ဆဲရေးခြင်းကို ရှက်တတ်ပါ ဆဲရေးခြင်းကို ကြောက်တတ်ပါ

လင်းရောင်တင်ရဲ့ တူတော်မောင်တစ် ယောက်ဟာ ဒေါသကြီးပါတယ်။ ဒေါသကြီးတာနဲ့ အလျောက် မိသားစုတွေအပေါ်မှာ မကြားဝံ့ မနာသာ တွေ ဆဲဆိုပါတယ်။ အယုတ္တ အနတ္တ သူဆဲရေးသမျှ ကြမ်းတမ်းတဲ့ ဖရုဿဝါစာ တွေကို စာနဲ့တောင် ရေး ပြလို့မရလောက်အောင် ရိုင်းစိုင်းကြမ်းတမ်းလွန်းလှပါ တယ်။ မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မှလုံးဝမတော် တဲ့ စကားလုံးတွေနဲ့ကို ဆဲရေးတိုင်းထွာတာပါ။ ထူးခြားတာကတော့ သူ့အသက်လေးဆယ် ကျော်ကျော်လောက်မှာ သွားတွေ တစ်ချောင်းပြီးတစ် ချောင်း ကျိုးကုန်ပါတယ်။ ခပ်ငယ်ငယ်နဲ့ ပါးချောင် နားချောင်တွေကျပြီး အဘိုးကြီးအိုလေးလို ဖြစ်သွား ပါတယ်။ အသက်ငါးဆယ်မပြည့်ခင်မှာဘဲ အံပုံ အံ ကပ် လုပ်ရပါတော့တယ်။

“ဟာ …၊ မင်း အစောကြီး အံပုံတပ်နေရ ပါလားကွ …” လို့ ကိုယ်က တအံ့တသြမေးတဲ့အခါ – “ဟုတ်တယ် ဦးလေး …၊ ဟဲ ..ဟဲ ..၊ ဦးလေးသိတဲ့အတိုင်း ကျွန်တော်က ဒေါသထွက်ရင် တစ်တစ်ခွခွဆဲတတ်တယ်လေ …၊ ဒါကြောင့် သွား တွေ အစောကြီးကျိုးကုန်တာပေါ့ …” လို့ ပြန်ပြောပါတယ်။ ဒီလိုတော့လည်း သိ သားပဲ။ အဲဒီလို သိသိကြီးနဲ့ ကျူးလွန်တဲ့လူမျိုးက ဆုံးမရ ခက်တယ်။ ဘုန်းကြီးတစ္ဆေဆိုတာ ကမ္မဝါ ရွတ်ဖို့ မလွယ်ဘူးလေ။ ဆဲတဲ့အကုသိုလ်က သွားတွေ ကျိုးတာတင် မကဘူး။ ခံတွင်းနံ့လည်း သူမတူအောင် နံတတ်တယ်။ ခန္ဓာကိုယ်လည်း အနံ့မကောင်းနိုင် ဘူး။ လူတွေ မုန်းသလို၊ နတ်တွေလည်း မုန်းမှာပဲ။ လူတွေမုန်း နတ်တွေမုန်းရင် ဒုက္ခမျိုးစုံ ရောက်တတ် တာပဲ။

(၂) လင်းရောင်တင်ရဲ့ မိခင်ကြီးဒေါ်သန်းတင် ကျတော့ လုံးဝ(လုံးဝ)ကို မဆဲတတ်ဘူး။ သူ အသက် ရှစ်ဆယ်ကျော်အထိ နေသွားတာ ဆဲရေးတဲ့စကား လုံးဝ ပြောမသွားဘူး။ ဘယ်သူ့ကိုမှ မဆဲသွားခဲ့ဘူး။ ကြမ်းကြမ်းတမ်းတမ်းလည်း မပြောတတ်ဘူး။ ဒီ အတွက် သူ့အသက် ခုနစ်ဆယ် ရှစ်ဆယ်အထိ အရွယ်တင်တယ်။ ရုပ်ရည်ချောမောလှပတယ်။ ပါး ရေ နားရေ တယ်ပြီးမတွန့်လှဘူး။ “အမေနဲ့သမီးတွေနဲ့ အတူလျှောက်လာတာ၊ ညီအစ်မတွေ လမ်းလျှောက်လာသလိုပဲ …၊ ကြီးမေ က တော်တော်အရွယ်တင်တယ် …” လူတွေ အဲသလိုပြောတာ ခဏခဏကြားခဲ့ ဖူးတယ်။ ဟုတ်တယ်။ အမေက တော်တော်ချော တယ်။ မင်းသမီးရှုံးတယ်။ အသားအရေကလည်း ကြည်လင်တယ်။ သူ့မျက်လုံးတွေက အိုတဲ့အထိ တောက်ပနေတယ်။ သူကွယ်လွန်ကာနီးမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ညည်းညူသံ မကြားရဘူး။ တွန့် ခြင်း ရွဲ့ခြင်း မဲ့ခြင်း မရှိဘူး။

“ငါသေရင် တုဿိတာနတ်ပြည်ကို တက် မယ် …၊ တုဿိတာနတ်ပြည်မှာ ဘုရားအလောင်း တော်နတ်သားရှိတယ် …၊ နတ်ပြည်မှာရှိနေတုန်း ဘုရားလောင်းအရိမေတ္တယျနတ်သားရဲ့ အဆုံးအမ တွေ တရားတွေ နာယူမယ် …၊ ဘုရားအလောင်း နတ်သက်ကြွပြေီး လူ့ပြည်ပြန်ဆင်းတဲ့အခါကျမှ ငါ လည်း လူ့ပြည်ပြန်ဆင်းမယ် …၊ အရိမေတ္တယျ ဘုရား ပွင့်တဲ့အခါ သူဟောတဲ့တရားတွေနာပြီး နိဗ္ဗာန် ဝင်မယ် …” အမေအမြဲပြောလေ့ရှိတဲ့ စကားပါ။ သူပြော တဲ့အတိုင်းပဲ။ သူဆုံးကာနီးမှာ နတ်ရထားတွေ ရွေး တဲ့ပုံစံ တွေ့ရတယ်။ ပထမပိုင်း သုံးခါလောက် လက် ကာတယ်။ နောက်တော့မှ လက်ယပ်ခေါ်ပြီး အသက် ထွက်သွားတာ တွေ့ကြရတယ်။

ပုံပန်းကတော့ သူ ဆုံးကာနီးမှာ အောက်ပိုင်းနတ်ပြည်တွေဖြစ်တဲ့ စတု မဟာရာဇ်၊ တာဝတိံသာ၊ ယာမာ စတဲ့နတ်ရထားတွေ ဆိုက်တဲ့အခါ သူ မလိုက်ချင်လို့ လက်ကာတာမျိုး ဖြစ်နိုင်တယ်။ အဲ …သူလိုက်ချင်တဲ့ တုဿိတာနတ်ပြည် က နတ်ရထားဆိုက်လာတော့မှ လက်ယပ်ခေါ်လိုက တာဗျ …။ အဲဒါမျိုးကိုခေါ်တာနေမှာ။ ဓမ္မကထိက ဆရာတော်ကြီးတွေ ဟောလေ့ ရှိတဲ့ “ပြုံးသေ” ဆိုတာလေ။ မကောင်းတဲ့ ဒုစရိုက် အမှုတွေ အများကြီးပြုထားခဲ့ဖူးတဲ့ လူတစ်ယောက် သေရင် ဝေဒနာကို ဆိုးဆိုးရွားရွားခံစားရပြီး မဲ့မဲ့ ရွဲ့ရွဲ့ သေတတ်တယ်။ သုစရိုက် ကောင်းမှုတွေ များ များပြုထားတဲ့ လူတစ်ယောက်သေရင် နောင်ရေး အတွက် စိတ်အေးရပြီး ကောင်းရာသုဂတိ ကောင်း ရာဘုံကို လားရ ရောက်ရမှာဖြစ်တဲ့အတွက် ပြုံးပြုံး လေးနဲ့ သေရတတ်ပါသတဲ့ …။ ဒါကြောင့် ကိုယ့်အမေတို့ သေရတဲ့အသေက ပြုံးသေပါ။ “ကြည့်ရတာ အိပ်ပျော်နေသလိုပဲ …၊ အသားလေးကို ဝင်းနေတာပဲ …” အဲသလို ပြောကြတယ်။

ဟုတ်တယ်။ အမေ ဆုံးပြီး သုံးရက်ကြာတဲ့အခါမှာ သူ့မျက်နှာဟာ ညို ပုပ်မသွားဘူး။ သွေးရောင်လွှမ်းတဲ့မျက်နှာနဲ့ပဲ။ ပြုံး ယောင်ယောင်လေး။ ပစ်လိုက်ရမှာ နှမြောစရာ ပုံစံ မျိုး။ အသက်ကြီးပြီဆိုတော့ မိတ်ကပ်တွေဘာတွေ နဲ့ လူကြည့်ကောင်းအောင် ပြင်စရာလည်းမလိုတော့ ဘူး။ ဒါပေမဲ့ သူ့ကို မြေးတွေက တစ်ကိုယ်လုံး စံပယ်ပန်းတွေ ဖုံးနေအောင် ပူဇော်လှူဒါန်းထားကြ တာ မျက်နှာလေးတစ်ခုပဲ ပေါ်တော့တယ်။ တကယ့် ကို အိပ်နေတဲ့ပုံစံပါ။ တိုက်ဆိုင်လို့ ပြောပြရမယ်ဆိုရင်တော့ အမေ က စံပယ်ပန်းဖြူဖြူလေးတွေ ဘုရားတင်တာ သိပ် ပြီး ဝါသနာပါတယ်။ “ငါကတော့ ဘုရားကို စံပယ်ပန်းမွှေးမွှေး ဖွေးဖွေးဖြူဖြူလေးတွေကို တင်တာပဲ သဘောကျ တယ် …၊ ဈေးမှာ စံပယ်ပန်းမရမှဘဲ တစ်ခြား ပန်းဝယ်တာ …၊ ဝယ်တဲ့ပန်းလည်း အဖြူရောင ပိုကြိုက်တယ် …” ဒီနေရာမှာ “အကြောင်းကြောင့် အကျိုးဖြစ်တယ်” ဆိုတဲ့ ဓမ္မစကားကို ငှားပြီးသုံးရမှာပဲ။ ဘုရား ရှင် ကိုယ်တော်မြတ်ကြီးကို စံပယ်ပန်းလို မွှေးမွှေး ဖြူဖြူပန်းလေးတွေအမြဲပူဇော်ခဲ့တဲ့အကြောင်းကြောင့် အမေဆုံးတဲ့အခါ စံပယ်ပန်းတွေဝေနေတဲ့အကျိုးရ တာဖြစ်မှာ။ ကံ၊ ကံရဲ့အကျိုးဆိုတာ ဒါပဲပေါ့။

(၃) တရားတော်တွေထဲမှာတော့ ယုတ်ယုတ်မာ မာ ကြမ်းကြမ်းတမ်းတမ်း တစ်တစ်ခွခွ ဆဲဆိုတတ် တဲ့ (နန္ဒိယရဲ့ မယား) “ရေဝတီ” ဟာ စဉ်းလဲ ကောက်ကျစ်တတ်တယ်။ သဝန်တိုတယ်။ ဒါကြောင့် ရဟန်း၊ ပုဏ္ဏား၊ ဖုန်းတောင်းယာစကာတွေကို ဆဲရေး လေ့ ရှိခဲ့တယ်။ ယုတ်ယုတ်မာမာ တိုင်းထွာပြီး ပြောလေ့ရှိတယ်။ အဲသလို ယုတ်မာတဲ့ ဖရုဿဝါစာ မကောင်းကံကြောင့် ငရဲမှာ အနှစ်နှစ်ထောင်ကျရောက် ခံစားရပါတယ်။ ငရဲက လွတ်သွားတဲ့ ဘဝမှာလည်း လက်၊ ခြေ၊ နှာခေါင်းတွေ ဖြတ်တောက်ခြင်းကို ခံရတယ်။ နောက်တစ်ခါ ဦးခေါင်းဇောက်ထိုး မိုးမျှော်နဲ့ ငရဲမှာ ပစ်ချခြင်းကိုခံရတယ်လို့ ဆိုပါတယ်။ ဆဲရေးတဲ့ ဖရုဿဝါစာ စေတနာဟာ ကိုယ်ရည်မှန်းတဲ့ သူတစ်ပါးထံကို မရောက်ဘဲ ကိုယ့်နှုတ်က ထုတ်ဖော်ဆဲရေးတဲ့အတိုင်း ဘေးအန္တရာယ်ကျရောက်တတ် တယ်လို့လည်း ဆိုပါတယ်။

(၄) ဆဲရေးတာဟာ ဝစီဒုစရိုက်တရား ဖြစ်တဲ့ အတွက် ရဟန်းတော်တွေအတွက် ပညတ်ချက်ထုတ် ထားပါတယ်။ လူတွေအတွက်လည်း ရိုင်းပြတဲ့အရာ ဖြစ်တဲ့အတွက် မဆဲရေးကောင်းပါဘူး။ ဆဲရေးသူကို ဘယ်သူကမှ လေးစားကြည်ညိုမှု မရှိပါဘူး။ ဆဲရေး တာနဲ့ပတ်သက်ပြီး ဝိနည်းပါဠိတော်မှာ တားမြစ်ဖော် ပြထားတာ ရှိပါတယ်။ ဇာတိ – သာကီမျိုး ၊ စဏ္ဍဍာ လမျိုး စသည်ဖြင့် ဇာတ်ကိုထိပါး ဆဲရေးခြင်း၊ နာမ – ဦးမျုးယုတ်၊ ကိုဉာဏ်ကြီး စသည်ဖြင့် အမည်နာမတို့ဖြင့် ထိပါးဆဲရေးခြင်း၊ (၃) ဂေါတ္ထ – ဘုရားကျွန်၊ ကျောင်းကျွန် စသည်ဖြင့် မျိုးနွယ်ကိုခိုက်၍ ဆဲရေးခြင်း၊ (၄) ကမ္မ – ဖိနပ်တိုက်သမား၊ ချေး ကျုံးတဲ့သူ စသည်ဖြင့် အလုပ်အကိုင်ကိုခွဲ၍ ဆဲရေးခြင်း၊(၅) သိပ္ပ – အင်ဂျင်နီယာကြီး ၊ ပါရ ဂူကြီး၊ ကျူထရံယက်သူ စသည်ဖြင့် အတတ်ပညာကို ခွဲ၍ ဆဲရေးခြင်း၊ (၆) အာဗာစ – ဖာကျိုး၊ ရှိုက်ကုန်း၊ မီးယပ်ပိန်၊ မီးယပ်ချောက် စသည်ဖြင့် အနာရောဂါကို ထိခိုက်၍ ဆဲရေးခြင်း၊ (၇) လိင်္ဂ࿿ – လံဖားကြီး၊ အသူရိန်ကြီး။ ငပု၊ ညှပ်စိ၊ ငကုန်း စသည်ဖြင့် အသွင်ကိုခွဲ၍ ဆဲရေးခြင်း၊ (၈) ကိလေသ – တဏှာအိုး၊ ဒေါသ ကုမ္မာ၊ မရှင်းမရှင်း ဝီစိကိစ္စာကြီး စသည်ဖြင့် ကိလေ သာ တစ်ပါးပါးကို အမည်တပ်၍ ဆဲရေးခြင်း၊ (၉) အာပတ္ထိ – ပါရာဇိက၊ သံဃာဒိ သိသ်၊ ဒုက္ကဋ္ဌဌ်အိုး စသည်ဖြင့် အာပတ်အမည်ကိုတပ်၍ ဆဲရေးခြင်း၊ (၁၀) အက္ကောသ – နင့်အမေ၊ နင့်နှမ၊ ခွေးမ သား၊ ခွေးသား စသည်ဖြင့် ဆဲရေးခြင်း၊

(၅) လောကကြီး မပြိုကွဲ မပျက်စီးရလေအောင် ယဉ်ကျေးမှု စည်းကမ်းတွေ မပျက်စီးရအောင် ကမ္ဘာ လောကကြီးကို စောင့်ရှောက်ပေးတဲ့ တရားနှစ်ပါး ရှိပါတယ်။ အဲဒီနှစ်ပါးကို ကမ္ဘာစောင့် တရားကြီး နှစ်ပါး လို့လည်းခေါ်ပါတယ်။ ၁။ ဟီရိတရား – မကောင်းသော အရာဟူသမျှ ပြုလုပ်၊ ပြောဆို၊ ကြံစည်ရမှာကို ရှက်ခြင်း မပြုဝံ့ခြင်း။ ၂။ သြတ္ထပ္ပတရား – မကောင်းမှုဟူသမျှကို ပြုလုပ်၊ ပြောဆို၊ ကြံစည်ရမှာ ကြောက်လန့်ခြင်း၊ မပြုဝံ့ခြင်း။ ဆိုပြီးတော့ ရှက်ခြင်းတရားနဲ့ ကြောက်ခြင်း တရား နှစ်ပါးရှိပါတယ်။ (ဒီနေရာမှာ မကောင်းတာလုပ်ရ၊ ပြောရ၊ ကြံစည်ရမှာကိုသာ ကြောက်ဖို့၊ ရှက်ဖို့ လိုတာပါ။ ကောင်းတာလုပ်ဖို့ကိုတော့ ရှက်စရာ ကြောက်စရာ မလိုပါဘူး။ မှန်တာကို လုပ်၊ ကြံ၊ ပြောဆိုဖို့ ကြောက် စရာ၊ ရှက်စရာ မလိုပါဘူး။) ဟီရိနဲ့ သြတ္ထပ္ပတရားနှစ်ပါးရှိမှ လော ကကြီးဟာ ခိုင်မြဲတည်ရှိနေမှာပါ။ မကောင်းတာတွေ လုပ်ရ၊ ကြံရ၊ ပြောရဆိုရမှာ မကြောက်ကြ၊ မရှက် ကြတဲ့လူတွေ များလာတဲ့အခါမှာတော့ လောကကြီး ဟာ စိုးရိမ်စရာအတိ ဖြစ်လာတတ်ပါတယ်။ ဒါ ကြောင့် ဝစီဒုစရိုက်လို့ခေါ်တဲ့ ဆဲရေးခြင်းကို ရှက် တတ် ကြောက်တတ်ပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကျက်သရေရှိတဲ့ ဂုဏ်တော်တွေ၊ ပရိတ်တွေ၊ ပဋ္ဌဌာန်းတွေ၊ တရားဓမ္မတွေ ရွတ်ဖတ်ပြောဆိုရမယ့် နှုတ်ခမ်းက ဖရုဿဝါစာဖြစ်တဲ့ ဆဲရေးတဲ့ ညစ်ညမ်း တဲ့ စကားလုံးတွေ ပြောဆို ဆဲရေးတာဟာ ဘယ်လိုမှ သဘာဝမကျပါဘူး။ သာယာအေးချမ်းတဲ့ လူ့ဘောင်ကို တည် ထောင်ချင်တယ်ဆိုရင်တော့ …။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်