလွယ်ကာ ဖနောင့်နှင့် ခြေမအောက်တွင် ပါး၍ပေါက်နေပြီ ဖြစ်သော ဂျပန်ဖိနပ်စုတ်ကလေးကိုစီးလျက် အလုပ်သို့ သွားရ လေ၏။ ကျွန်ုပ်၏ဖိနပ်ကလေးမှာလည်း ကိုယ်ထည် က အပြာရောင်ဖြစ်သော်လည်း သဲကြိုးပြတ်သော အခါ ရရာသဲကြိုးအရောင်ကို ပြန်တပ်ရသောကြောင့် သဲကြိုးမှာ အနီရောင် ဖြစ်နေလေ၏။

ထိုစဉ်က ရန်ကုန်မြို့ကြီးတွင် ဘတ်စ်ကားခ မှာ ၁ ကျပ်ဖြစ်၏။ ဘယ်ကနေ ဘယ်အထိ ၁ ကျပ်၊ ဘယ်မှတ်တိုင်ကျော်လျှင် နောက်ထပ် ၁ ကျပ် ထပ်ပေးရမည် …စသည်ဖြင့် ပေးရလေ၏။ ကျွန်ုပ်၏အလုပ် ရှိနေသောနေရာမှာ ဘတ်စ်ကား ၁ ကျပ်ဖိုးခရီးကျော်ပြီး နောက်ထပ် ၂ မှတ်တိုင်ခန့် သွားရသေး၏။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်သည် ကားခ ၁ ကျပ် ထပ်ကုန်မည်ကို စိုးသောကြောင့် ၁ ကျပ်ဖိုး မှတ်တိုင်ပြည့်သည်နှင့် ကားပေါ်မှဆင်းကာ ၂ မှတ် တိုင်ခန့်ကို လမ်းလျှောက်ရမြဲဖြစ်ပါလေတော့၏။

ကျွန်ုပ်သည် စာအုပ်ဖြန့်သောရက်များဆို လျှင် ရွှေတိဂုံဘုရားလမ်းမှစ၍ ရွှေဘုံသာလမ်း၊ ၂၉ လမ်း၊ လမ်း ၃၀၊ ၃၁ လမ်း၊ ၃၂ လမ်း၊ ၃၃ လမ်း၊ ပန်းဆိုးတန်း … စသည်ဖြင့် ထိုစဉ်က စာအုပ်ဆိုင် များဖြင့် ကြက်ပျံမကျ စည်ကားခဲ့သော လမ်းများတစ် လျောက် စာအုပ်များ လိုက်ချပေးရလေ၏။ ထိုစဉ်က စာအုပ်များ ဖြန့်ရခြင်းမှာ ယနေ့ခေတ်ကဲ့သို့ လက် တစ်ဆွဲ နှစ်ဆွဲကလေး မဟုတ်ပါ။ ဘိုင်းနင်းဟုခေါ် သော စာအုပ်ချုပ်သည့်နေရာမှနေ၍ စာအုပ်များကို လေးဘီးကားများဖြင့် အလီလီအခေါက်ခေါက်တိုက် ပြီး ဆိုင်ပေါက်စေ့ လိုက်ချရခြင်း ဖြစ်လေ၏။ ကား ရပ်၍အဆင်ပြေသော တစ်နေရာတွင် ကားကိုရပ် ထားပြီး စာအုပ်များကို လူကထမ်းပြီး လိုက်ချရခြင်း ဖြစ်လေ၏။

စာအုပ်ဆိုင်များက ၄င်းတို့ယူထားသော အုပ် ရေ ၅၀၊ ၁၀ဝ၊ ၂၀ဝ …စသဖြင့်ကို ဘောက်ချာ လေးများ ပြန်ပေးလိုက်လေ၏။ များသောအားဖြင့် စာအုပ်များ ဖြန်ရာတွင် “အတင်”ဟု ပေးထားခဲ့ရ သည်က များလေ၏။ “အပြတ်”ဟူသော ဖြန့်ချိခြင်း မှာမူ ရှားလှ၏။ နာမည်ကြီးသော စာရေးဆရာများ၊ မဂ္ဂဇင်းများသာ “အပြတ်”ဖြန့်ရ၏။ အပြတ်ဆိုသည်မှာ ယူသလောက်အုပ်ရေကို လက်ငင်း ငွေချေလိုက်ရ သော စံနစ်ဖြစ်ပြီး အတင်ဆိုသောစံနစ်မှာမူ အထက် ကဆိုခဲ့သည့်နှယ် ယူထားသောအုပ်ရေကို ဘောက် ချာလေးများ ပြန်ပေးလိုက်သောစံနစ် ဖြစ်လေတော့ ၏။

ထိုသို့စာအုပ်ဖြန့်သောနေ့များတွင် နေပူ မိုးရွာ မရှောင် ပိုပြီး ပင်ပမ်းကြီးစွာ လုပ်ကိုင်ရလေ၏။ ထိုသို့ ရန်ကုန်မြို့လယ်တစ်ဝိုက် ဆိုင်များကို တစ်နေ ကုန် လိုက်ဖြန့်ရသည့်အပြင် နယ်မြို့များသို့ ပို့ရန် အတွက်လည်း ဆာလာဖျင်အိတ်ဟုခေါ်သောအိတ် များအတွင်းသို့ စာအုပ်များကို စီထည့်ကာ ကြိုးဖြင့် အပ်ဖြင့်ချုပ်ပြီး ကားဂိတ်များ၊ သင်္ဘောဆိပ်များသို့ လိုက်ပို့ရသေး၏။

(ထိုစဉ်က စာအုပ်လောကတွင် ငွေမင်၊ အ မည်းပိတ်၊ ကော်ကပ်၊ အဖြဲဟူသော ဝေါဟာရများ လည်း အထူး ခေတ်စားလေ၏။ စာအုပ်များ မဖြန့်ချိမီ စာပေစိစစ်ရေးဌာနသို့ တင်ပြရလေရာ ゞင်းဌာနက ဘယ်ကဗျာကို ဖြုတ်ပါ၊ ဘယ်အပိုဒ်ကိုခွင့်မပြု၊ ဘယ် ဆောင်းပါး တစ်ပုဒ်လုံး ဖြုတ်ရမည် … စသည်ဖြင့် ညွှန်ကြားလာသည့်အတိုင်း ပုံနှိပ်ပြီးထားသောစာအုပ် များတွင် ငွေရောင်မင်၊ မင်အမည်းတို့ဖြင့်   တစ်မေ့ တမောထိုင်ပြီး ပိတ်ရခြင်း၊စာရွက်များကို ဖြဲထုတ်ရ ခြင်း၊ စာရွက်နှစ်ရွက်ကို ပူး၍ ကော်ဖြင့်ကပ်ရခြင်းများ ပြုလုပ်ကြရလေ၏။ အဖြဲခံရသော၊ ကော်ကပ်၍ အပိတ်ခံရသော စာမူနှင့်တွဲပြီး ပါသွားသောစာမူ (စိစစ်ရေးက ဖြုတ်ခိုင်းခြင်း မဟုတ်သော်လည်း အပိတ်ခံရသောစာမူနှင့် ကံဆိုးပြီးအတွဲလိုက်ပါသွား သောစာမူကို ဆိုက်ကားစီးရသည်ဟုလည်း ခေါ်ခဲ့ ကြလေ၏။)

ထိုသို့ကြုံလာလျှင် အချိန်အခက်အခဲကြောင့် ဘိုင်းနင်းခေါ် စာအုပ်ချုပ်လုပ်ငန်းမှ လုပ်သားများဖြင့် ပင် မလုံလောက်တော့ဘဲ ကျွန်ုပ်တို့လည်း ဝိုင်းရဝန်း ရမြဲ ဖြစ်ပါလေတော့၏။

စာအုပ်ဖြန့်ပြီးနောက်နေ့မှစ၍ ကျွန်ုပ်ပြုလုပ် ရသောအလုပ်မှာ အထက်ကဆိုခဲ့သော စာအုပ်ဆိုင် များမှ ပေးလိုက်သည့် ဘောက်ချာစာရွက်ကလေး များကို အထပ်လိုက် လွယ်အိတ်ထဲတွင်ထည့်လျက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ခြေတိုမတတ် တစ်နေ ကုန် စာအုပ်ဖိုးများ လိုက်တောင်းရသောအလုပ် ဖြစ် ပါလေတော့၏။ အင်အားစိုက်ရသော အလုပ်မဟုတ် စေကာမူ နံနက် ၉ နာရီခန့်မှ ညနေစောင်းအထိ တောက်လျှောက် တစ်လမ်းဝင်တစ်လမ်းထွက် တ တောက်တောက် သွားနေရသောအလုပ် ဖြစ်ပါလေ တော့၏။

တောင်း၍ရလာသော စာအုပ်ဖိုးများကို အ လုပ်ရှင်ထံ စာရင်းနှင့်တစ်ကွ ပြန်အပ်ပြီးမှ အိမ်သို့ပြန် ရ၏။ ထိုသည်မှာ နောက်ထပ် စာအုပ်အသစ်ထွက် သည့်ရက်အထိ နေ့စဉ်ပြုလုပ်ရခြင်း ဖြစ်လေ၏။ စာအုပ်အသစ်ထွက်ခါနီးတွင်မူ စာအုပ်ဖိုးငွေ လိုက် တောင်းခြင်းနှင့်အတူ ရောင်း၍မကုန်သော စာအုပ် များကိုပါ ပြန်သိမ်းရလေ၏။ ဟိုဆိုင်က ၅ အုပ်၊ ဒီဆိုင်က အုပ်၂၀ … စသည်ဖြင့် ဆိုင်များစုလိုက် သောအခါ ဆန်တစ်အိတ်ခန့်ပမာဏ စာအုပ်စည်းကြီး ကိုပါ တောက်လျောက် ထမ်းနေ၊ သယ်နေရခြင်း ဖြစ်လေတော့၏။

ကျွန်ုပ်သည် ညနေစောင်းများ၌ ဗိုက်ပူဟု ခေါ်သောဘတ်စ်ကားကြီးများကို ခြေနင်းခုံပေါ်မှ တွယ်၍စီးကာ အိမ်သို့ပြန်ရ၏။ တစ်နေ့ကုန် ဗိုက်ဆာ နေသမျှ မနက်ပိုင်းက ချန်ထားခဲ့သော (ပုရွက်ဆိတ် တက်နေတတ်သည့်) ထမင်းကျန်တစ်ဝက်၊ ကြက်ဥ ပြုတ်တစ်ခြမ်းတို့ဖြင့် ညစာပွဲတော်ကို တည်ရလေ၏။

ကျွန်ုပ်သည် ဇွဲလုံ့လကြီးစွာဖြင့် ရေကုန်ရေ ခမ်းကြိုးစားနေသော်လည်း ဘဝမှာ မပြောင်ရောင် လာသည့်အပြင် ပို၍ပို၍ပင် မွဲမှောင်လာနေခဲ့လေ၏။ တစ်နေ့တွင် ကျွန်ုပ်သည် အိမ်မှ နာရီဝက်ခန့်စောပြီး ထွက်လာကာ ဆူးလေဘုရားသို့တက်သွားပြီး ဘုရား ရှိခိုးလေ၏။ ပြန်ဆင်းခါနီးတွင် အသက် ၇၀ နှစ်နီးပါး ခန့်ရှိပြီဟုထင်ရသော ရောဂီအညိုရောင်ဝတ်ဆင် ထားသည့် အဘွားကြီးတစ်ဦးသည် ကျွန်ုပ်အနီးသို့ ရောက်လာပြီး –

“လူလေးရေ … အမေ့ကို တစ်ခု ကူညီပါ ကွယ် …”ဟု ပြောလေရာ ကျွန်ုပ်ကလည်း –

“ဘာများ ကူညီရမှာပါလဲခင်ဗျ ..၊ ပိုက်ဆံ အလှူခံမှာဆိုရင်တော့ ကျွန်တော်ကတောင် ပြန်ပြီး အလှူခံရလိမ့်မယ်အမေရေ …။ ကျွန်တော့်ဟာ ကျွန်တော်တောင် ထမင်းက ဝချင်တာမဟုတ်ဘူး” ဟု ပြန်ပြောလိုက်မိလေ၏။ အဘွားကြီးက သွား မရှိတော့သောပါးများ ခွက်ဝင်သည်အထိ ပြုံးလေ၏။ ထို့နောက်တွင်မှ –

“ထမင်းက ဝသွားမှာပါကွယ်။ ဒီနေ့မှ တိုက် တိုက်ဆိုင်ဆိုင် ဘုရားပေါ်မှာ သီလရှင်ဆရာလေးတွေ မတွေ့မိဘူးဖြစ်နေတယ် …၊ ဟောဒါလေးတွေကို သီလရှင်လေးတွေဆီ လှူပေးပါလားကွယ်။ အမေက အခု အဓိဋ္ဌာန်ပုတီး အချိန်နဲ့စိပ်ရမှာမို့ပါကွယ်” ဟုပြောပြောဆိုဆို တစ်ထွာခန့် ပုလင်းလေး ၃ လုံးနှင့် ပရုတ်ဆီ ၁ ပုလင်းကို လှမ်း၍ပေးလေ၏။ ကျွန်ုပ် လည်း ဘုမသိဘမသိဖြင့် ယူထားလိုက်မိလေ၏။

အဘွားကြီးသည် သူ၏လွယ်အိတ်အတွင်းမှ ပုတီးကြီးကို တုန်ချိတုန်ချိလက်အစုံဖြင့် ထုတ်ယူ နေရင်းမှ –

“ဒီလိုကွယ် …၊ ဒီနေ့က လပြည့်နေ့လေ။ လူလေး မှတ်ထား …။

လပြည့်နေ့ရောက်တိုင်း သင့်တော်ရာ ပုလင်းလေးတစ်လုံးထဲမှာ ဆန်ထည့်၊

အဲသလိုပဲ ဆီတစ်ပုလင်း၊ ဆားတစ်ပုလင်းလည်း ထည့်၊

ပြီးတော့ သင့်တော်ရာ ဆေးတစ်ပုလင်းနဲ့အတူ အဲဒီပုလင်း ၄ လုံးကို လင်ပန်းလေးတစ်ချပ် မှာတင်ပြီး

အိမ်က ဘုရားမှာပဲ လှူရတယ်ကွယ့်။

၁ လပြည့်တဲ့ လပြည့်နေ့ရောက်ရင် ဘုရားဆီက ပြန်စွန့်ပြီး သီလရှင်လေးတွေကို လှူလိုက်ကွယ့်။

ပုလင်းဆိုတာ နဝင်းကွယ့်၊ လင်ပန်းဆိုတာ နဝင်း ကွယ့်၊ လပြည့်ဆိုတာ နဝင်းကွယ့်၊ ပြည့်ဝသော နိမိတ်ကွယ့်။ ဆန်ဆီဆေးဆား ဆိုတာတွေက လူ တွေရဲ့ မရှိမဖြစ် အဓိက အခြေခံအရာတွေကွယ့်။ အဲဒီကုသိုလ်လေး လစဉ်ပုံမှန်လုပ်ပေး …။ ငါ့သား ထမင်းဝရုံမျှမက လိုအပ်နေတဲ့သတ္တဝါတွေကိုပါ ကယ်ပံ့နိုင်လာပါလိမ့်မယ်၊ ဝိဇ္ဇာဝပြော အလှူတော် ပေါ့ကွယ် …” ဟု

လိုရင်တိုရှင်းပြော၍ ဘုရားဝတ် ပြုကာ ပုတီးစိပ်နေပါလေ တော့၏။

ကျွန်ုပ်လည်း ထိုအဘွားကြီးမှာကြားသည့် အတိုင်း ဆန်ဆီဆေးဆားပုလင်းလေးများကို သီလ ရှင်လေးများအား လှူလိုက်၏။ မိမိကိုယ်တိုင်လည်း မှတ်မှတ်သားသား ဂရုစိုက်လျက် လပြည့်နေ့တိုင်း ထို ဝိဇ္ဇာဝပြောအလှူကလေးကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်ဖြစ်ရာ အလုပ်များ ပင်ပမ်းရကျိုးနပ်လာ သည့်အပြင် ကံတရားအခွင့်အလမ်းကောင်းများ လည်း ဆင့်ကာဆင့်ကာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါ သည်။

ကြက်ဥပြုတ်ကလေးတစ်လုံးကို မနက် တစ်ခြမ်း၊ ညတစ်ခြမ်းခွဲတမ်းချပြီးစားခဲ့ရသော ကျွန်ုပ် သည် ယခုအခါ သူဌေးကြီး မဖြစ်သေးသော်လည်း ယခု စာဖတ်နေသူမိတ်ဆွေများအနေနှင့် ကျွန်ုပ်ထံ ထမင်းလာစားကြမည်ဆိုပါလျှင်မူ ဧည့်ဝတ်ကျေပွန် ရန် အပမ်းမကြီးလှကြောင်းပါခင်ဗျား …။   ။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ