အခြားကမ္ဘာတစ်ခုမှာ တန်ခိုးရှင်ကြီးတစ်ဆူ ပွင့်တော်မူနေပြီလား

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ပွင့်တော်မူပြီးသော ဘုရားရှင်ကြီးများဟာ ဂင်္ဂါဝါဠု သဲစုမက ရှိခဲ့ပြီဟု နားလည်လက်ခံထားကြပါတယ်။ ဘုရားရှိခိုးရာမှာလည်း ထိုဘုရားရှင်အပေါင်းကို ရည်မှန်းပြီး ရှိခိုးကြပါတယ်။ ဤဘဒ္ဒကမ္ဘာမှာတော့ ဘုရားငါးဆူသာ ပွင့်ပါမည်။ ဘုရားလေးဆူက ပွင့်တော်မူခဲ့ပြီး ဖြစ်ပါသည်။ အရိမေတ္တယျဘုရား တစ်ဆူသာ ပွင့်ရန် ကျန်ရှိပါတယ်။ ကျွန်တော့်အထင်တော့ ဂင်္ဂါ မြစ်ကြီးမှ သဲထုနှင့်အမျှ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်များဟာ ဒီကမ္ဘာတွင်သာမက၊ အခြား စကြဝဠာ၊ အခြားကမ္ဘာများက ပွင့်တော်မူခဲ့တဲ့ ဘုရားများပါ စုပေါင်းခေါ်ဝေါ်တယ် ထင်ပါတယ်။
အာကာသကြီးထဲမှာ မဟာစကြဝဠာပေါင်း ၉၀ဝ၀ ရှိတယ်လို့သိရပါတယ်။ ထိုသို့ မဟာစကြဝဠာပေါင်း ၉၀ဝ၀ အတွင်း စကြဝဠာသန်းပေါင်းများစွာ ပါဝင်တည်ရှိနေပါတယ်။ ထိုစကြဝဠာများတွင် လူသားတွေရှိတဲ့ ကမ္ဘာသန်းပေါင်းများစွာ တည်ရှိနိုင်ပါတယ်။ ထိုလူသားတွေရှိတဲ့ ကမ္ဘာပေါင်းများစွာမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ကမ္ဘာပေါင်း မြောက်မြားစွာ ရှိပါတယ်။ ထိုထိုကမ္ဘာများမှ ပွင့်တော်မူပြီးသော ပွင့်တော်မူနေဆဲ တန်ခိုးရှင်ကြီးတွေရှိပါမယ်။
ယခုတင်ပြမည့် အကြောင်းအရာများသည် ယခုလောလောဆယ် ပွင့်တော်မူနေတဲ့ တန်ခိုးရှင်ကြီး တစ်ဆူအကြောင်း ဖြစ်ပါတယ်။
၆-၁၁-၂၀၁၉ ရက် မနက် ၃ နာရီမှာ ကျွန်တော့်ဘုရားခန်းသို့ အဖြူရောင်ဝတ်ရုံနှင့် နတ်ကြီးတစ်ပါးကြွရောက်လာပါတယ်။

ကျွန်ုပ်။ ။ ကျွန်တော် ကြွလာတဲ့ နတ်ကြီးကို ဂါရဝပြုကြိုဆိုပါတယ်။ ကြွရောက်လာတဲ့ အကျိုးအကြောင်းအမိန့်ရှိပါခင်ဗျား။

နတ်ကြီး။ ။ အခြားကမ္ဘာက ပုဂ္ဂိုလ်တစ်ဦးအကြောင်း မိန့်ကြားချင်လို့ ကြွလာတာပါ။ အဲဒီကမ္ဘာက မင်းတို့ကမ္ဘာနဲ့ အလင်းနှစ် နှစ်လနဲ့ နှစ် ရက်လောက်ဝေးတဲ့ ဒေသမှာရှိတယ်။ အဲဒီကမ္ဘာမှာ သစ်ပင်သစ်တောတွေက ထူထူထပ်ထပ်ပေါက်ရောက်နေကြတယ်။ နေရောင်တောင် မထိုးဖောက်နိုင်တဲ့ သစ်တောကြီးတွေရှိတယ်။ တောတိရစ္ဆာန်တွေလည်း မျိုးစုံရှိတယ်။
အဲဒီကမ္ဘာမှာ လူမျိုးက ကိုးမျိုးရှိတယ်။ ဘာသာကိုးကွယ်မှုကတော့ ၁၂ မျိုးရှိတယ်။ ကမ္ဘာရဲ့ အရွယ်ပမာဏကတော့ မင်းတို့ကမ္ဘာနဲ့ မတိမ်း မယိမ်းလောက်ပါပဲ။ ရာသီဥတုက နှစ်မျိုးရှိတယ်။ နွေနဲ့ ဆောင်းပါပဲ။ နွေမှာ မိုးရွာတယ်။ အဲဒီကမ္ဘာမှာ နေကတော့ တစ်စင်းပါပဲ။ လကတော့ သုံးစင်းရှိတယ်။ ဒါကြောင့် ညအခါ အလင်းတိုင်မလိုဘူး။
တစ်ရက်တာ အချိန်က ၂၆ နာရီရှိတယ်။ နေ့တာရှည်တယ်။ ညတာတိုတယ်။ တစ်နှစ်ကို ရက်ပေါင်း ၃၈၀ ရှိတယ်။ လူရဲ့သက်တမ်းက ပျှမ်းမျှ ၆၀ လောက်ပဲရှိတယ်။
လူတွေ နေထိုင်စားသောက်ကြတဲ့ ပုံစံက စိုက်ပျိုးရေးကိုပဲ အခြေခံလုပ်ကိုင်စားသောက်ကြတယ်။ စက်မှုလက်မှုက မင်းတို့ကမ္ဘာထက်များစွာ နိမ့်ကျတယ်။ စက်တပ်အင်ဂျင်တောင် မပေါ်သေးဘဲ ကုန်ပစ္စည်းတွေ သယ်ရာမှာ နွားကဲ့သို့သော သတ္တဝါကို အားကိုးကြရတယ်။
အုပ်ချုပ်ရေးက နယ်စားအဆင့်လောက်နဲ့ ခွဲဝေအုပ်ချုပ်ကြတယ်။ တစ်နယ်နဲ့တစ်နယ်လည်း စစ်ပွဲဆိုတာမရှိသလောက်ဘဲ။ လူတွေက လောဘ လည်း နည်းတယ်။ ရသမျှနဲ့ တင်းတိမ့်ရောင့်ရဲကြ တယ်။ တစ်ကမ္ဘာလုံးမှာ လူဦးရေက သန်း ၈၀ဝ လောက်ပဲ ရှိတယ်။
အဲဒီကမ္ဘာက ထူးခြားတဲ့လူတစ်ယောက် အကြောင်း ပြောချင်တယ်။ သူက ယခုဆိုရင် အသက် ၃၀ ကျော်လောက်ရှိပြီ။ သူ့ရဲ့အရပ်က ခြောက်ပေ နီးပါး ရှိတယ်။ သူ့မိဘက အသားအရေ အညိုရောင်ဖြစ်ပေမယ့် သူ့ရဲ့ အသားအရေက ပန်းနုရောင် ဖြစ်တယ်။ စကားပြောရာမှာလည်း အလွန်သိမ်သိမ်မွေ့မွေ့ ပြောတယ်။
သူ့မှာ ဒေါသဖြစ်တယ်ဆိုတာ တစ်ခါမှ မရှိဘူး။ သူတို့မိသားစုမှာ သားသမီး သုံးယောက်ရှိတယ်။ အကြီးဆုံးက မိန်းကလေး။ သူ့အောက်ကလည်း မိန်းကလေးပဲ။ သူတစ်ယောက်ပဲ ယောကျာ်းလေးပါတယ်။ သူ့ကို မိဘတွေကရော အစ်မနဲ့ ညီမကလည်း အလွန်ချစ်ကြတယ်။ သူက တစ်သွေး တစ်မွေးနဲ့ ဥပဓိရုပ်ကခန့်လည်း ခန့်ညားတယ်။ သိမ်လည်း သိမ်မွေ့တယ်။ ပင်ပန်းတဲ့အလုပ်တွေကို သူ့ ကို ဘာမျှမခိုင်းကြဘူး။ သူတို့ရွာက ကျန်တဲ့လူ တွေကလည်း သူ့ကိုချစ်ခင်ကြတယ်။ စားဖွယ်သောက်ဖွယ်တွေလည်း မကြာခဏလာပေးကြတယ်။
တစ်နေ့ကျတော့ အဲဒီလူငယ်ဟာ ရုတ်တရက် အိမ်က ပျောက်သွားတယ်။ မနက်လင်းလို့ အိပ်ရာက ထကြတော့ သူမရှိတော့ဘူး။ သူ့ပစ္စည်းတွေလည်း ဘာမှ ယူမသွားဘူး။ မိဘတွေ အစ်မတွေ၊ ရွာက လူကြီးတွေက တောနင်းရှာကြတယ်။ သုံးရက်နေတော့မှ သူ့ကို တောတွင်းတစ်နေရာမှာ တွေ့တယ်။ သူက သစ်ပင်ကြီးတစ်ပင်အောက်မှာ တရားထိုင်နေသလိုထိုင်နေတာ တွေ့ကြတယ်။
သူ့ကိုအိမ်ကို ပြန်ခေါ်သော်လည်း မလိုက်တော့ဘူး။ ဒါနဲ့ သူ့မိဘနဲ့ ရွာက လူကြီးတွေက သူနေဖို့ အိမ်လေးတစ်လုံး ဆောက်ပေးခဲ့ကြတယ်။ လူငယ်ကတော့ တောထဲမှာ သစ်သီးကိုရှာဖွေစားသောက်ပြီး တရားကျင့်နေတယ်။ သူ့မိဘနဲ့ ရွာက လူအချို့ တစ်လတစ်ခါလောက် သူ့ကိုသွားကြည့်ကြတယ်။ နှစ်နှစ်လောက်နေတော့ လူငယ်ဟာ အဲဒီနေရာကနေ ပျောက်သွားပြန်တယ်။ သူ့မိဘတွေက ပထမတော့ လိုက်ရှာကြသေးတယ်။ နောက်တော့ လက်လျှော့လိုက်ကြတယ်။
အဲဒီလူငယ်ဟာ မူလနေရာနဲ့ သုံးရက် လောက်ဝေးတဲ့နေရာမှာ ပြောင်းရွှေ့နေထိုင်ပြီး တရားပဲ ဆက်လက်အားထုတ်တယ်။ သုံးနှစ်လောက်နေတော့ သူတရားထူးရသွားပုံပေါ်တယ်။ သူတရားထိုင်ရင်း သူ့ခန္ဓာကိုယ်က အလင်းရောင်တွေ ဖြာထွက်လာတယ်။
သီတင်းသုံးပတ်လောက်နေတော့ အဲဒီနေရာကနေ သူထွက်လာတယ်။ လူတွေနေထိုင်တဲ့ ရွာတွေ ဆီထွက်လာခဲ့တယ်။ သူ့ကို လူတွေက ဝမ်းပန်းတ သာ ကြိုဆိုကြတယ်။ စားဖွယ်သောက်ဖွယ်များလည်း ကပ်လှူကြတယ်။ နေရာထိုင်ခင်းလည်း စီမံပေးကြတယ်။
အဲဒီမှာ သူက သူ့ဆီလာတဲ့သူတွေကို တရားဟောတယ်။ လူတွေက သူဟောတဲ့ တရားတွေကို အလွန်နှစ်သက်သဘောကျကြတယ်။ အဓိကဟော တဲ့တရားက –
“ဤလူ့ဘဝကြီးဟာ ဘာမှ ခင်မင်တွယ်တာစရာမကောင်းဘူး။ မမြဲတဲ့သဘောတရား ရှိတယ်။ တစ်ချိန်မှာ လူတိုင်း လူ့ဘဝကို စွန့်ခွာကြရမည်။ နောက်ဘဝပြန်ဖြစ်တယ်။ နောက်ဘဝလည်း မမြဲဘူး။ ယခုလိုပဲ သေကြရမှာပဲ။ အဲဒီတော့သေခြင်း ကင်းတဲ့ ဘဝတစ်ခုဆိုတာ ရှိတယ်။ အဲဒီသေခြင်းကင်း တဲ့ ဘဝတစ်ခုရောက်အောင် ကျွန်ုပ်ညွှန်ပြတဲ့ တရားကို လိုက်နာကြ။ ကျွန်ုပ်ညွှန်ပြတဲ့ တရားအားထုတ်နည်းအတိုင်း အားထုတ်ကြ။ ဒီဘဝသေလို့ မရောက်တောင် နောင်ဘဝတစ်ခုမှာ အဲဒီသေခြင်းကင်းတဲ့ ဘဝကို ရလိမ့်မည်။
လူတွေလည်း သူပြောတဲ့စကားကို လိုက်နာကြတယ်။ သူညွှန်ပြတဲ့တရားအားထုတ်နည်းအတိုင်း အားထုတ်ကြတယ်။ သူကလည်း လူတွေကို လှည့် လည်ဟောပြောပြသတယ်။ ဒီလိုနဲ့ တစ်နှစ်လောက်နေတော့ ဘာသာရေးဂိုဏ်းအဖွဲ့တစ်ခုနဲ့ တွေ့တယ်။ အဲဒီဘာသာဂိုဏ်းက ခေါင်းဆောင်အချို့က သူတရားကို နာတယ်။ သူပြောတဲ့အတိုင်း တရားထိုင်ကြည့်ကြတယ်။ သူတို့လည်း အလွန်နှစ်သက်သဘောကျကြတယ်။
သူတို့ဂိုဏ်းက တစ်ဂိုဏ်းလုံး တပည့်တွေပါ မကျန် သူပြောတဲ့ လမ်းညွှန်ချက်အတိုင်း နာခံကြတယ်။ လိုက်နာကြတယ်။ သူတို့ရဲ့ မူလအကျင့်တွေ ကို စွန့်လွှတ်လိုက်ကြတယ်။
တစ်နှစ်လောက်နေတော့ သူလည်း နောက်ပါ အချို့နဲ့ အခြားဒေသတစ်ခုကို သွားရောက်ခဲ့တယ်။ အဲဒီမှာ ဘာသာရေးဂိုဏ်းအသစ်တစ်ခုနဲ့တွေ့တယ်။ အဲဒီဂိုဏ်းက ပုဂ္ဂိုလ်တွေလည်း သူဟောပြော ပြသတာကို သဘောကျပြီး သူတို့ရဲ့ အယူအဆဟောင်း တွေကို စွန့်လွှတ်လိုက်ကြတယ်။
ဒီလိုနဲ့ ငါးနှစ်အတွင်း ဂိုဏ်းကြီး လေးဂိုဏ်းကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်အားလုံး သူ့တရားကိုပြောင်းပြီး ကျင့်ကြံအားထုတ်ကြတယ်။
သူလည်း ဘယ်မှမသွားတော့ဘဲ နောက်ဆုံးရောက်တဲ့ရွာမှာပဲ လာသမျှလူတွေကို တရားဟော တရားပြနေတယ်။ ဒီလိုနဲ့ သုံးနှစ်ခန့်ကြာတဲ့အခါ တစ်ရက်မှာ မိုးကြီးသည်းထန်စွာ ရွာချတယ်။ သုံး ရက်တိတိ မိုးကမစဲဘဲ သဲသဲမဲမဲရွာတယ်။ ပတ်ဝန်း ကျင်က ရေတွေလည်း သူတို့နေထိုင်တဲ့ ရွာထဲဝင် လာတယ်။ တဖြည်းဖြည်း ရေတွေတက်လာလို့ လူတွေလည်း ကုန်းမြင့်ရွာကို ထွက်ပြေးကြရတယ်။
အဲဒီလိုလူတွေ ဒုက္ခရောက်တဲ့အခါ သူက ရေတွေဝင်လာတာ တားတဲ့သဘောနဲ့ ရေတွေလာတဲ့ဘက်ကို လက်နဲ့တားတယ်။ အဲဒီလို တားတဲ့အခါ ရေတွေက ရုတ်တရက် ရပ်သွားတယ်။ အံ့ဩဖွယ်ရာ ရေတွေလည်း ဝင်မလာတော့ဘဲ ရှိနေတဲ့ ရေတွေလည်း ရွာထဲကနေ အပြင်ကို စီးထွက်သွားတယ်။ အဲဒီအခါမှာ ရွာသူရွာသားတွေအားလုံး သူ့ကို အရိုအသေပြုကြတယ်။
တစ်ခါမှာလည်း တောမီးအကြီးအကျယ်လောင်တယ်။ တောမီးက ရွာကိုပါ ဆက်ပြီးလောင်တော့မလို ဖြစ်တယ်။ ရွာသူရွာသားတွေက သူ့ကိုပဲ တောမီးရန်က တားပေးဖို့ တောင်းပန်ကြတယ်။ သူလည်း တောမီးလောင်နေတဲ့ ဘက်ကို လက်ဝါးပြပြီး တောမီးကို တားတယ်။ တောမီးလည်း ရှေ့ဆက် မတိုးတော့ဘဲ ရွာလည်း တောမီးဘေးက လွတ်မြောက်ခဲ့တယ်။
အဲဒီမှာ သူ့ရဲ့သတင်းက တစ်ကမ္ဘာလုံးကျယ် ပြန့်သွားပြီး တစ်ကမ္ဘာလုံးကလူတွေက သူညွှန်ပြတဲ့ တရားကို လိုက်နာကြတယ်။ ကျင့်ကြံအားထုတ်ကြတယ်။ သူညွှန်ပြဟောပြောနေတဲ့ တရားတွေဟာ မင်းတို့ကမ္ဘာက ဗုဒ္ဓဘာသာ ဟောပြောညွှန်ပြနေတဲ့ တရားတွေနဲ့ အတူတူပါပဲ။
နတ်ကြီးလည်း မနက်လေးနာရီမှာ ပြန်ကြွသွားပါပြီ။
မနက် ၆း၃၀ နာရီမှာ အဲဒီအဖြူရောင် ဝတ်ရုံနဲ့ နတ်ကြီး တစ်ဖန် ပြန်ကြွလာပါတယ်။
ကျွန်ုပ်။ ။ နတ်ကြီးဘာကိစ္စရှိလို့ ပြန်ကြွလာတာပါလဲ။
နတ်ကြီး။ ။ ငါမင်းကိုပြောဖို့ နှစ်ချက် ကျန်နေတယ်။ မနက်အစောက ငါပြောတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဆိုင်ရာ တန်ခိုးရှင်ကြီး ဖြစ်ပါတယ်။ မင်းဆီကို နောက်သုံးနှစ်နေလျှင် ကြွလာလိမ့်မည်။
ကျွန်ုပ်။ ။ ကျွန်တော့်ဆီ ကြွလာတော့ ဘယ်လို ပုံစံနဲ့ကြွလာမှာပါလဲ။
နတ်ကြီး။ ။ နာမ်ရုပ်နဲ့ ကြွလာပါလိမ့်မည်။
ကျွန်ုပ်။ ။ အဲဒီတန်ခိုးရှင်ကြီးက အသက်ဘယ်လောက်မှာ တန်ခိုးရှင်ဖြစ်တာပါလဲ။
နတ်ကြီး။ ။ အသက် ၁၉ နှစ်မှာ ဘုရားဖြစ်တယ်။ အသက် ၁၅ နှစ်မှာ တောထွက်ခဲ့တယ်။
နတ်ကြီးလည်း ပြန်ကြွသွားပါပြီ။ နတ်ကြီးပြောတဲ့စကားအရ ဆိုလျှင် နောက်သုံးနှစ်ကြာတဲ့အခါ အဲဒီပန်းနုရောင်အသားအရေတော်နဲ့ ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ တန်ခိုးရှင်ကြီး ကျွန်တော်တို့ကမ္ဘာကို တန်ခိုးတော်နဲ့ ကြွလာမယ့်သဘော ဖြစ်ပါတယ်။ ကျွန်တော့်ဆီ ကြွလာမယ်လို့ သိရတော့လည်း အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ယခု ကျွန်တော့်အသက် ၇၇ နှစ် ရှိပါပြီ။ အဲဒီအချိန်မှာ ကျွန်တော် သက်ရှိထင်ရှားရှိသေးရင်တော့ တန်ခိုးရှင်ကြီး ဟောညွှန်ပြတဲ့တရားတော်တွေကို ယခုလိုပဲ မျှဝေပေးပါမယ်။
သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ …
ဆရာဝင်း(သာကီနွယ်)

Copy ကူးယူခွင့်အား ပိတ်ထားပါသည်။ ကျေးဇူးတင်ပါသည်။