မိန်းကလေးများအတွက် သီးသန့် ဗေဒင်

မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့
မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ … တခါတရံ တခုလပ်၊ အိမ်ထောင်ပျက်အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ၊ မေတ္တာရှိကြောင်း ပြောလာတာ၊
လက်ထပ်ခွင့်ပန်လာတာတွေ ရှိပါလိမ့်မယ်…။

ရင်ခုန်ရတာ တဖက်၊ ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံး တကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။

တကယ်ချစ်မချစ် တွက်စစ် ကြည့်ကြမယ်နော်…။

အဆင့်(၁)

ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေ အဖြစ်ပြောင်းပါ။ အက္ခရာနဲ့ သင်္ချာဂဏန်း တွဲပြထားပါတယ် ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း

အ ၊ ဥ၊ သြ = ၁

က ခ ဂ ဃ င = ၂

စ ဆ ဇ ဈ ည = ၃

ယ ရ လ ဝ = ၄

ပ ဖ ဗ ဘ မ = ၅

သ ဟ = ၆

ထ တ ဒ ဓ န = ၇

ဥပမာ ကိုအောင်ကျော်ဌေး ဆိုပါတော့ ရှေ့က (မောင်၊ ကို၊ ဦး) အစရှိတာတွေကိုဖယ်။

အောင်ကျော်ဌေး = အ + က + ဌ = ၁ + ၂+ ၇ = ၁၀

ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)

နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်းနဲ့ ပေါင်းထားပါ။

မွေးနေ့မွေးနံ သင်္ချာဂဏန်း

တနင်္ဂနွေ ၁

တနင်္လာ ၂

အင်္ဂါ ၃

ဗုဒဟူး ၄

ကြာသပတေး ၅

သောကြာ ၆

စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..

မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။

ချစ်ရေးဆိုခံရသူအသက် = ၂၅

ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာနံ = ကြာသပတေး = ၅

အသက် + မွေးနံသင်္ချာ = ၂၅ + ၅ = ၃၀

ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်ကရလဒ်နဲ့ ချစ်ရေးဆိုခံရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်…။

အဆင့် ၁ ရလဒ် = ၁၀

အဆင့် ၂ ရလဒ် = ၃၀

၂ ခုပေါင်း = ၁၀+၃၀ = ၄၀

၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်….။

နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း ၁

ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လည်း အပေါ်ယံ ပြောတာ။ တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ မရှိသေးဘူး။

သူ့မှာ ဖြေရှင်းစရာ၊ ရင်ဆိုင်စရာ မိဘအသိုင်းအဝိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘဝနဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာ မဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ..။

အကြွင်း ၂

ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။
သူတကယ် ကို့ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ
အားလုံး ကို့ကိုပုံပေးပြီး အဖြေတုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထားကို လိုလားတဲ့ အခြေအနေများရှိရင် လက်ခံသင့်တဲ့သူပါ။

တခုတော့ရှိတယ်နော်။ သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း ၃

ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့။ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျ တွဲချင်တာပဲ ရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့အနေအထားတော့ မဟုတ်ဘူးနော်။

လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင် မသိ။ ကိုက လက်ခံမိရင် ကို့အပြင် သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်၊ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။ မိတ်ဆွေလောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း ၄

ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကိုမြတ်နိုးနေတာမှ သဲသဲလှုပ်ပဲ။ ကို့အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။

ဒီ မေတ္တာစကား ပြောဖို့တောင် တော်တော်အရှိန်ယူရ ပုံပဲ။ ကို့အပေါ် သူတတ်အားသလောက် တင့်တင့်တယ်တယ် ထားမှာအမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအဝန်း၊ သူ့အနေအထားတွေကို မိန်းကလေးပီပီထည့်တွက်ပေးမယ်။

အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ။ လက်ခံလို့ ရတယ်။ သူဘက်က လက်ထပ်ဖို့သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။

အကြွင်း ၅

ရပါက သူကိုယ်တိုင်တောင် ဒီစကားပြောတာ သေချာရဲ့လား မသိနိုင်ဘူး။ တခါတလေကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုကမူပြီး အချိန်ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာ မဟုတ်ဘူး။

သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနလုံးရော ရှိရဲ့လား..။
ဆိုတာကို လေ့လာ၊ သူ့စိတ်သူ့ပါတ်ဝန်းကျင်နဲ့ ကိုယ်အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။
ငြင်းစရာ မရှိလောက်အောင်ပြည့်စုံလို့ လက်ခံမယ်။ ကိုက ချစ်သာနေပြီး မဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း ၆

ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူဆိုတာ သတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ ကိုယ်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှ ာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။

အသက်အနေအထား ဖြတ်သန်းရတဲ့ ဝန်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။
တကယ်လက်ထပ်သင့်တဲ့ သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလို တကယ်လိုက်မှာ။
ရေရှည်တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအဝိုင်း သူ့မိဘသူ့အသိုင်းအဝိုင်းသာ စပ်ဟပ်လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။

အကြွင်း ၀

ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ်ထုတ်ထဲ ကိုယ့်ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီသာမှတ်။

ရှေးစကားနဲ့ပြောတာ မှတ်မိသေးတယ်။ ဒူးနဲ့ မျက်ရေသုတ်နေရမယ်။ သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မဝယ် မိန်းကလေးများဆိုရင်တော့.. တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့ များသွားမတွဲနဲ့ ယူလို့လဲမကောင်း၊ မယူမိရင်လဲ လိုက်နောင့်ယှက်ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။

အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသားလူတွေနဲ့ ပတ်သတ်ပြီး တွက်ကြည့်ချင်ရင် တစ်ဖက်လူ ကို့ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်း ဘယ်အသက်မှာ ဘယ်နာမည်မျိုးနဲ့လူက အချစ်စစ် ကမ်းလှမ်းလာမယ်ဆိုတာ ဉာဏ်ကစားပြီး တွက်ကြည့်ပေါ့နော့်..။

Credit : tameelay