တစ်နေ့တွင် ကျွန်တော်သည် ဘုရားကန်တော့ပြီးနောက် မေတ္တာပို့သသောအလုပ်ကို ပြုလုပ်နေစဉ်မှာပင် ကျွန်တော့်ထံသို့ ဗေဒင်လာမေးနေကျ ဖောက်သည်ကြီး ဒေါ်အေးသွယ်သည် စောစောစီးစီး ရောက်လာပါတော့သည်။
လူမရောက်မီမှာပင် အသံက အရင်စ၍ကြား နေရသောကြောင့် ကျွန်တော်လည်း –
“ဗျို့ … ဒေါ်လေကြွယ် …၊ အေးလေ မှားသွားလို့ …၊ ဗျို့ ..ဒေါ်အေးသွယ် …၊ ဘာတွေ ဖြစ်လာတာလဲ …၊ စောစောစီးစီးဗျာ” ဟု လှမ်း၍ ပြောလိုက်ပါသည်။ ထိုအခါ ဒေါ်အေးသွယ်က –
“ဒီရက်ပိုင်းမှာ သိသိသာသာ လာဘ်ပိတ်နေလို့ဆရာရေ”ဟု ပြောရာ ကျွန်တော်က –
“လာဘ်ပိတ်နေရင် ပွင့်အောင် ကြိုးစားပေါ့ဗျ …”ဟု ပြန်၍ပြောလိုက်ပါသည်။ ဒေါ်အေးသွယ်ကြီးက –
“လာဘ်ပွင့်ချင်လို့ ဗေဒင်ဆရာဆီကို လာတာပေါ့ …” ဟု ပြန်ပြောလေသည်။ ကျွန်တော်က –
“ကိုယ်ကမကြိုးစားဘဲနဲ့ ဗေဒင်ဆရာဆီကိုပဲ လာနေရုံနဲ့တော့ လာဘ်ပွင့်မှာမဟုတ်ဘူးဗျိုး …၊ ဗေဒင်ဆိုတာမျိုးက လာဘ်ပွင့်အောင် ကြိုးစားနေ သူတွေကိုပဲ အထောက်အကူ ဖြစ်စေမှာ ….”ဟု ပြန်၍ပြောလိုက်ပါသည်။ ထိုအခါ ဒေါ်အေးသွယ်က –
“ဟုတ်ကဲ့ပါဆရာရယ် …ဟုတ်ကဲ့ပါ …၊ ကိုယ်လည်း ပွင့်အောင် ကြိုးစားပါ့မယ် …၊ ဆရာ့ဆီက နည်းလေးတစ်ခုကိုလည်း လိုချင်လို့ပါ”ဟု တောင်းတောင်းပန်ပန်နှင့် ပြောပါတော့သည်။
သို့ဖြစ်သောကြောင့် ကျွန်တော်ကလည်း ခုနစ်ရက်သားသမီးများ နေ့စဉ်ဆောင် ရွက်နိုင်သော အောက်ပါနည်းကို ပြောပြလိုက်ရပေတော့သည်။
ခုနစ်ရက်သား သမီးများ လာဘ်မိုးစွေလိုသော်…
တနင်္ဂနွေသားသမီးများ လာဘ်မိုးစွေရန် – ဘုရားသောကြာထောင့်တွင် ရွက်လှ(၁၇)ညွန့်၊ သီး(၂၁)ညွန့် လှူပါ။
တနင်္လာသားသမီးများ လာဘ်မိုးစွေရန် – ဘုရားစနေထောင့်တွင် ပိတောက်(၂၉)ညွန့်လှူပါ။
အင်္ဂါသားသမီးများ လာဘ်မိုးစွေရန် – ဘုရားတနင်္ဂနွေထောင့်တွင် အိုးတစ်လုံးတည်း၌ သီး(၂၁)ညွန့် ထည့်၍လှူပါ။
ဗုဒ္ဓဟူးသားသမီးများ လာဘ်မိုးစွေရန် – ဘုရားတနင်္လာထောင့်တွင် ဒန်းကြီး(၂၅)ညွန့် လှူပါ။
ကြာသပတေးသားသမီးများ လာဘ်မိုးစွေရန် – ဘုရားအင်္ဂါထောင့်တွင် ဩဇာ(၁၄)ညွန့် လှူပါ။
သောကြာသားသမီးများ လာဘ်မိုးစွေရန် – ဘုရားဗုဒ္ဓဟူးထောင့်တွင် ခရေ(၃၂)ညွန့် လှူပါ။
စနေသားသမီးများ လာဘ်မိုးစွေရန် – ဘုရားကြာသပတေးထောင့်တွင် စံပယ်(၂၇)ကုံး လှူပါ။
…
ကောင်းစည်သူ(ပုဂံမြို့သစ်)
