ကျွန်ုပ်နှင့် ရောဂါများ

ကျွန်ုပ်၏ ရုပ်၊ ကျွန်ုပ်၏ ရောဂါတို့သည် လည်း အိုမင်းဆွေးမြေ့သည့် အရိပ်လက္ခဏာများ ပြသလေပြီ။

ရုပ်ကို ပညာရှင်တို့က ရောဂါဟုဆိုကြသည်။ ရုပ်ရှိလျှင် ရောဂါရှိ၏ဟု မိန့်ကြားခဲ့လေ၏။ ဤသို့ဆိုပါလျှင် ရုပ်ရှိနေသော ကျွန်ုပ်အပါဝင် လူ၊ တိရစ္ဆာန်၊ သစ်ပင်ပန်းမာလာ၊ အရာဝတ္ထုမျိုးစုံနှင့် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ ရုပ်အစုစုတိုင်း သည်၊ ရောဂါများပင်ဖြစ်လေတော့သည်။ ရောဂါရှိ ပြီဆိုလျှင် တဖြည်းဖြည်းဆွေးမြေ့ပျက်စီးကွယ်လွန် အနိစ္စရောက်ရသည်သာ ဖြစ်ချေတော့လေသည်။

ကျွန်ုပ်သည် ချူချာသူတစ်ယောက်ဖြစ် သည်။ လူမှန်းသိစအရွယ်ကတည်းကပင် ဖျားနာ ခြင်း၊ ဝမ်းလျောခြင်း၊ ထိခိုက်ရှနာများဖြစ်ခြင်း၊ အနာမျိုးစုံပေါက်ခြင်း၊ သွားကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ရောဂါများကို တစ်မျိုးပြီးတစ်မျိုး လက်ခံရရှိထားသူ ဖြစ်၏။ ယခု အသက်အရွယ် ရလာသောအခါ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ဦးနှောက်မကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်ထုံထိုင်းခြင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ မျက်စိကိုက်၍ မျက်စိမှုန်ခြင်း၊ နားကောင်းစွာ မကြားရခြင်း၊ တစ်ခါတစ်ရံ နားတွင်းမှ အူနေခြင်း၊ သွားများတစ်ချောင်းပြီးတစ်ချောင်း နဲ့၍ ကျိုးကြေပျက်စီးခြင်းတို့ ဖြစ်ပေါ် ခဲ့လေ၏။ ကျွန်ုပ်ရရှိထားသော ရုပ် သို့မဟုတ် ရောဂါသည် တစ်ဖြည်းဖြည်းနှင့် ဆွေးမြေ့ပျက်စီးနေကြလေပြီ။ နောက်ဆုံးတွင် အနိစ္စရောက်ရမည်ကိုလည်း ကျွန်ုပ်သတိထားမိလာလေသည်။

ကျွန်ုပ်သည်ရောဂါမှဖြစ်ပေါ်လာသော ဝေဒနာများကို မခံစားနိုင်သောအခါ ဆေးမြီးတိုများ ဖြင့်လည်းကောင်း၊ ဆရာဝန်များနှင့်သော်လည်းကောင်း ဝေဒနာသက်သာစေရန် ကုသရပြန်သည်။ အချို့ဆရာဝန်တို့သည် ခေတ်မှီစက်ကိရိယာများဖြင့် လိုအပ်သည်များကိုစစ်ဆေးစေ၏။ ထိုအခါ ကျွန်ုပ်တွင် သွေးတိုးရောဂါရှိနေကြောင်း၊ နှလုံးရောဂါရှိနေကြောင်း၊ လေးဖက်နာရောဂါရှိနေကြောင်း၊ လေဖြတ်လေငန်းရောဂါအစပြုနေကြောင်း    မျက်စိတွင် ရေတိမ်များဖြစ်ပေါ်နေကြောင်း၊ ကျိုးနေသော သွားများနေရာတွင် လိုအပ်သည့်သွားများ စိုက်သင့်ကြောင်း၊ စသည်ဖြင့် အကြံပြု၍ ဆေးသောက်ရန်လည်း ညွှန်ကြားပေးကြသည်။ ဆေးမြီးတိုများ မှီဝဲခြင်းနှင့် ဆရာဝန်သမားတော်များ၏ ညွှန်ကြားသော ဆေးများကို သောက်ခဲ့သဖြင့် ဝေဒနာတို့ အထိုက်အလျောက်သက်သာခဲ့ရလေသည်။ တစ်ခါတစ်ရံ ရောဂါကြောင့် ရုပ်အစိတ်အပိုင်းများကို ခွဲစိတ်ဖြတ်တောက်အစားထိုးရန် လိုအပ်ပါက အလျဉ်းသင့်ခဲ့သလို ခွဲစိတ်ဖြတ်တောက်ပြုပြင်ခြင်း ခံရပါသည်။

ရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရကိုမှီသည်ဟု ပညာရှိများကဆိုသည်။ ဤသို့ဆိုလျှင် ရုပ် ဖြစ်သော ရောဂါသည်၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ကို မှီနေရမည်မှာ ဧကန်မလွဲပင်တည်း၊ ကံမကောင်းလျှင်သော်လည်းကောင်း၊ စိတ်မကောင်းလျှင် သော်လည်းကောင်း၊ ဥတုမကောင်းလျှင်သော်လည်းကောင်း၊ အာဟာရမကောင်းလျှင်သော်လည်းကောင်း၊ ရုပ်ခေါ်ရောဂါတို့သည် ဆိုးဝါးစွာ ဖောက်ပြန်ပျက်စီးချေတော့မည်မှာ မလွဲဧကန်ဖြစ်တော့ သည်။ လွန်ကဲလွန်းလျှင် ကွယ်လွန်အနိစ္စ ရောက်ရပေတော့သည်။

ဤတွင် ကျွန်ုပ်သည် ကံကို ဝေဖန်ကြည့်သောအခါ ရိုးရိုးရှင်းရှင်းပင်၊ ကာယကံ၊ ဝစီကံ၊ မနောကံကိုပင် အခြေခံရမည်။ ထိုကံကိုပင် အတိတ် ကံ၊ ပစ္စုပ္ပန်ကံ၊ အနာဂတ်ကံဟူ၍ ကာလပိုင်းခြား စိစစ်ရပေမည်။ အတိတ်ကံကိုဖြင့် ကျွန်ုပ်တို့ ပြုပြင်၍မရတော့ပြီ။ အတိတ်က ကံကောင်းကို ပြုလုပ်ထားခဲ့လျှင် ပစ္စုပ္ပန်ကံကောင်းပေမည်။ ယခု ပစ္စုပ္ပန် ကံကိုတော့ဖြင့် ကျွန်ုပ်တို့ အကောင်းဆုံးရွေးချယ် ဆောင်ရွက်နိုင်ခွင့် ရရှိထားလေပြီ။ ကာယကံ၏ အခြေခံဖြစ်သော ကျွန်ုပ်တို့၏ လှုပ်ရှားမှုများတွင် လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်ကို သတိမူလျက် မိမိတို့၏ ရုပ်သည် လျောင်းခြင်းတွင် လိုအပ်နေပြီလော၊ ထိုင်ခြင်းတွင်လိုအပ်နေပြီလော။  ရပ်ခြင်းတွင် လိုအပ်နေပြီလော၊ သွားလာခြင်းတွင် လိုအပ်နေပြီလော သို့မဟုတ် တစ်စုံတစ်ခုတွင် လွန်ကျူးနေပြီလော ဆင်ခြင်၍ ကာယကံကို ဆောင်ရွက်ရပေလိမ့်မည်။ ဝစီကံဆိုရာ၌ အသံကြောင့် ဖားသေဆိုသည့်စကားပုံအရ၊ မိမိ၏ နှုတ်ထွက်အသံများကြောင့် မိမိတို့၏ ရုပ်ခန္ဓာကြီးပျက်စီးသွားနိုင်ကြောင်း သတိမူ၍၊ နှုတ်ထွက်ဝစီကံကောင်းတို့ဖြင့် ကောင်းစွာစောင့်ရှောက်ရာ၏။ နှုတ်ကြမ်းလျှင်ရုပ်ကြမ်းသည်၊ ရုပ်ကြမ်းလျှင်ပျက်စီးဖို့ရန် များလေတော့သည်။ မနောကံသည်လည်း အရေးကြီး၏။ ကာယကံ၊ ဝစီကံများကို ထင်ရှားစွာ သိမြင်နိုင်သော်လည်း၊ မနောကံမှာ ထင်ရှားစွာမြင်နိုင်ဖို့ရန် ခက်ခဲ၏။ သို့ဖြစ်၍ မနောကံကို ကျွန်ုပ်တို့ မည်သို့ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ရမည်နည်း။ အခြေခံအားဖြင့် မနာလိုဝန်တိုခြင်းနှင့် ပျက်စီးရာပျက်စီးကြောင်း အကောင်းမမြင်စိတ်တို့ဖြင့် တည်နေခြင်းတို့သည် မကောင်းသော ကံအမှုကိုပြုရန် ဦးတည်နေကြပေ သည်။ စိတ်သည်မကောင်းမှု၌ မွေ့လျော်သည်ဟု ရှေးပညာရှိတို့က အဆိုရှိ၏။ ထို့ကြောင့် ရုပ်ခေါ် ရောဂါသည် စိတ်ကို တည်မှီနေသည်ဖြစ်သောကြောင့် စိတ်ကောင်းစိတ်မှန်ဖြစ်စေရန် သတိဖြင့် စောင့်ရှောက်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ရုပ်ခေါ်ရောဂါသည်လည်း စိတ်ပေါ်တွင် တည်မှီနေသောကြောင့်ဖြစ်၏။

ရုပ်သို့မဟုတ် ရောဂါသည် ဥတုပေါ်တွင် တည်ရှိသည်။ ဥတုဆိုသည်မှာ ပူခြင်း၊ အေးခြင်း၊  ခြောက်သွေ့ခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်း၊ အေးခဲစေခြင်း၊ ပျော်ဝင်စေခြင်း၊ မည်းမှောင်ခြင်းစသည်တို့ပင် ဖြစ်လေသည်။ ထိုအခြင်းအရာတို့ကို မိမိတို့ ရရှိထားသော ရုပ်ခန္ဓာကြီးအတွက် လိုအပ်သလို ပြုပြင်ကာကွယ်နေထိုင်နေကြရပေသည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ ရုပ်သဘာဝတို့၏ လိုအပ်ချက်အရ စောင့်ရှောက်နေသင့်၏။ တချို့က အပူဖြင့် သင့်တင့်၍ တချို့မှာ အအေးဖြင့် လျောက်ပတ်သည်။ ထိုကဲ့သို့ပင် ခြောက်သွေ့ခြင်း၊ စွတ်စိုခြင်းတို့ကိုလည်း မိမိရရှိထားသော ရုပ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနေထိုင်ရပေသည်။ အလင်း၊ အမှောင်တို့သည်လည်း ဥတု၏ သဘောသဘာဝ ဖြစ်သဖြင့် သင့်တင့်မျှတစွာ အသုံးချနေထိုင်ရပေမည်။

ရုပ်ခေါ်ရောဂါသည် အာဟာရအပေါ် တည်မှီနေသည်ကိုဖြင့် မည်သူမျှငြင်း၍မရ။ အာဟာရနှင့် ပတ်သက်၍ လူတို့၏ အဆိုအမိန့်တွင် ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက်ဟုပင် တင်စားဆို မိန့်ကြ၏။ ရှေးပညာရှိတို့သည် လူတို့၏ ရောဂါကို ပူခြင်း၊ အေးခြင်း၊ ရေဆာခြင်း၊ အစာဆာလောင်ခြင်း ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ မစွန့်ခြင်းဟူ၍ ရောဂါ အခြေခံခြောက်ခုကိုသာ သတ်မှတ်ထားခဲ့လေသည်။ ယခုခေတ်အခါတွင် ၉၆ ပါးရောဂါတွင်သာမက ရောဂါအမျိုးအမည်မရေတွက်၊ မသတ်မှတ်နိုင်အောင်ပင် ပေါများလှပေသည်။

ရုပ်သို့မဟုတ် ရောဂါတို့ တည်မှီနေသော ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါးရှိသည့်အနက်၊ စိတ်ကိုသတိမူကြည့်လျှင်ပင် စိတ်သာရှင်စော၊ ဘုရားဟော၊ စိတ်ပျိုလျှင်ကိုယ်နု၊ စိတ်ထောင်းတော့ကိုယ်ကြေ စသည်ဖြင့် စိတ်သည် အဓိကအချုပ်ဖြစ်နေသည်။ သို့ဖြစ်၍ စိတ်ကောင်းစေရန် ပြုမူခဲ့လျှင် ရုပ်သည်လည်းကောင်းမွန်မည်။ ရောဂါလည်း ရှင်းပေလိမ့်မည်။ စိတ်သည် အဓိကမူလပင်ဖြစ်ချေတော့သည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ရောဂါများအတွက် စိတ်ကိုကောင်းအောင် ထားသိုရပေလိမ့်မည်။ စိတ်ကို သီလဖြင့်ကောင်းစွာ စောင့်ရှောက်ရာ၏။ ဥပမာ သူများအသက်မသတ်ခြင်း၊ သူတစ်ပါးဥစ္စာမခိုးယူခြင်း၊ မမြင့်မြတ်သော မေထုံအမှုကို ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် လိမ်ညာ သိမ်ဖျဉ်းယုတ်ညံ့သော  စကားများကို မဆိုခြင်း၊ မူးယစ်သေစာများ မမှီဝဲခြင်း တည်းဟူသော ငါးပါးသီလဖြင့် ဦးစွာစောင့်ရှောက်ရာ၏။ ထိုမှအဆင့်တက်၍ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး၊ သီလများနှင့် နှစ်ရာနှစ်ဆယ်၊ ခုနစ်သွယ်သော သီလသိက္ခာတို့ဖြင့် စိတ်ကို ကောင်းသည်ထက် ကောင်းစွာ ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည်ဟု ပညာရှိတို့က မိန့်ဆိုကြလေသည်။ ထိုမှနောက်တစ်ဆင့်တက်၍ သမာဓိဖြင့် စောင့်ရှောက်သင့်ပြန်သည်။ မိမိ၏ ရရှိထားသော ရုပ်၊ ရောဂါ၊ ရုပ်ခန္ဓာကြီးသည် အစဉ်အဆက် ဖောက်ပြန်ပျက်စီးခြင်း၊ အစားထိုး တည်မှီခြင်း၊ တမဟုတ်ခြင်း၊ ပျက်စီးသွားခြင်း ဆိုသည်များကို ဉာဏ်တွင် ဟုတ်တိုင်းမှန်စွာ သိရှိနေသော သမာဓိဖြင့် စိတ်ကို ဆင်ခြင်ပြုပြင်နေရမည်။ နောက်ဆုံးအဆင့်အနေဖြင့် ဝိပဿနာတရားများ ရှုမှတ်အားထုတ်၍ စိတ်အင်အားယူ၍ ရုပ်နှင့်ရောဂါတို့အား ထိန်းသိမ်းရပေတော့မည်။

ကျွန်ုပ်သည် ရောဂါဝေဒနာများ ပြင်းထန်စွာ ခံစားရလေတိုင်း၊ စိတ်အင်အားတို့သည်လည်း ယုတ်လျော့ခဲ့ရသည်။ ထိုအခါများတွင် စေတနာကောင်းသော ခင်မင်ရင်းနှီးသူတို့မှ ပယောဂရှိမရှိ စစ်ဆေးရန်၊ နတ်ဒေဝတာတို့အား ပင့်မြှောက်ပူဇော်ရန်၊ ဗေဒင်ယတြာများ တွက်ချက်၍ ယတြာများချေရန် အကြံပြုလေ၏။ ကျွန်ုပ်၏ ရောဂါများအတွက် မိတ်ဆွေတို့၏ အကြံပြုချက်များ၊ အကြံပေးချက်များကို ကျွန်ုပ်လက်မခံခဲ့ပါ၊ ရုပ်တရားကြီးကို ပိုင်ဆိုင်ထားကြသူ မှန်သမျှတို့သည်ရောဂါများကို ပိုင်ဆိုင်ထားကြသူများဖြစ်ကြသဖြင့် တဖြည်းဖြည်း ရောဂါလောင်ကျွမ်း၍ ဆွေးမြေ့ပျက်စီးအနိစ္စ ရောက်ရမည်မှာမလွဲပေ။

ထို့ကြောင့် ကျွန်ုပ်၏ရောဂါ၊ ကျွန်ုပ်၏ ရုပ်များ သက်တမ်းရှည်ကြာစေရန်အတွက် စိတ်လေ့ကျင့်ခန်းအဖြစ် ဝိပဿနာတရားတို့ကို ရှုမှတ်ပွားများရမည်ဟူသော အသိများဝင်လာခဲ့ရတော့သည်။ ကျွန်ုပ်တို့၏ ရရှိထားသောရုပ်၊ နာမ်၊ ခန္ဓာတို့သည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိကြောင်း၊ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ နည်းများဖြင့် ရှုမှတ်ပွားများကာ ရောဂါ၊ ရုပ်တို့ကို ဆင်ခြင်ရာ၏။

ရုပ်ရှိသူအပေါင်း ရောဂါရှိသည်၊ ရောဂါသည် တဖြည်းဖြည်း ဆွေးမြေ့ပျက်စီးကွယ်လွန် အနိစ္စ ရောက်ရသည်သာဖြစ်၍ သမားတော်ကြီးများ၊ ဆရာဝန်ပါရဂူများသည်လည်း ရုပ်တရားများဖြင့် ဖွဲ့စည်းထားသော ခန္ဓာရှိသောကြောင့် ပျက်စီးကြရသည်။ သို့သော် ကျွန်ုပ်တို့သည် ရရှိထားသော ခန္ဓာကြီးအား သက်တမ်းစေ့နေနိုင်ရန်အတွက် ရောဂါတို့ကို ဆင်ခြင်ကုသနေရပေဦးမည်။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပင် ဂီလာနရောဂါသည်များကို ပြုစုကြရန် မိန့်ဆိုထားပြီး၊ ဘုရားရှင်ကိုယ်တိုင် ဂီလာန ရဟန်းကို ဝတ်ကြီးဝတ်ငယ်ပြုစုပေးခဲ့ကြောင်းလည်း ဖတ်ရှုမှတ်ရပါသည်။ ဘုရားရှင်လက်ထက် သမားတော်အကျော်အမော် ဆရာကြီးဇီဝကသည် ရောဂါကု အထူးတော်သည့် ဆရာတစ်ဆူဖြစ်ခဲ့ကြောင်းလည်း သိခဲ့ရ၏။ လက်ယာရံ၊ လက်ဝဲရံနှင့်  အဂ္ဂသာဝကကြီးများ၊ မကျန်းမမာဖြစ်ခဲ့လျှင်လည်း   ဗောဇ္ဇင်ခုနစ်ပါး တရားတော်များချီးမြှင့်၍ စိတ်ဖြင့်ရောဂါဝေဒနာများ သက်သာစေကြောင်းကိုလည်း ဖတ်မှတ်နာယူခဲ့ရပါသည်။

ကျွန်ုပ်၏ အသက်သည် ယခုအခါ ၆၀ ကျော် လေပြီ။ ကျွန်ုပ်၏ ရုပ်၊ ကျွန်ုပ်၏ ရောဂါတို့သည် လည်း အိုမင်းဆွေးမြေ့သည့် အရိပ်လက္ခဏာများ ပြသလေပြီ။ ကျွန်ုပ်သည် ကွယ်လွန်အနိစ္စရောက်၍ မသေလိုသေးပါ။ သို့ဖြစ်၍ ကျွန်ုပ်ရရှိထားသော ခန္ဓာငါးပါး ရုပ်၊ နာမ်နှစ်ပါးတို့အား အနုပဿနာ လေးမျိုးဖြင့် အလျဉ်းသင့်သလို ကုစားရန်သင့်ကြောင်း ကျွန်ုပ်၏ ကိုယ်ကို ကျွန်ုပ် ဆုံးမရင်းဖြင့်…။ ချမ်းသာခြင်းကို ရကြပါစေ…။

ဌေးအောင်စိန်(အင်းမ)