အပင်းအလျှို

အဘိုးအောင်စိန်ကို ပယောဂ၊ အတိုက်အခိုက်၊ အပင်းအလျှို နိုင်သည်ဟု ဆိုကြသည်။ ကျွန် တော်တို့ သိထားသည်မှာ အဘိုးအောင်စိန်သည် တိုင်းရင်းဆေးကု ဗိန္ဓောဆရာတစ်ဦးဖြစ်၏။ အဘိုး အောင်စိန်၏ မျက်နှာသွင်ပြင်သည် တည်ကြည်ခန့် ညား၏။ အသားဖြူသည်။ အသက် ခုနစ်ဆယ်ကျော် ပြီဖြစ်၍ ဆံဖြူ၊ သွားကြွေ၊ ပါးရည်၊ နားရည်များ တွန့်လျက်ရှိနေ၏။ ကျိုးတိုးကျဲတဲ ဖြူရော်နေသော ဆံပင်ကို အရှည်ထား၍ ဆံထုံးသေးသေး ထုံးထား လေ့ရှိသည်။ ကွမ်းစားလွန်းအားကြီးသဖြင့် သွားနှင့် ပါးစပ်တစ်ခုလုံး ကွမ်းဆေးအရောင်ညိုမည်းလျက်ရှိပြီး တစ်ခါတစ်ရံ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ကျင်စွယ် မွေးများကိုပင် ပေကျံညစ်ပတ်နေ သယောင်ရှိလေသည်။ မျက်ခုံးမွေး အထူကြီးဖြစ်သော်လည်း အား လုံးက ဖြူနေပြီး အစွန်မျက်ခုံးမွေးများသည် ရှည် လျားကွေးညွတ်ကျနေ၏။ သဘောကောင်းသူ တစ်ယောက်ဖြစ်ပြီး အားရပါးရ ပြုံးရယ်လိုက်လျှင် မျက် ပေါက်ကလေး ကျဉ်းကျဉ်းဖြင့် ပါးရည်နားရည် အကြောင်းများ ပြတ်ပြတ်သားသား ထင်ရှားကာ ခင်မင် နှစ်လိုဖွယ်ကောင်းလေသည်။
အဘိုးအောင်စိန်သည် ကျွန်တော်တို့ သပြေ ကုန်းရွာသား မဟုတ်ချေ။ သို့သော် ကျွန်တော်တို့ရွာ သို့ ဆယ့်ငါးရက်တစ်ကြိမ်မျှ ရောက်လာတတ်သည်။ သူလာလျှင် ဆေးလွယ်အိတ်ကြီးတစ်လုံး၊ လက်စွဲ အိတ်တစ်လုံး၊ တောင်ဝှေးတစ်ချောင်းဖြင့် တစ်ကိုယ် တည်းလာတတ်၏။ ရွာတွင် နေထိုင်မကောင်းကြ သူများရှိပါက ဆေးကုသပေးရန်ဖြစ်သည်။ ဤသို့ ဖြင့် တစ်ညအိပ်၊ နှစ်ညအိပ်နေပြီး ရှေ့ဆက်၍ တစ်ရွာဝင်၊ တစ်ရွာထွက် ဆေးလိုက်ကုပေးနေသူ ဖြစ်၏။ ကျွန်တော်တို့ သပြေကုန်းရွာသို့ ရောက်လျှင် ကျွန်တော်၏ မိဘများအိမ်တွင် စတည်းချ၏။ ကျွန်တော်အပါအဝင် ကျွန်တော်၏ ဇနီးနှင့် သမီး နှစ်ယောက်စလုံးပင် အဘိုးကို ဖခင်သဖွယ်၊ အဘိုး သဖွယ်၊ စားရေးသောက်ရေး၊ နေရေးထိုင်ရေးမှ အစစအရာရာ လိုလေသေးမရှိ ထားပေးကြသည်။ ရက်ရှည်လများကုသရန် လူနာရှိသော ရွာများတွင် ခုနစ်ရက်တစ်ပတ် စတည်းချနေလေ့ရှိသည်။ ရွာ တိုင်း၊ ရွာတိုင်းတွင် ကျွန်တော်၏ မိဘများအိမ်ကဲ့ သို့ အဘိုးဆရာကြီးအောင်စိန်ကို လိုလေသေးမရှိ ဧည့်ခံထားသော အိမ်များရှိကြလေသည်။
တစ်နေ့သ၌ သူငယ်ချင်းဖြစ်သူ မောင်ကံ သည် ကျွန်တော်၏ထံ ရေးကြီးသုတ်ပြာဖြင့် ရောက် လာပြီး အမောတကောပြော၏။

“ဟေ့ကောင် ငဋ္ဌေး …ဆရာကြီး အောင်စိန် ကို သွားပင့်ရအောင် လိုက်ခဲ့စမ်းပါ”
ထိုအခါ ကျွန်တော်က ပြန်၍ –
“ဘယ်သူ ဘာဖြစ်လို့လဲ”
“ငါ့အမေ ဘာဖြစ်မှန်းမသိဘူး။ ပါးတွေရွဲ့ ပြီး ကိုယ်တစ်ခြမ်းက လက်တွေ၊ ခြေတွေပဲ လှုပ် ရမ်းနေတယ်။ စကားလည်း တဝူးဝူးတဝါးဝါးပဲ ပြော နိုင်တယ်။ ခု အိမ်သားတွေတတ်သရွေ့ မှတ်သရွေ့ ဝိုင်းဝန်းနှိပ်နယ်ပေးနေကြတယ်”
“လေဖြတ်တာလား မသိဘူး”
“လာပါ လေဖြတ်တာတွေ ဘာတွေလုပ် မနေနဲ့ …ဆရာကြီးကိုလိုက်ရှာပြီး ပင့်ရအောင်”
“မင်းဘာသာသွားလည်း ဖြစ်တာပဲ ငကံရ”
“ဟာ မင်းတို့နဲ့ ရင်းနှီးတော့ မင်းပါတော့ ပိုကောင်းတာပေါ့”
သို့ဖြင့်ပင် အဘိုးအောင်စိန်ကို ကျွန်တော်တို့ သပြေကုန်းသို့ပင့်၍ သူငယ်ချင်းမောင်ကံ၏ မိခင် ကိုဆေးကုသခဲ့သည်မှာ သုံးရက်မျှကြာခဲ့လေပြီ။ လူနာမှာလည်း အတော်သက်သာလာနေ၏။ အဘိုး အောင်စိန်သည် ထုံးစံအတိုင်းပင် ကျွန်တော်၏ မိဘများအိမ်တွင် စတည်းချသည်။ လူနာရှင်များ စီစဉ် ပေးသော အိမ်များတွင် မည်သည့်အခါမျှ လိုက်နေလေ့မရှိ။
ယခုဆရာကြီး ကုသပေးလျက်ရှိသော မောင်ကံ၏ အမေရောဂါကို ရွာထဲရှိ ကောလာဟလ စကားများအရ၊ စုန်းတိုက်ခံရသလို၊ နတ်ဖမ်းခံရ သလို၊ အပင်းအလျှိုအသွင်းခံရသလို အမျိုးမျိုး ဝေဖန်ပြောဆိုနေကြလေသည်။ ထိုသတင်းများ ကြောင့် ကျွန်တော်၏ ဇနီးနှင့် သမီးနှစ်ယောက်က လည်း စိတ်ဝင်တစားရှိနေလေ၏။ လူအများပြောဆို နေကြသော ပယောဂ၊ အတိုက်အခိုက်၊ အပင်း အလျှို ဆိုသည့်ကိစ္စများ၊ တကယ်ရှိမရှိလည်း သိလို ကြသည်။ အဘိုးအောင်စိန်ကိုလည်း တိုက်ရိုက်မမေးရဲသဖြင့် ကျွန်တော့်ကို အပူကပ်၍ မေးခိုင်းကြ၏။
တစ်ညသ၌ အဖေတို့၏အိမ်တွင် ဆရာကြီး အဘိုးအောင်စိန် ညစာစားပြီး ကွမ်း၊ ဆေး၊ လက် ဖက်၊ ရေနွေးကြမ်းကရားတို့ဖြင့် အေးအေးလူလူ အနားယူနေစဉ် ကျွန်တော်က –
“အဘိုး …ကျွန်တော့်မိန်းမနဲ့ သမီးနှစ် ယောက်က အပင်းလျှိုတာ ဘယ်လိုဆိုတာ သိချင်လို့တဲ့”
ထိုအခါ ဆရာကြီးက –
“ဟား ဟား ဟား ဒါများအလွယ်လေးကွ။ ကဲ မောင်ဒေး …မင်းရှေ့က ကွမ်းဘူးထဲကနေ ကွမ်းယာ သုံးယာ ယာကွာ ဆေးမထည့်နဲ့။ ပြီးရင် ငါ့လက်ထဲ ထည့်”
ကျွန်တော်သည် ကွမ်းသုံးယာ ယာ၍ အဘိုး အောင်စိန်လက်ထဲသို့ ထည့်ပေးလိုက်၏။ အဘိုးက ကွမ်းများကိုယူ၍ –
“ကဲ ကဲ ရော့ရော့ ဝါးစားကြ၊ မျိုမချကြနဲ့”
ဟုပြောဆိုပြီး ကျွန်တော်၏ ဇနီးနှင့် သမီးနှစ်ယောက်ကို တစ်ယောက်ကွမ်းယာ တစ်ယာစီပေး ၍ ဝါးခိုင်းလိုက်လေသည်။ ကွမ်းတစ်ယာညက်ခန့် ကြာသောအခါ ကျွန်တော်၏ ဇနီးသည် ပါးစပ်မှ အော့အန်၍ ကွမ်းများကိုထွေးချလိုက်လေတော့သည်။
“အော့ အေ့ …အမလေး ဆံချည်ထွေးတွေ ဆံချည်ထွေးတွေ”
သမီးကြီးထံမှ အော့အန်သံများနှင့်အတူ –
“အော့ အော့ အော့ အမလေး ကျောက်ခဲ တွေ ကျောက်ခဲတွေ”
သမီးငယ်ထံမှလည်း အော့အန်၍ အထိတ်တ လန့်ဖြင့် –
“အော့ အော့ အမလေး ဝက်သားတုံးကြီး အမွေးတွေနဲ့အော့”
အဘိုးအောင်စိန်မှာ သူမတို့သုံးဦးကိုကြည့် လျက် ဟက်ဟက်ပက်ပက် ရယ်မောနေလေတော့ သတည်း။
“ဟား ဟား ဟား”

ဋ္ဌေးအောင်စိန်(အင်းမ)