ကျွန်ုပ်နှင့် အမှိုက်များ

ကျွန်ုပ်တို့သည် အမှိုက်များနှင့် ကင်းကြသူ များ မဟုတ်ကြပါ။ ကမ္ဘာကြီးတည် ရှိနေသမျှ ကာလပတ်လုံး အမှိုက် သည် ရှိနေမည်ဖြစ်လေသည်။ အမှိုက်ဆိုသည်မှာ မရှင်းလင်းရသေးသည့် အရှုပ်ထုပ်များ ဖြစ်လေ သည်။ အချို့က အမှိုက်များကို တတ်အားသရွေ့ ရှင်းလင်းကြ၏။ သို့သော် အချို့မှာကား အမှိုက်များကို မရှင်းလင်းသည့် အပြင် ထပ်၍ထပ်၍ အမှိုက်များ ရှုပ်သည်ထက်ရှုပ် အောင်လုပ်ကြလေသည်။ အမှိုက် ကို ရှင်းရကောင်း မှန်းလည်း မသိကြ။ သို့သော် အမှိုက်ဟုဆိုလျှင် ရှင်းရမည့် အရှုပ်အထွေးများပင် ဖြစ်လေသည်။

ကျွန်ုပ်တို့သည် အမှိုက်များကို ရှင်းလင်းရာ ၌ အဆင့်ဆင့်ရှင်းလင်းပြီး နောက်ဆုံး လုံးဝအသုံး မတည့်သည့်အခါတွင်မှသာ သင်္ဂြိုဟ်ခြင်းဖြင့် ကိစ္စ တုံးအပ်စေသည်။ အမှိုက်တို့ကို နောက်ဆုံးရှင်းလင်း  သည့်နည်းတွင် မြေမြှုပ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းပင် ဖြစ်လေ၏။ ကျွန်ုပ်တို့၏ ရပ်ကွက်သို့ အမှိုက်သိမ်း  ကားလာရောက်သည့် အကြိမ်ရေမှာ နည်းလွန်း လှလေသည်။ သို့ဖြစ်၍ အချို့နေအိမ်များသည် လူသူမသိချိန်၌ သူတို့၏အမှိုက်များကို အများပိုင် လမ်းဆုံလမ်းခွတို့၌ တိတ်တဆိတ် ပစ်ထားခဲ့ကြ သည်။ ဤသို့ဖြင့် တစ်ယောက်မှစ၍ တစ်ရာဖြစ် လာပြီး အမှိုက်ပုံကြီးမှာ တဖြည်းဖြည်း ကြီးထွား လာလေတော့သည်။

ကျွန်ုပ်သည် ကျွန်ုပ်၏ အိမ်မှအမှိုက်များကို ရှင်းလင်းရာတွင် ရှေးဦးစွာ ကျွန်ုပ် ပြန်လည်အသုံး ပြုနိုင်မည့်ပစ္စည်းများ၊ နောက် အဟောင်းဈေးဖြင့် ရောင်းချ၍ရနိုင်သော ပစ္စည်းများ၊ နောက် အသုံး လိုမည်ဟု ထင်ရသူများကို ပေးကမ်းရန် ပစ္စည်းများ၊   နောက် စွန့်ပစ်ရန် ပစ္စည်းများ၊ ထို့နောက် မိမိကိုယ် တိုင် မီးရှို့ဖျက်ဆီး၊ မြေမြှုပ်ခြင်းလုပ်ရမည့် ပစ္စည်း များဟူ၍ အဆင့်ဆင့်ခွဲခြား၍ လုပ်လေ့ရှိသည်။ ထိုသို့ ဆောင်ရွက်ရမည်ဟူ၍ သိခဲ့ရခြင်းမှာ ကျွန်ုပ် ဖခင် ကြီး၏ ကျေးဇူးကြောင့်ပင်ဖြစ်လေသည်။

ကျွန်ုပ်၏ ဖခင်ကြီးသည် ကားလမ်းပေါ်တွင် ကားတိုက်၍ သေသွားသော ခွေးလေခွေးလွင့်   အသေကောင်များကိုပင် ဆွဲယူ၍ သူစိုက်ပျိုးထား သော အုန်းပင်ခြေရင်းတွင်မြှုပ်နှံ၍ မြေဩဇာအဖြစ် ကျွေးတတ်ခြင်း၊ အိမ်ရှေ့လမ်းမကြီးပေါ်တွင် ကျိုး ကျသော သစ်ကိုင်းခြောက်များကို ကောက်ယူ၍ မီးဖိုထမ်းစင်တွင် ထင်းအဖြစ် အသုံးပြုခြင်း၊  ကြေး အိုး၊ ကြေးခွက်၊ ကြေးဇွန်း၊ ဒန်အိုး၊ ဒန်ခွက် ဒန်ဇွန်း၊ ဒန်ခရားအဟောင်းများကို စုဆောင်း၍ စနစ်တကျ သိမ်းဆည်းထားသိုခြင်းများကိုလည်း ပြုလုပ်တတ် ၏။ တစ်နေ့သ၌ ဒန်အိုး၊ ဒန်ခွက်အဟောင်းနှင့် မုန့်ပဲ သရေစာတို့နှင့် လဲလှယ်သော အထမ်းသည် လာ သဖြင့် ကျွန်ုပ်သည် ဝမ်းသာအားရဖြင့် ဖခင်ကြီး စုဆောင်းထားသော ဒန်အိုး၊ ကြေးအိုးအဟောင်း များဖြင့် အိမ်ရှင်းလင်းသည်ဟူ၍ ယူဆပြီး လဲလှယ်၍ စားသောက်ခဲ့ရာ ဖခင်ကြီး သိသွားသဖြင့် ရိုက်နှက် ဆုံးမခြင်းကို ခံရဖူးလေ၏။ ထိုဒန်အိုး၊ ကြေးအိုး အဟောင်းအစုတ်များကို ဈေးကောင်းပေး၍ ဝယ်ယူ သူတွေရှိကြောင်း။ ထို့ကြောင့် တကူးတက စုဆောင်း ထားရကြောင်း ဆိုလေသည်။

နောင်တွင် ရေမော်တာ အဟောင်းအစုတ် များ၊ ဘက်ထရီအိုးအဟောင်းများ၊ ပလတ်စတစ် ပစ္စည်းအဟောင်းများ၊ ပုလင်းခွံများ၊ သံတိုသံစများ၊ စက္ကူကတ်ထူများမှာလည်း ကျွန်ုပ်တို့အတွက် အသုံး မလိုသော ပစ္စည်းများပင်ဖြစ်သော်ငြားလည်း အခြား တစ်နေရာတွင် အသုံးဝင်နေမှန်း သိခဲ့ရလေတော့ သည်။ သို့သော်လည်း ကျွန်ုပ်တို့အတွက် လုံးဝ အသုံးမဝင်တော့သော အခြားနေရာတွင်လည်း ရှင်း လင်းပစ်ရမည့် အမှိုက် တို့သည် ကမ္ဘာပေါ်တွင် ရှိကို ရှိနှင့်နေကြလေသည်။ အချို့က ရေထဲသို့ ပစ်ချခြင်း ဖြင့် ဆွေးမြေ့ပျက်စီး ပျောက်ကွယ်သွားမည်ဟု ယူဆ၍ ရေသို့ စွန့်ပစ်ကြ၏။ သို့သော် ရေတွင် မပျော်ဝင်နိုင်သော ပလတ်စတစ်ကဲ့သို့ အမှိုက်များကို ရေထွက်ပစ္စည်း ဂျယ်လီငါးအဖြစ် သတ္တဝါတို့ စား သောက်မိသောအခါ မရှုမလှ သေကြရပြီး ရေနေ သတ္တဝါမျိုးစိတ်တို့ မျိုးတုန်းစေမည့် အန္တရာယ်ပင် ကျရောက်နေကြလေပြီ။

ကျွန်ုပ်သည် အချိန်ပေးနိုင်သည့် အခါများ တွင် ကျွန်ုပ်အိမ်ထွက် အမှိုက်များနှင့် လမ်းဆုံရှိ အမှိုက်များကို စုပုံ၍ မီးရှို့ဖျက်ဆီးလေ့ရှိသည်။ မီးလောင်ကျွမ်းမကုန်ဆုံးနိုင်သည့် အမှိုက်များ ကျန် သောအခါ မြေမြှုပ်ခြင်း၊ မြေဖုံးဖိခြင်းဖြင့် ကိစ္စ တုံးလိုက်ရ၏။ အချို့က အမှိုက်များကို မီးရှို့၍ ထွက်ရှိလာသော အခိုးအငွေ့များသည် လေထုတွင် မသန့်ရှင်းသော လေထုကြီး ဖြစ်ပေါ်နိုင်ပြီး နောင် တွင် အဆိပ်ငွေ့များ ရှူရှိုက်ရသကဲ့သို့ ဖြစ်ဖွယ်ရာ ရှိနိုင်သည်။ မြေကြီးထဲသို့ မြှုပ်နှံပါကလည်း မြေဆီ မြေနှစ်ဖြစ်ထွန်းစေသော မြေကြီးတွင်းရှိ သတ္တဝါ များ စားသုံးမိခြင်း၊ ပိတ်ဆို့သွားစေနိုင်ခြင်းကြောင့် စိုက်ပျိုးသီးနှံများအတွက် မြေဆီလွှာဆုံးရှုံးသွားနိုင် ကြောင်း ဆိုကြပြန်သည်။ ဤသို့ဆိုပါလျှင် ကျွန်ုပ်တို့ ၏ အမှိုက်များကို မည်သို့ကောင်းမွန်စွာ ရှင်းလင်း ပစ်နိုင်ကြပါမည်နည်း၊ အချို့ တိုးတက်သည့် နိုင်ငံ များတွင် အမှိုက်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်   ကြောင်း သိခဲ့ရသော်လည်း မီးမရှို့ဘဲ အငွေ့မထွက် ဘဲ နောက်ဆုံး အြွကင်းအကျန် ကုန်သည်အထိ စွမ်းဆောင်နိုင်ပါ၏လောဟု ကျွန်ုပ်စဉ်းစားနေမိလေ သည်။

အမှိုက်ဆိုသည်မှာ အချို့က စွန့်ပစ်ပစ္စည်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြပြန်လေသည်။ ဤအဆို သည် သက်မဲ့ပစ္စည်းများအတွက် မှန်ကောင်းမှန် နိုင်သော်ငြားလည်း သက်ရှိသတ္တဝါများအတွက် လုံးဝမှန်ကန်သည်ဟူ၍ မဆိုနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် အချို့သတ္တဝါများသည် သေကျေပျက် စီးသည့်အခါ လူအပါအဝင် အခြားသတ္တဝါတို့၏ အစာအာဟာရအဖြစ် အသုံးဝင်နေသောကြောင့် ဖြစ်လေသည်။ အချို့က ဆိုပြန်သည် လူသည် သေ လွန်သောအခါ ခုံဖိနပ်စုတ်၊ ငှက်ပျောတုံးမျှလောက် တောင်မျှ တန်ဖိုးမရှိ အသုံးမဝင် စွန့်ပစ် ပစ္စည်း သက်သက် ဖြစ်သွားကြသည်ဆိုကြ၏။ အမှိုက် သရိုက်သဖွယ် သတ်မှတ် ပြောဆိုကြလေသည်။ ကျွန်ုပ် အနေဖြင့် လူသားတိုင်းသည် ထိုကဲ့ သို့ မဟုတ် ဟူ၍ဆိုချင်သည်။ အချို့လူသားတို့သည် ရုပ်နှင့် နာမ်ခန္ဓာမြဲလျက်ရှိနေသော ဘဝ၌ အများ အကျိုး စိတ်ကောင်းနှလုံးကောင်းဖြင့် ဆောင်ရွက် သွားခဲ့ကြသဖြင့် ရုပ်နှင့်နာမ်ခန္ဓာ စဲ၊ ခန္ဓာကွဲ၊ သေပွဲ ဝင်ကြသော်လည်း နာမ်ခန္ဓာ၊ အမည်နာမပညတ် တို့သည် အမှိုက်သရိုက်ကဲ့သို့ တန်ဖိုးမဲ့မသွား၊ စံ နမူနာအများအဖြစ် မပျောက်ကွယ်သွားဘဲ တည်ရှိ နေကြလေသည်။ အချို့မှာမူ သေလွန်သည့်အခါ အမှိုက်သရိုက်သဖွယ် စွန့်ပစ်ခံရမည့် ခန္ဓာကိုယ်ကြီး ကို လောကအတွက် အသုံးဝင်အသုံးချမည့် ဆေး တက္ကသိုလ်ကျောင်များထံသို့ လှူဒါန်း၍ စွန့်ပစ်ခံ အမှိုက်မဖြစ်စေရန် စီမံထားကြလေသည်။

သို့ဖြစ်၍ သေသေချာချာ၊ စဉ်းစားကြည့် သောအခါတွင် ကျွန်ုပ်အပါအဝင် ဤလောကကြီး ၌ ရှိရှိသမျှ မြင်မြင်သမျှ အရာဝတ္ထုတို့သည် ဖြစ်၊ တည်၊ ပျက် အနိစ္စမရောက်မီကာလကတည်းကပင်  ကျွန်ုပ်တို့၏ အမှိုက်အညစ်အကြေးများကို တတ် နိုင်သမျှ ရှင်းလင်းထားနိုင်ပါမှ သေလွန်သောအခါ ၌ ရုပ်ကိုယ်ခန္ဓာကြီးမှာ စွန့်ပစ်ခံ အမှိုက်ဘဝ ရောက် ခဲ့ရသော်လည်း အမည်ပညတ် နာမ်ခန္ဓာကြီးမှာဖြင့် အမှိုက်မဖြစ်စေဘဲ လောကကြီးတွင် ကျန်ရစ်ပေ လိမ့်မည်။ အမှိုက်ဖြစ်လျက် တည်ရှိနေသော ကျွန်ုပ် တို့၏ ခန္ဓာကြီးကို တန်ဖိုးရှိစေရန် အသုံးချရပေ လိမ့်မည်။ ကျွန်ုပ်၏ ရုပ်ပိုင်းဆိုင်ရာ အညစ်အကြေး အမှိုက်သရိုက်များကို နေ့စဉ်နှင့်အမျှ ရှင်းလင်းနေ ရသကဲ့သို့ ကျွန်ုပ်၏ စိတ်ပိုင်းဆိုင်ရာ နာမ်ခန္ဓာ အညစ်အကြေး၊ အမှိုက်သရိုက်များကိုလည်း ကျွန်ုပ် ရှင်းလင်းရပေမည်။ ရုပ်ပိုင်းဆိုင်ရာ အညစ်အကြေး အမှိုက်သရိုက်များကို မိမိကိုယ်တိုင် မစွမ်းဆောင် နိုင်၍ အခြားတစ်ပါးသူများ၏ အကူအညီဖြင့် ရှင်း လင်းနိုင်သော်ငြားလည်း ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ နာမ်ခန္ဓာ အညစ်အကြေးများ အမှိုက်သရိုက်များအား မိမိကိုယ်တိုင်မှလွဲ၍ မည်သူကမျှ ရှင်းလင်း၍ မရနိုင်ပါ။

ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ နာမ်ခန္ဓာ အညစ် အကြေးများကို သန့်စင်ရှင်းလင်းရာတွင် နေ့စဉ် ဘုရားဝတ်ပြုဒါနပြုလုပ်ခြင်းသည် အခြေခံကျသော စိတ်အညစ်အကြေး အမှိုက်သရိုက် ရှင်းလင်းနည်း ပင်ဖြစ်သည်။ ဘုရားခန်းဝင်၍ ကျွန်ုပ်တို့၏ စိတ်ကို ဘုရားထံ အာရုံပြုထားနိုင်လျှင်ပင် တဒင်္ဂအတွင်း၌ လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာ အညစ် အကြေး အမှိုက်သရိုက်များ ရှင်းလင်းနေသည်ဟုပင် ထင်ရလေ၏။ ထို့နောက် ဘုရားရှိခိုးခြင်း၊ သီလ ခံယူခြင်း၊ မေတ္တာပို့ခြင်းများ  အစဉ်လိုက်ဝတ်ပြုခြင်း ဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံများကို မပြစ်မှား မိစေရန် တောင်းပန်ဝန်ချလိုက်သည်နှင့် တစ်ပြိုင် တည်း စိတ်ညွတ်လျှင် ညွတ်သည့်အလျောက် အမှိုက်အမှောင်များ တဖြည်းဖြည်း ရှင်းလင်းလာ လေသည်။ ထို့နောက် အနည်းဆုံး ငါးပါးသီလ ခံယူ စေခြင်းဖြင့် သူတစ်ပါးအား သတ်ဖြတ် ညှဉ်းဆဲလို သော စိတ်အညစ်အကြေး သူတစ်ပါး ပစ္စည်းဥစ္စာ ငွေကြေးများကို မတရားခိုးယူ၊ ရယူလိုသော အညစ် အကြေး၊ သူတစ်ပါး သားပျို၊ သမီးပျိုတို့နှင့် မကြံ စည်အပ်သော ကာမဆိုင်ရာ အညစ်အကြေး၊ သူတစ်ပါး မနှစ်မြို့သော စကား အသုံးအနှုန်း အညစ်အကြေး၊ မူးယစ်မေ့လျော့စေသော အစား အသောက်များကြောင့် အလွဲလွဲအမှားမှား ဖြစ်စေ တတ်သော အညစ်အကြေးနှင့် အမှိုက်သရိုက်များ ရှင်းထားပြီး ဖြစ်ကြလေ၏။ ထို့နောက် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါနှင့် သုံးဆယ်တစ်ဘုံသားတို့အား မေတ္တာပို့ အမျှဝေလိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့၏ စိတ်တွင် ရှင်းလင်းကြည်လင်ရပေ တော့သည်။

ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ နာမ်ခန္ဓာ အညစ် အကြေးအမှိုက်များနှင့် ရုပ်ပိုင်းဆိုင်ရာ ရုပ်ပစ္စည်း အညစ်အကြေးအမှိုက်များကို တစ်ပြိုင်နက်တည်း ရှင်းလင်းနိုင်ရန် ဒါနအမှုပြုခြင်းသည်လည်း အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။ ဒါနဟူသည်  လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ စိတ်တွင် ဘုန်းကြီးသူနှင့် အသက်အားဝါအားဖြင့် ကြီးသူတို့ကို လှူဒါန်းလိုသော စိတ်၊ ဆွေမျိုး၊ မိတ် ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းများကို ပေးကမ်း ချီးမြှင့်လိုသော စိတ်၊ ကိုယ့်ထက်နိမ့်ကျသူများ အပါအဝင် တိရစ္ဆာန်၊ သတ္တဝါများကို စွန့်ကြဲလိုသော စိတ်ဖြစ်သော ဒါနစိတ် ပေါက်ဖွားလာပြီဆို ကတည်း ကပင် ကျွန်ုပ်တို့၏ စိတ်တွင် လောဘ ကိလေသာ အမှိုက်ကို ရှင်းထားနှင့်ပြီး ဖြစ်လေသည်။ တစ်ပြိုင် နက်တည်းမှာပင် လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲစရာ ဥစ္စာပစ္စည်း၊ ငွေကြေး အစားအသောက်များကို ဒါန ပြုလိုက်သောအခါ ကျွန်ုပ်တို့ ဘဝတွင် မည်သည့် ရုပ်ဝတ္ထုပစ္စည်းမဆို စွန့်လွှတ်နိုင်သော အစွမ်းများ ရလာခဲ့လေတော့၏။

သို့သော် လောကကြီးတွင် ကျွန်ုပ်၏ ရုပ် ခန္ဓာကြီး အပါအဝင် အမှိုက်ဆိုသည့်အရာများကား ကမ္ဘာတည်သရွေ့ ရှိနေဦးမည်ဖြစ်လေသောကြောင့် တတ်အားသရွေ့ ကျွန်ုပ်၏ အမှိုက်များကို ကျွန်ုပ် ကိုယ်တိုင်ရှင်းလင်းရင်းဖြင့်ပင်။

ချမ်းသာခြင်းကို ရကြပါစေ။

ဋ္ဌေးအောင်စိန်(အင်းမ)