တစ္ဆေက ပြန်ပြီး ကြောက်ရတဲ့ လူ

သရဲ၊ တစ္ဆေဆိုတာ မြင်ဖူးသူရှားတယ်။ ဒါပေမဲ့ တကယ်ရှိနေတာတော့ သေချာတယ်။

လောကကြီးမှာ ၃၁ ဘုံ ရှိနေတယ်ဆိုတော့ တစ္ဆေ၊ သရဲလို့ခေါ်တဲ့ မသိသာ မမြင်သာတဲ့ ပရလောကသားတွေရှိနေတဲ့ကိစ္စကို မယုံဘူးလို့ လွယ် လွယ်ပြောလို့ မရပါဘူး။ လေကို မမြင်ရပေမယ့် ကိုယ်တို့ရဲ့ ပတ်ဝန်းကျင်မှာ လေရှိနေတာကိုတော့ တစ်နည်းနည်းနဲ့ သိကြတာပဲလေ။ သစ်ပင်တွေ ယိမ်းနွဲ့နေတာကြည့်ပြီး လေရှိနေတာ လက်ခံရတယ်။ နှာသီးဖျားမှာ ထွက်လေဝင်လေကို သတိထားပြီး မမြင်သာတဲ့ လေရှိနေတာ လက်ခံကြရတယ်။

သရဲ၊ တစ္ဆေဆိုတာ မြင်ဖူးသူရှားတယ်။ ဒါပေမဲ့ တကယ်ရှိနေတာတော့ သေချာတယ်။ အထူးသဖြင့် လောလောလတ်လတ် သေဆုံးသွားပြီး ချက်ချင်းမကျွတ်လွတ်နိုင်သေးဘဲ တစ်ခုခု တစ်နေရာရာကို စွဲလမ်းသွားလာ လှုပ်ရှားနေတဲ့ ဝိညာဉ်ဆိုတာတွေ ရှိနေတတ်တယ်။ ဒါကို မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးက နိုင်ငံအမျိုးမျိုး၊ လူအမျိုးမျိုးတွေကလည်း ယုံကြည်နေကြတာပါပဲ။

ဒါကြောင့် တစ္ဆေသရဲ ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းတွေ ကမ္ဘာမှာ ပျံ့နှံ့နေကြတာပေါ့။ ဇာတ်လမ်းတွေကို လေ့လာကြည့်တဲ့အခါ အရှေ့တိုင်းသားတွေ ရိုက်တဲ့ သရဲကားတွေကို အရှေ့တိုင်းသားအချင်းချင်း ကြိုက်နှစ်သက်ကြတယ်။ အနောက်တိုင်းသား ရိုက်တဲ့ သရဲကားတွေကို အနောက်တိုင်းသားတွေက ကြိုက်နှစ်သက်ကြတာများတယ်။ မင်းတို့မြန်မာတွေက အိန္ဒိယသရဲကား၊ ထိုင်းသရဲကားတွေကို ပိုမို နှစ်ခြိုက်ကြလေ့ရှိတယ်။

များသောအားဖြင့် စိတ်ကူးယဉ်သရဲကားတွေက များပါတယ်။ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးနိုင်တာ နည်းပါတယ်။ ခက်တာက သရဲကို လူ တိုင်းမြင်ဖူးဖို့ မလွယ်ဘူးဗျ။ သရဲကိုမြင်နိုင်တဲ့ လူတွေဟာ အနည်းအကျဉ်းပဲ ရှိပါတယ်။ တချို့ကတော့ သရဲ တစ္ဆေကိုမြင်ရတဲ့သူတွေဟာ လိပ်ပြာငယ်တဲ့သူတွေ ဖြစ်တယ်။ ကံဇာတာညံ့နေတဲ့အခါမျိုးမှာ မြင်ရလေ့ရှိတယ်လို့ ပြောကြတာတွေရှိတယ်။ အချို့ကလည်း တစ္ဆေသရဲကို ကံညံ့နေသူတွေသာ တွေ့နိုင်တယ်။ ကံဇာတာ မြင့်တက်နေသူတွေ တစ္ဆေသရဲကို မမြင် နိုင်ဘူးလို့ ဆိုကြသူတွေလည်း ရှိတယ်။

အဲဒီအဆိုကို လက်ခံရမလား။ မဆိုနိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း သရဲတစ္ဆေကို ငယ်စဉ်ကလေး ဘဝတုန်းကပဲ မြင်ဖူးခဲ့ပြီး ကြီးလာတဲ့အခါ တစ်ခါမှ မမြင်ဖူးတော့ဘူး။ ငယ်စဉ် ပြင်ဦးလွင်(ဟိုတုန်းကတော့ မေမြို့လို့ပဲ ခေါ်ကြတယ်)မှာ နေခဲ့တုန်းက ညတစ်ညမှာ သရဲခြောက်တာ ခံခဲ့ရဖူးတယ်။ ဆယ် နှစ်မပြည့်သေးဘူး။ ညဘက် လူခြေတိတ်ဆိတ်ချိန် အိမ်နံရံပေါ်မှာ အရိပ်မည်းမည်းကြီး ရွေ့လျားနေတာ ကို တွေ့ရတာပါ။

မှတ်မှတ်ရရ ပြန်ပြောပြရမယ်ဆိုရင်တော့ အဲဒီမည်းမည်းအရိပ်ကြီးဟာ ဂျပန်စစ်သားတစ်ယောက်ရဲ့ အရိပ်မည်းကြီးပါပဲ။ ဂျပန်ဦးထုပ်ဆောင်း ထားပြီး လက်ထဲမှာ သေနတ်ကြီးကိုင်ထားတာကို တွေ့ရတယ်။ တော်သေးတာက နံရံပေါ်မှာ လှုပ်ရှား နေတဲ့အရိပ်ဟာ အခန်းထဲကိုတော့ မလာဘူး။ ရုပ်လုံးကြွလူပုံသဏ္ဌာန်မဟုတ်ဘူး။ နံရံပေါ်မှာပဲ ကပ်ပြီး ရွေ့လျားနေတာ ဘာသံမှလည်း မထွက်ဘူး။ အသံ တိတ် သရဲခြောက်တာ။

ကိုယ်က လန့်ဖျပ်ပြီး အော်ပေမယ့် အော်သံ ထွက်မလာဘူး။ အခန်းထဲမှာ မနေရဲတော့တာနဲ့ ကိုယ်နဲ့တစ်ခုတင်တည်း အိပ်တဲ့ ကိုယ့်တူကိုနှိုးတယ်။ သူက အိပ်မောကျနေလို့ တုတ်တုတ်တောင် မလှုပ်ဘူး။ ဒါနဲ့သူ့ကို ကုန်းပိုးပြီး အိပ်ခန်းထဲက ပြေးထွက်ခဲ့ရတယ်။ လူကြီးတွေရဲ့ အိပ်ခန်းထဲရောက်အောင် သွားပြီး သူတို့ရဲ့ ခုတင်ပေါ်မှာပဲ တိုးဝှေ့ပြီး အိပ်ခဲ့ရတယ်။

နောက်တစ်နေ့မှာ ပြင်ဦးလွင်က ရွာခံလူကြီး တွေပြောပြမှ အဲဒီနေရာဟာ ဂျပန်ခေတ်တုန်းက ဂျပန်စစ်သားတွေ အတုံးအရုံး သေခဲ့ဖူးတဲ့ နေရာလို့ သိရတယ်။ အိမ်နောက်ဖေးဘက်မှာ ဂျပန်တွေ ပုန်းခိုခဲ့ကြတဲ့ ဗုံးခိုကျင်းဟောင်းတွေ ရှိနေတုန်းပဲ။ တချို့ကျင်းတွေထဲမှာ ဂျပန် စစ်သားတွေရဲ့ ဦးထုပ်တို့လို အသုံးအဆောင်ပစ္စည်းတွေ တွေ့ရဖူးတယ်လို့ လည်း ပြောကြတယ်။

လူကြီးတွေလည်း ညဘက်အိပ်ရာသွားတဲ့အခါ (အိမ်သာက အိမ်နဲ့ အတော်လေးလှမ်းတယ်) နောက်ကနေ သစ်ရွက်ခြောက်တွေနင်းပြီး လိုက်လာတဲ့ ခြေသံကြားရတာမျိုးတွေလည်း ရှိလာခဲ့တယ်။ အဲဒီတုန်းက တကယ်သရဲခြောက်ခံရတာလို့ ပြန်မှတ်မိခဲ့တယ်။ သို့သော် နောက်ထပ်တော့ တစ်ခါမှ ထပ်မတွေ့ရတော့ဘူး။

ဘယ်နေရာရောက်ရောက် ထပ်အခြောက် မခံရတော့တာပါ။ ဘာကြောင့်လဲဆိုတော့ တဖြည် ဖြည်း လူလားမြောက်လာတဲ့အခါတွေမှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို နေ့စဉ်မမေ့ဘဲ နေ့နေ့ညည ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ မေတ္တာခံယူ၊ မေတ္တာပို့သစတဲ့ ကြည်ညိုသဒ္ဓါစိတ်တွေနေ့စဉ် ယိုဖိတ်ခဲ့တယ်။ ဗုဒ္ဓနုဿတိ ပုတီးတွေ အများကြီးစိတ်ခဲ့တယ်။

ဒီလိုနဲ့ အသက်အရွယ်ကြီးရင့်ပြီး အသက်ငါးဆယ်ခြောက်ဆယ်အရွယ် ရောက်တဲ့အခါ ဝါတော် သိက္ခာတော်ကြီးမားတဲ့ ဆရာတော်ကြီးတစ်ပါးက ကိုယ့်ကို မေးခွန်းထုတ်လာခဲ့ပါတယ်။

“စာရေးဆရာ ဒကာကြီး… ညဘက်သန်းကောင်သန်းလွဲ အိမ်အပြင်ဘက်ကို လျှောက်သွား တာမျိုးရှိလား”လို့ ခပ်ဆန်းဆန်းမေးတာပါ။

ကိုယ်က ချက်ချင်းပဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ပြီး လျှောက်တင်လိုက်တယ်။

“မှန်ပါ ညဘက်တွေမှာလည်း အပြင်ထွက်တာပါပဲဘုရား တပည့်တော်ရဲ့ စိတ်ထဲမှာ သရဲတွေ တစ္ဆေတွေ ကြောက်တဲ့စိတ် မရှိလှပါဘူး”

ကိုယ့်စကားကြောင့် ဆရာတော်ဘုရားက အဓိပ္ပာယ်ပါပါ ပြုံးတော်မူလိုက်တယ်။

“ဒကာကြီးက သရဲတစ္ဆေတွေကို မကြောက်ဘူးဆိုပေမယ့် သရဲတစ္ဆေတွေက ပြန်ပြီး ကြောက်မှာစိုးလို့ ပြောတာ”

“ဘယ်လို ဘုရား… သရဲတစ္ဆေက တပည့်တော်ကို ပြန်ကြောက်မယ် ဟုတ်လားဘုရား”

“ဟုတ်တယ် ဒကာကြီးက ဘုရားတရားမြဲတယ်ဆို ပရိတ်ပဋ္ဌာန်းတွေ ရွတ်တယ်ဆို၊ ဂုဏ်တော်ပုတီး အမြဲစိပ်တယ်ဆို”

“မှန်ပါဘုရား နိစ္စပတ် အနေနဲ့ လုပ်တာတွေပါဘုရား”

“အဲဒါကြောင့် ပြောတာ။ တကယ်ဆို သရဲ တစ္ဆေဆိုတာ လူလောက် ဘုန်းမမြင့်ကြဘူး။ သူတို့ခဗျာ ဘုံဘဝ မတည်မြဲလို့ နာနာဘာဝအဖြစ် လှည့်လည် နေရရှာတာ။ လူက သရဲထက် ဘုန်းကံ အများကြီး ပိုကြီးမြင့်တယ်။ ဘုန်းမြင့်လို့လည်း သူတို့သွားလာ လှုပ်ရှားနေကြတာကို လူတိုင်းမမြင်ကြရတာ။ သရဲတစ္ဆေကို မြင်တယ်ဆိုတာ ဘုန်းကံနိမ့်မှ မြင်ရတာ”

“မှန်ပါ့ဘုရား”

“ဒါကြောင့် ဗုဒ္ဓါနုဿတိ မြဲတဲ့၊ သရဏဂုံကို ထုံမွှန်းနေတဲ့ ဒကာကြီးအနေနဲ့ ပရလောကသား တွေထက်(သရဲတွေထက်) ဘုန်းကံပိုပြီးမြင့်တယ်။ ဒါကြောင့် ဘုန်းကံနိမ့်တဲ့ နာနာဘာဝ ဝိနာဘာဝတွေဟာ ဒကာကြီးတို့ရဲ့ အနားကို မကပ်ရဲကြဘူး။ သူတို့ နားကို သရဏဂုံထုံသူတွေ ရောက်လာရင်လည်း သူတို့ခဗျာ မနေသာဘဲ ကြောက်ရွံ့ပြီး ပြေးလွှားသွား ကြရတယ်”

“ဪ… ဒီလိုလား ဘုန်းဘုန်း”

“ဟုတ်တယ် …အကာလ ညအခါဆိုတာဟာ တစ္ဆေသရဲတွေ အစာရေစာရှာဖွေ စားသောက် ကြရတဲ့အခါပဲ ဒကာကြီး။ သူတို့ဟာ အမှိုက်ပုံတွေမှာ စွန့်ပစ်ထားကြတဲ့ ထမင်းခဲတွေ၊ စားစရာတွေ၊ ဟင်း အကျန်တွေကို ရှာဖွေနေတုန်း သီလလုံခြုံပြီး သရဏ ဂုံပွားထားတဲ့ လူတစ်ဦးဦး ရောက်လာရင် မနေသာဘဲ ထွက်ပြေးကြရတယ်။ အဲဒီလူအဝေးကို ရောက်သွားမှ အစာဆီပြန်လာ ပြန်ရှာစားကြရတယ်”

“သူတို့ဒုက္ခ ရောက်တာပေါ့ ဘုရား”

“ဟုတ်တယ် ဒကာကြီးရဲ့ …ဒါကြောင့် ညဘက်သန်းခေါင်မှာ အပြင်မထွက်ဖို့ ပြောရတာ ဒကာကြီးအတွက် စိုးရိမ်လို့ ပြောတာ မဟုတ်ဘူး။ သူတို့ခမျာများအတွက် ပြေးရလွှားရနဲ့ ဒုက္ခရောက် ကြရရှာမှာစိုးလို့ ပြောရတာ။ သူတစ်ပါး အစာရှာနေ တဲ့အချိန်မှာ အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုးလို့ ဒကာကြီးရေ …”

“တပည့်တော် သဘောပေါက်ပါပြီဘုရား။ နောင်ကို ဆင်ခြင်ပါ့မယ် ဘုရား”

ဆရာတော်ကြီးမိန့်ကြားလို့ လင်းရောင်တင် ဗဟုသုတ တိုးခဲ့ရပါတယ်။ စာဖတ်ပရိသတ်များ လည်း သီလလုံ၊ ဗုဒ္ဓါနုဿတိပွားသူများ သတိထား ကြဖို့ လိုမယ်ထင်ပါတယ်။ ကိုယ့်ကြောင့်သူများဒုက္ခ မရောက်ရအောင်လို့ပေါ့ဗျာ။ လောကကြီးမှာ သရဲကို လူတွေက မမြင်ရဘဲ ကြောက်နေကြတာပါ။ တကယ် တော့ သရဲက ပြန်ပြီးကြောက်ရတဲ့ လူတွေရှိနေကြပါတယ်။ စာဖတ်သူရော ဘယ်လိုလူစားမျိုးလဲ။

သရဲကိုကြောက်တဲ့လူလား၊ သရဲက ပြန်ပြီး ကြောက်ရတဲ့လူလား။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)

Copy ကူးယူခွင့်အား ပိတ်ထားပါသည်။ ကျေးဇူးတင်ပါသည်။