တရားနာချင်သောဝိညာဉ်မလေး

“ဝုန်း … ဒုန်း … ဒလုံး”

ကျွန်တော်သည် ခေါင်းရင်းအိမ်ရှိ အသုဘ ဖဲဝိုင်းမှ နေအိမ်သို့ပြန်လာသောအခါ အိမ်အပေါ်ထပ် မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။ အသံ များမှာ ကျယ်လောင်လှသော်လည်း၊ အသုဘလာသူ များနှင့် ဖဲရိုက်သူတို့သည် သူတို့အာရုံနှင့်သူတို့ စိတ်ဇောထက်သန်နေသဖြင့် ကျွန်တော်တို့အိမ်မှ အသံဗလံများကို မကြားနိုင်ဖြစ်နေ၏။ ကျွန်တော် သည် အိမ်ပေါ်ထပ်သို့ အပြေးတက်၍ကြည့်လိုက်သည်။

ကျွန်တော်၏မရီးဖြစ်သူ မကြီးစန်းကို ဆံပင် များ ဖိုးရိုးဖားရား၊ အင်္ကျီလုံချည် ဖရိုဖရဲဖြင့် အိမ် ခေါင်းရင်း ပြတင်းပေါက်ဆီသို့ စူးစူးစိုက်စိုက် အံ ကြိတ်၍ မျက်စောင်းထိုးလျက် ကြည့်နေသည်။ သူမ၏ တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲလို့ နေ၏။

“အစ်မ၊ အစ်မ သတိထားလေ … ဘာဖြစ် တာလဲ၊ ဘာဖြစ်တာလဲ”

ကျွန်တော်က ပြာပြာသလဲ မေးနေသော် လည်း သူက ပြန်မဖြေ။ ပြတင်းဆီသို့ လက်ညှိုး ညွှန်ပြသည်။ ကျွန်တော်သည် ပြတင်းတံခါးဆီသို့ သွက်သွက် လှမ်းသွားပြီး အနီးပတ်ဝန်းကျင်ကို ကြည့်သည်၊ ဘာမျှမရှိ။ ထို့နောက် ပြတင်းတံခါးကို ဖွင့်ကြည့်သည် မီးရောင်အောက်များတွင် ခေါင်း ရင်းအိမ်ရှိ ဖဲဝိုင်းမှ လူများကိုဟိုတစ်စု၊ သည်တစ်စု လှမ်းမြင်နေရ၏။ သူတို့ကလည်း သူတို့ဖဲကိစ္စကိုသာ စိတ်ဝင်စားလျက် ရှိနေကြသည်။ ကျွန်တော်သည် ပြတင်းတံခါးပိတ်၍ အစ်ကိုထံ ဖုန်းဆက်ရလေ တော့သည်။

“အစ်ကို ဒီမှာမကြီးစန်းဘာဖြစ်မှန်းမသိဘူး၊ အမြန် ပြန်လာခဲ့”

အစ်ကို၏ သုံးဘီးဆိုင်ကယ်(တုတ်တုတ်) အိမ်ခြံဝင်းအတွင်းသို့ ထိုးဆိုက်သံကြားလိုက်ရ၏။ ထို့နောက် အစ်ကိုသည် အိမ်အပေါ်ထပ်သို့ အလျှင် အမြန်တက်လာပြီး မြင်ကွင်းကိုကြည့်၍ အံ့အားသင့် နေရင်းမှ သူ့ဇနီးထံ အပြေးလှမ်းလာ၍ –

“အစမ်း အစမ်း သတိထား၊ သတိထား၊ ဘာဖြစ်လို့လဲ အစ်ကို့ကိုပြော” စသည်ဖြင့် ပွေ့ဖက် ချောမော့ မေးမြန်းလေသည်။ ထို့နောက် –

“ညီလေး … ကြီးကြီးမေတို့၊ အရီးလေး မြညွန့် တို့ကို သွားခေါ်ချေ”

ကျွန်တော်နှင့်ကြီးကြီးတို့ အိမ်ပြန်ရောက် သောအခါ အစ်ကို၏ ချော့မော့ပြောဆိုနေသည့်ကြား မှ မကြီးစန်းမှာ မျက်လုံးများကလည်ကလည်ဖြင့် ပုံပျက်ပန်းပျက် ဖရိုဖရဲနှင့်ပင်။ အရီးလေး မြညွန့်က အခြေအနေကို ကြည့်ပြီး –

“ကဲကဲ ဆေးခန်းသွားပြကြည့်ရအောင်”

ဤသို့ဖြင့် မကြီးစန်းအား ချော့၍တစ်မျိုး၊ ခြောက်၍တစ်ဖုံ ပြောဆို၍ အစ်ကို၏တုတ်တုတ်ဖြင့် ဆေးခန်းသို့ ရောက်ခဲ့ကြလေသည်။ ကျေးရွာ ကျန်းမာရေးမှူး ဆေးခန်းဖြစ်သော်လည်း အတွေ့ အကြုံများပြီး ဆေးလိုက်သော ကျန်းမာရေးမှူး ဖြစ်သောကြောင့် အနီးအပါး ရွာများကပင် အားကိုး အားထားပြု၍ လာရောက်ကုသခံကြသည်။ ကျေး လက် ကျန်းမာရေးမှူးလေးက သေချာစွာစစ်ဆေး ကြည့်ရှုပြီးပြောလေ၏။

“ဘာမှမဖြစ်ပါဘူး။ သူ့ကို အေးအေးဆေး ဆေး အနားယူခိုင်းလိုက်ပါ။ စိတ်အနှောင့်အယှက် ဖြစ်လို့သော်လည်းကောင်း၊ အိပ်ရေးပျက်လို့သော် လည်းကောင်း၊ ပင်ပန်းလို့သော်လည်းကောင်း ဖြစ် မှာပါ။ အနားယူလိုက်ရင် ကောင်းသွားမှာပါ”

ကျွန်တော်တို့သည် ဆေးခန်းမှ အိမ်သို့ပြန် လာခဲ့ကြလေသည်။ အချိန်မှာ ညသန်းခေါင်ကျော်၍ နောက်နေ့နံနက်သို့ ကူးပြောင်းစ တစ်နာရီဝန်းကျင် ဖြစ်နေချေပြီ။ မကြီးစန်း၏ အခြေအနေမှာ သိပ် မထူးခြားလာပေ။ အိမ်ပေါ်သို့တွဲခေါ်ပေးပြီး၊ ချွေး များသုတ်ပေးခြင်း၊ အဝတ်အစားလဲလှယ်ပေးခြင်း၊ သောက်ရေသောက်ရန် ချော့မော့တိုက်ပေးခြင်းများ ပြုလုပ်စေ၍ အခြေအနေကို စောင့်ကြည့်နေရလေ သည်။ ကြီးကြီးမေသည် ဘုရားစဉ်ရှေ့သို့သွား၍ ဝတ်ပြုရှိခိုးပြီး မေတ္တာများပို့ အမျှအတမ်းဝေ၍ ပုတီး ကို လက်မှာပတ်၍ မကြီးစန်းအနားသို့ကပ်ပြီး-

“ကဲ သမီး၊ ဘာဖြစ်ချင်လို့လဲ …၊ ဘာလို လို့လဲ”ဟု ကရုဏာသံဖြင့် မေးလေသည်။

ထိုအခါမကြီးစန်းက –

“ငါ့ကို ဘုန်းကြီးပင့်ပေး၊ ငါတရားနာချင် တယ်၊ ငါတရားနာဖို့ ဒီကိုလာတာ”

ထိုအခါ ကျွန်တော်တို့သည် တစ်ဦး ကိုတစ်ဦး တိုင်ပင်သော အကြည့်များဖြင့် ကြည့်ကြသည်။ အချိန်မှာ ဘုန်းကြီးပင့် ရန်မဖြစ်နိုင်သော သန်းခေါင်ကျော် အချိန်ကြီး ဖြစ်နေလေတော့သည်။

“ငါပြောတာ မကြားဘူးလား ငါ တရားနာချင်တယ် …”

မကြီးစန်းထံမှအသံမြှင့်၍ အော် ပြောပြန်သည်။ အားလုံးက ကြံရာမရ ဖြစ်နေကြစဉ် ကျွန်တော်က အ ကြံဉာဏ်ပေါ်ပေါက်လာပြီး ကျွန်တော်၏ တယ်လီ ဖုန်းထဲတွင် ထည့်သွင်းထားသော တရားတော်များကို ဖွင့်၍ မကြီး စန်းအနားရှိခုံပေါ် တင်ပေးလိုက် သည်။  ကျွန်တော်၏ ဟန်းဆက်ထဲမှ ထွက်ပေါ်လာသော တရားသံများကို နားထောင်နေရင်းမှ မကြီးစန်း၏ မျက်လုံးတို့ မှေးစင်း၍ အိပ်ပျော်သွားလေပြီ။ မကြီး စန်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား လေပြီ။

ကျွန်တော်သည် ခေါင်းရင်းအိမ်ရှိ အသုဘ ခေါင်းတလားမှ ရေးထိုးထားသောအမည်နှင့် အသက် တို့ကို မြင်ယောင်မိလေသည်။

“မခေါင်ရမ်း” အသက်(၁၇)နှစ် ဟူ၍ ဖြစ်သည်။

..

ဋ္ဌေးအောင်စိန်(အင်းမ)