ယပ်ခတ်ပြီး ဈေးရောင်းပါ

အဲဒီနေ့က ကျွန်တော် အလိုတော်ပြည့်ဘုရား မှာ အဓိဋ္ဌာန်ပုတီးစိပ်ပြီး ဟောခန်းကို ပြန်လာခဲ့ပါတယ်။

အိမ်ကိုရောက်တော့ ကျွန်တော့်ရဲ့ ဗေဒင် ဖောက်သည်ကြီး ဒေါ်အေးသွယ်တစ်ယောက် ရောက်နှင့်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော့်ကိုယ်စား စကားတတ်ကာစ သမီးအငယ်မလေးက ဧည့်ထောက်ခံပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံထားလို့ နှစ် ယောက်သား လေပေးဖြောင့်နေတာကို တွေ့လိုက်ရပါတယ်။

ပြီးတော့မှ ဟောခန်းထဲကိုဝင်လာပြီး…

“ဆရာရေ …အခုတလော ရောင်းပန်းဝယ်ပန်း တော်တော်မကောင်းတာ၊ နည်းကောင်းလမ်းကောင်းလေး ညွှန်ကြားပြသပေးပါဦး”လို့ ပြောလာပါတော့တယ်။ ညည်းလိုက်တာကလည်း လွန်ပါရောပဲ။ အဲဒါနဲ့ ကျွန်တော်က –

“ဒီမှာဒေါ်အေးသွယ် …၊ တစ်လောကလုံးမှာ ခင်ဗျားတစ်ယောက်တည်းပဲ စိတ်ညစ်စရာတွေ ကြုံရတယ်လို့ မအောက်မေ့လေနဲ့ …၊ ကျုပ်တို့ ဆရာကြီးအဘမင်းသိင်္ခရေးသွားတဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ ဝတ္ထုကို ဖတ်ကြည့်လိုက် …၊

အဲဒီထဲမှာ ဘာရေးထားသလဲဆိုတော့ –

“နည်းနည်းလေးစိတ်ညစ်လာရင် ရာဇဝင် စာအုပ်တွေကို ကောက်လှန်လိုက်ပါ …၊ ကြုံတဲ့ စာမျက်နှာကို ဖတ်ကြည့်လိုက်ပါ …၊ လောကကြီး မှာ ကိုယ်တစ်ယောက်တည်းပဲ စိတ်ညစ်စရာ ကြုံရတာမဟုတ်ပါဘူး …၊ ကိုယ့်ထက် အများကြီး ဆိုးတာတွေကို ရာဇဝင်နဲ့ချီပြီး တွေ့ရပါလိမ့်မယ် …” လို့ ရေးထားပါတယ် ဒေါ်အေးသွယ်ရေ …”ဟု စိတ်ပေါက်ပေါက်နှင့် ပြောလိုက်တော့မှပင် ဒေါ်အေးသွယ်၏မျက်နှာမှာလည်း ပြုံးယောင် သန်းသွားပါတော့တယ်။ ထိုအခါတွင်မှ ကျွန်တော်က –

“အဲဒီလိုနေစမ်းပါ ဒေါ်အေးသွယ်ရယ် …၊ မျက်နှာကြီး ရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြီး ဈေးရောင်းမယ် ဆိုရင်တော့ ကျုပ်ရဲ့ယတြာတွေမပြောနဲ့ သိကြားမင်းကြီးပေးတဲ့ယတြာတောင် စွမ်းမှာမဟုတ်ဘူးဗျို့”လို့ ပြောလိုက်ရပါတယ်။ ပြီးတော့မှ –

“ဒီလိုလုပ်ဗျ …၊ စာရွက်လေးတစ်ရွက်ပေါ် မှာ ဟောဒီဂါထာလေးကိုရေး ..၊ ပြီးရင် ယပ်တောင် တစ်ချောင်းမှာကပ် …၊ ကိုယ့်ဆိုင်က ရောင်းကုန်ပစ္စည်းတွေကို ယပ်ခပ်ပေတော့ဗျို့ …”လို့ ပြောပြ ပြီး စာရွက်လွတ်တစ်ရွက်ပေါ်မှာ အောက်ပါဂါထာ လေးကို ရေးပြလိုက်ရကြောင်းပါခင်ဗျာ …။

“နမောတဿ ယတောမဟိ၊ ဟိမတောယ ဿတမောန”

ကောင်းစည်သူ(ပုဂံမြို့သစ်)