တစ်နေ့သ၌ ရွှေပြည်သာမြို့နယ်၊ ဘုရားလေး မှတ်တိုင်အနီး၊ အောင်သစ္စာ(၆)လမ်းရှိ ကျွန်မ၏ ဗေဒင်ဟောခန်းကလေးရှိရာသို့ ဒေါ်မိုးမိုးမြ ဆိုသော အဒေါ်ကြီးတစ်ဦး ရောက်ရှိလာပါသည်။ ကျွန်မက –
“ဒေါ်မြရေ …မတွေ့ကြတာတောင် ကြာပြီပဲ …”
“ကြာဆို ကြားထဲမှာ တစ်ခေါက်လာသေးတယ် …၊ ဆရာမတို့ ဆရာဇင်ယော်နီနဲ့ မြစ်ကြီးနားဘက်ကို ဘုရားဖူးထွက်သွားကြတယ်ဆိုလို့ ပြန်သွားရတာ …၊ အခုလည်း လာသာလာရတာ ရှိမှ ရှိပါ့မလားလို့ စိတ်ပူပူနဲ့ လာရတာဆရာမရေ …”
“ကဲ …မပူနဲ့တော့ …၊ အခု တွေ့ပြီပဲဟာ …”
“မပူတော့ပါဘူး ဆရာမရယ် …၊ ဆရာမတို့နဲ့တွေ့ရင် စိတ်ကချမ်းသာပြီးသားပါ …၊ အခုလည်း ကျန်းမာရေးကိစ္စအတွက် အဓိကလာခဲ့တာ ပါဆရာမရယ် …၊
အခုတလော ကျန်းမာရေးက တစ်ခုပြီးတစ်ခု ညံ့နေတယ် …၊ ဒီရောဂါပြီးတော့ ဟိုရောဂါ၊ ဟို ရောဂါပြီးတော့ ဒီရောဂါ ဆက်နေတာပါပဲ …၊ ဆေးခန်းတွေ ဆရာတွေလည်း တော်တော်စုံနေပြီ၊ ပြီးတော့ ရောဂါအဖြေကို စောင့်နေရတာတွေကလည်း ရှိသေးတယ် …၊ အဲဒီလောက် ကြုံလာ တော့လည်း စိတ်ဓာတ်ကျတာပေါ့ ဆရာမရယ် ..”
“ဟုတ်ပါပြီ ဒေါ်မြရေ၊ နေထိုင်းမကောင်း ဖြစ်တဲ့အခါ ဆရာဝန်ဆီတော့ အဓိကသွားရမှာပေါ့၊ ကျွန်မတို့ဆီကတော့ ကံရဲ့အပံ့အပိုးအဖြစ်၊ ဆေးစွမ်းထက်ဖို့၊ ဆရာကောင်းတွေ့ဖို့ လုပ်ပေးလိုက်မှာပေါ့နော် …”
“ဟုတ်ကဲ့ပါဆရာမရယ် ..၊ ဘာလုပ်ရမလဲ ပြောပါဦး …”
ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ကျွန်မတို့အဘ မင်းသိင်္ခ အလေးအနက် အသုံးပြုမှာကြား ခဲ့သော နည်းကလေးတစ်ခုကို ကျွန်မတို့ လက်ကိုင်ထားမြဲ၊ လမ်းညွှန်မြဲ ဖြစ်ပါသည်။ ထိုနည်းကလေးမှာ သင်္ဘောသီးကြက်လျှာယတြာဟု ခေါ်ပါသည်။
ပြုလုပ်ပုံမှာ သင်္ဘောသီး အစိမ်းတစ်လုံးကို သင့်လျော်သော ကြွေပန်းကန်လုံးလေးတစ်လုံးပေါ်၌ ငြိမ်နေအောင်၊ ထောင်နေအောင် တင်ထားလိုက်ပါ။ ထိုသင်္ဘောသီး၏ ပတ်ပတ်လည်တွင် ကြက်လျှာရောင်စုံ (၉)လက် စိုက်ပါ။
ကြက်လျှာတစ်လက်စီပေါ်တွင် လူနာ၏ နေ့သား၊ အမည်နှင့် ခံစားနေရသော ရောဂါဝေဒနာများ ပျောက်ကင်းပါစေဟု ရေးပါ။ ပြီးလျှင် သင်္ဘောသီး၏ထိပ် အညှာပေါ်၌ ဖယောင်းတိုင်တစ်တိုင်စိုက် ထွန်းပြီး ဘုရားတွင်လှူပါ။
သင်္ဘောသီး မှည့်ပျော်လာသောအခါ လူနာ၏ ဘုမ္မိအရပ်တွင် စွန့်နိုင်ပါသည်။ ဘုမ္မိအရပ်များမှာ တနင်္ဂနွေသားသမီးအတွက် တောင်အရပ်၊ တနင်္လာ သားသမီးအတွက် အနောက်တောင်အရပ်၊ အင်္ဂါသား သမီးအတွက် အနောက်အရပ်၊ ဗုဒ္ဓဟူးသားသမီးအတွက် အနောက်မြောက်အရပ်၊ ကြာသပတေး သားသမီးအတွက် အရှေ့မြောက်အရပ်၊ သောကြာသားသမီးအတွက် အရှေ့တောင်အရပ်၊ စနေသားသမီးအတွက် မြောက်အရပ်တို့ ဖြစ်ကြပါသည်။
ကျွန်မလည်း ဒေါ်မိုးမိုးမြအား ထိုယတြာနည်းကို ပြောပြ၍ အသေအချာပြုလုပ်ရန် မှာကြားခဲ့ပါသည်။ ထိထိရောက်ရောက် အစွမ်းထက်ကြောင်း သတင်းကောင်းကို ပြန်လည်ကြားသိခဲ့ရပါသည်။