ဘယ်ပန်းကို ဘုရားတင်မှ ကုသိုလ်ရမှာလဲ

အင်္ဂါသား စနေသမီးလင်မယား၊ ဒါမှမဟုတ် စနေသား အင်္ဂါသမီး လင်မယားတွေ တကျက်ကျက်ရန်ဖြစ်နေကြပြီဆိုရင် နှင်းဆီပန်းသုံးပွင့်လောက် ဘုရားတင်ထားကြည့်လိုက်ပါလား။ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ် ခင်ခင် ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားကြမှာသေချာတယ်။

လင်းရောင်တင်ဆီကို ရောက်ရောက်လာကြတဲ့သူတွေကိုကြည့်ရင်း လူတွေတော်တော်ကြောက်တတ်ကြပါလားလို့ မှတ်ချက်ချမိတယ်။ “ကြံ ကြောက်… လှည်းအောက်မဝင်နဲ့” ဆိုတဲ့ မြန်မာ စကားပုံလိုပဲ။

လူတွေက ကြံကြံပြီးကြောက်နေကြတာ။ ပညာဉာဏ်နည်းပါးလို့ ကြောက်ရမှန်းမသိ၊ မကြောက်ရမှန်းမသိ ကြောက်ကြတာတော့ ထားပါတော့။ တချို့ဆိုရင် ပညာတွေအများကြီးတတ်ထားရဲ့သားနဲ့ ကြံပြီးကြောက်ကြတဲ့လူတွေ ရှိသေးတယ်။ တစ်ခါတုန်းက လင်းရောင်တင်ဆီရောက်လာခဲ့ဖူးတဲ့ ဆရာဝန်မလေးတစ်ယောက်ကို အလုပ်အကိုင်အတွက် ယတြာပေးနေတုန်း သူကဖြတ်ပြီး မေးခွန်းထုတ်ခဲ့တယ်။

“ဘယ်လိုမှ မအောက်မေ့ပါနဲ့ဆရာကြီးရယ်၊ ဟို… ဆရာတော်ကြီးက စံပယ်ပန်းကို ဘုရားမတင်ရဘူးလို့ မိန့်ထားလို့ပါ…၊ ဆရာက အလုပ်အကိုင် တိုးတက်ဖို့အတွက် စံပယ်ပန်းကို ဘုရားတင်ခိုင်းတော့ အဆင်မှပြေနိုင်ပါ့မလားလို့ …” ဆိုပြီး ပြောလာတာပါ။ သူပြောတဲ့ ဝိဇ္ဇာဘုန်းကြီးကို ကိုယ်သိပါတယ်။ တစ်ခေတ်တစ်ခါမှာ လူ တွေဖူးဖူးမှုတ် ရှေ့တန်းတင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ မဂ္ဂဇင်းစာမျက်နှာတွေရဲ့ရှေ့ဆုံးပိုင်းမှာ သူ့ဆောင်းပါး မပါရင် တန်းမဝင်တော့ဘူးလို့တောင် ထင်ရလောက်အောင် ကျော်ကြားခဲ့တဲ့ပုဂ္ဂိုလ်ပါ။

ဒီပုဂ္ဂိုလ်ကြီးက ဘုရားကို မတင်ရမယ့်ပန်း ဆယ့်ငါးမျိုးလောက် တားမြစ်ထားတယ်။ သူရေးတဲ့ ဆောင်းပါးတွေမှာလည်း အဲဒီကိစ္စတွေ ထည့်ရေးလေ့ရှိတယ်။

စံပယ်ပန်းကို ဘာဖြစ်လို့ ဘုရားမတင်ခိုင်းရတာတဲ့လဲ။ ဒါက ရှင်းပါတယ်။ စံပယ်ပန်းကို စံပယ် ပန်းရယ်လို့ စလုံးရေး သေးသေးတင်စံနဲ့ ရေးရမှန်း မသိတဲ့လူတွေ ယူဆကြတဲ့ ‘ပညတ်’ အစွန်းအယူအဆတစ်ခုပါပဲ။ စံပယ်ပန်းကို အသံထွက်တော့ ‘ဇဘယ်’ ပန်းလို့ထွက်ကြတယ်။ တချို့က ကိုယ်လိုရာဆွဲတွေးပြီး ‘စ,ပယ်’ ၊ ကိုယ်က စပြီးအပယ်ခံရတတ်တယ်။ ဒါကြောင့် စ,ပယ်ပန်းကို ဘုရားမတင်ရလို့ ရမ်းသမ်းပြီး အမိန့်ထုတ်ကြတာပါ။ စဉ်းစားကြည့်ကြပါဦးဗျာ။ စံပယ်ပန်းဆိုတာ လောကမှာ အဖြူစင်အသန့်စင်ဆုံးနဲ့ အမွှေးကြိုင်ဆုံး မဟုတ်လား။ တချို့ပန်းတွေက ဖြူစင်လှပပြီး အမွှေးနံ့ မရှိကြဘူး။

(ဥပမာ – ဂန္ဓမာပန်းအဖြူ၊ မေမြို့ပန်းအဖြူ) အဲဒီပန်းတွေကိုတောင် လှတာ တစ်မျိုးနဲ့ ဘုရားတင်ကြတာ မဟုတ်လား။ စံပယ်ဆိုတာက ဖြူဖြူဖွေးဖွေး မွှေးမွှေးလှလှလေးဆိုတော့ ပိုပြီးတော့တောင် ဘုရားတင်ဖို့ ကောင်းသေးတာပေါ့။ နောက်ပြီးတော့ ရှိသေးတယ်။ နှင်းဆီပန်းကိုလည်း ဘုရားမတင်ရဘူးတဲ့။ ပညတ်စွန်းရောက်ပုံ ပြောပါတယ်။ နှင်းဆီပန်းမှာ ဆူးတွေပါလို့၊ အနှောင့်အယှက်၊ အထိအခိုက်တွေ ဖြစ်မှာဆိုးလို့ ဖြစ်ပုံရပါတယ်။ တကယ်တော့ နှင်းဆီပန်းတိုင်း ဆူးပါတာမဟုတ်ပါဘူး။ ရေမွှေးနှင်းဆီတို့လို ဆူးမပါတဲ့ နှင်းဆီပန်းမျိုးစိတ်တွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီ ရေမွှေးနှင်းဆီဆိုရင် လူတွေအတွက် အကျိုးရှိတယ်။ ရေမွှေးနှင်းဆီရနံ့က နှလုံးရောဂါရှင်တွေကို ပျောက်ကင်းချမ်းသာစေတယ်။ နှလုံးအေးငြိမ်း ချမ်းသာစေတယ်။ သေချာတာတစ်ခုကတော့ ရေမွှေးနှင်းဆီကို ဘုရားတင်ထားရင် တစ်အိမ်လုံးမွှေးပျံ့ပြီး စိတ်ချမ်းသာစေတာ အမှန်ပဲ။

အဲဒီအကြောင်းအရာတွေကို ကိုယ်က ဆရာဝန်မကလေးကို ရှင်းပြခဲ့ရတယ်။ သူက ငြိမ်ပြီးတော့သာ နားထောင်နေတယ်။ သိပ်ပြီး ဘဝင်ကျချင်ပုံတော့ မရဘူး။ ဟိုက ရဟန်းဖြစ်နေတာကိုး။ ရဟန်းပြောတဲ့စကားနဲ့ လူပြောတဲ့စကားနဲ့ယှဉ်ရင် ရဟန်းစကားက ပိုမှန်နိုင်တယ်လို့ ထင်မြင်ယူဆတဲ့အယူအဆတွေက အမြစ်တွယ်နေတော့ ပြောရခက်တယ်လေ။ တကယ်စဉ်းစားကြည့်ရင် လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် ပုထုဇဉ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် လွဲနိုင်သေးတာပဲ မဟုတ်လား။

လင်းရောင်တင်ရေးသမျှ ပြောသမျှ အမှန်လို့လည်း ဘယ်တုန်းကမှ မယူဆခဲ့ဖူးဘူး။ ပုထုဇဉ်ပဲရှိသေးတော့ မှားခွင့်ရှိနေသေးတာပဲ။ မှားနိုင်လွဲနိုင်သေးတာပဲလေ။ စဉ်းစားကြည့်ကြဖို့သာ တင်ပြတဲ့သဘောပါ။ စံပယ်တို့ နှင်းဆီတို့လို ပန်းမျိုးကို ဘုရားမတင်ကောင်းဘူးဆိုရင်၊ အဲဒီ စံပယ်ပန်းရောင်းသူတွေ နှင်းဆီပန်းရောင်းသူတွေ ထမင်းငတ်မကုန်ဘူးလား။ ဒီလူတွေ ဒီပန်းတွေကို အမေရိကားသွားရောင်းရမှာလား။ နှင်းဆီခြံတွေ၊ စံပယ်ခြံတွေ ဖျက်သိမ်း ခုတ်ထွင်ရှင်းလင်းလိုက်ရမှာလား။ “ဒါကို ဒီလိုမလုပ်နဲ့… ဟိုဟာကို ဟိုလို မလုပ်နဲ့” ယတိပြတ်ပြောတာဟာ သိပ်လွယ်တယ်။ အဲဒီစကားရဲ့နောက်မှာ သက်ရောက်မှုတွေ အများကြီးဖြစ်ပျက်သွားနိုင်တယ်။

“သက်သတ်လွတ်စားတာ အလကား၊ ဘာအဓိပ္ပာယ်မှ မရှိဘူး၊ ဘာကုသိုလ်မှ မရဘူး၊ ဘုရားကလည်း မစားနဲ့လို့ မပညတ်ဘူး” ဆိုတဲ့ ဟောတရားတွေ များများထွက်လာတဲ့ သက်ရောက်မှုနောက်ဆက်တွဲမှာ ဘာတွေဖြစ်လာလည်းဆိုတော့ သက်သတ်လွတ်ချည်းပဲ သက်သက်ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ တော်တော်များများ ပြုတ်ကုန်တယ်။ ပိတ်ပစ်လိုက်ရတယ်။ တချို့ သက် သတ်လွတ်ဆိုင်တွေ သူ့ချည်းပဲရောင်းလို့ အဆင်မပြေတော့တဲ့အတွက် အသားငါးဟင်းလျာတွေပါ တွဲပြီး ရောင်းချလာကြရတယ်။

ဒါကြောင့် ဟိုပန်းကို ဘုရားမတင်နဲ့၊ ဒီပန်းကို ဘုရားမတင်နဲ့လို့ ပြောလိုက်တာလွယ်တယ်။ အဲဒီ နောက်ပိုင်းမှာ ပြဿနာတွေ တော်တော်များများဖြစ်ကုန်တယ်။ ခုပဲကြည့်။ စံပယ်ပန်းကို ဘုရားမတင်ရ ဘူးလို့ မိန့်လိုက်တော့ ဆရာဝန်မလေးလို ခေတ်ပညာတတ်တွေတောင် နားယောင်သွားတယ်။ ဟုတ် နိုးနိုးပေါ့။

“စေတနာ ကမ္မာ ဘိက္ခဝေ” လို့ ဘုရားဟော ထားတာရှိပါတယ်။ “စေတနာသာလျှင်ကံ” ပါတဲ့။ စေတနာကောင်းထားရင် ကံကောင်းမှာပါပဲ။ ဖြူဖွေး မွှေးကြိုင်နေတဲ့ စံပယ်ပန်းလေးတွေလှူရင်း မိမိ လျှောက်လှမ်းတဲ့လမ်းမှာ ဂုဏ်သတင်းတွေသင်းပျံ့ ကြိုင်လှိုင်ပါစေလို့ ဆန္ဒပြုပြီး စံပယ်ပန်းဘုရားတင် ရင် ကုသိုလ်ရမှာပါပဲ။ အလုပ်အကိုင်တွေ အဆင်ပြေမှာပါပဲ။ ဆုတောင်းတွေ ပြည့်မှာပါပဲ။

ဘုရားဇာတ်တော်(ဗုဒ္ဓဝင်)တွေကို လေ့လာ ဖတ်ရှုဖူးတဲ့လူများ ကြားဖူးကြမှာပါ။ ဘုရားရှင်ပွင့်တော်မူခါနီးအချိန်မှာ မြက်ထမ်းသမားရောက်လာပြီး မြက်ရှစ်ဆုပ်လှူတယ်ဆိုတာ။ အဲဒီမြက်ရှစ်ဆုပ်ကို ဘုရားရှင်ဟာ အလှူခံတော်မူပါတယ်။ “မင်းဘယ်လိုလူလဲ၊ ငါဘုရားကို အနံ့မရှိ၊ အဆင်းမရှိတဲ့မြက်တွေ လာလှူရသလား” လို့ ပြောမလွှတ်ပါဘူး။ ကျေနပ်စွာအလှူခံယူတော်မူပြီး ဗောဓိညောင်ပင်အောက်ကို ပလ္လင်အဖြစ် ကြဲဖြန့်ခဲ့တယ်။ အဲဒီပေါ်မှာထိုင်ပြီး တရားကိုဆက်လက်ကျင့်ကြံ အားထုတ်ခဲ့တယ်။ အဲဒီနောက်မှ ရွှေပလ္လင်ပေါ်လာတယ်။ ကဲ… ဘာပြောကြမလဲ။ ဘုရားကို ဘယ်ပန်းမတင်ရ၊ ညာပန်းမတင်ရ ကန့်သတ်နေကြပေမယ့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ မြက်ရှစ်ဆုပ်ကိုတောင် တမွန်တမြတ် အလှူခံယူတော်မူခဲ့တာပဲ မဟုတ်လား။

လင်းရောင်တင်ရဲ့ မာတာမိခင်ကြီး ပြောခဲ့ဖူးတဲ့စကားတစ်ခွန်း ရှိပါတယ်။ ” သား… ဉာဏ်ကို လွှာသုံးပါ” တဲ့။ သူက ဒီလောက်ပဲပြောခဲ့တယ်။ ကိုယ်က ဆက်ပြောချင်ပါတယ်။ “ဉာဏ်ကို ပညာဓားနဲ့ လွှာသုံးပါ”လို့။ တွေးခေါ်ချိန်ဆတတ်တဲ့ပညာနဲ့လွှာသုံးမှ ဟုတ်၏မဟုတ်၏ သိနိုင်မှာပါ။ ကိုင်း… ဘုရားကို ဘယ်လိုပန်းတွေနဲ့ ပူဇော်မှ ကုသိုလ်ရမှာတဲ့လဲ။ ကိုယ့်အယူအဆကတော့ ဘုရားကို စေတနာဇောနဲ့ တင်လှူမယ်ဆိုရင် ဘယ်ပန်းနဲ့ပဲလှူလှူ ကုသိုလ်ရနိုင်မယ်လို့ ထင်ပါတယ်။ (လက်ခုပ်ပန်းလို နံစော်တယ်ဆိုတဲ့ပန်းကလွဲရင်ပေါ့) လင်းရောင်တင်ဘဝမှာ စံပယ်ပန်းတွေနဲ့ ပန်းစာလုံး ဖော်ပြီး ပူဇော်တဲ့အစီအစဉ်တွေ လုပ်ခိုင်းခဲ့ဖူးတာ၊ (ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးတာ) အတော်များများ အောင်မြင်ခဲ့ပါတယ်။

တစ်ခုတော့ရှိတာပေါ့။ ဗေဒင်နက္ခတ်သဘောနဲ့ ဘယ်အချိန်မှာ ဘယ်ပန်းကို ဆောင်ပန်းအဖြစ်သုံးရမယ်။ ဘယ်ပန်းကို နင်းကြမ်းအဖြစ်အသုံးပြုရမယ် ဆိုတာမျိုးတွေကတော့ လောကီပညာသဘောအရ ရှိနေမှာပဲ။ ဒါကို ယုံယုံကြည်ကြည်နဲ့ အသုံးချကြရင်တော့ ကောင်းတဲ့ဓာတ်ခိုက်မှုရမှာပဲ။ ပြောချင်တာကတော့ ဘယ်ပန်းကို ဘုရားမတင်ရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးတွေကို လက်ခံသင့် မခံသင့် စဉ်းစား ချင့်ချိန့်ကြည့်ဖို့ ပြောတာပါ။

ကြုံတုန်း ပြောချင်တာလေးရှိပါတယ်။ အင်္ဂါသား စနေသမီးလင်မယား၊ ဒါမှမဟုတ် စနေသား အင်္ဂါသမီး လင်မယားတွေ တကျက်ကျက်ရန်ဖြစ်နေကြပြီဆိုရင် နှင်းဆီပန်းသုံးပွင့်လောက် ဘုရားတင်ထားကြည့်လိုက်ပါလား။ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ် ခင်ခင် ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားကြမှာသေချာတယ်။ ဓာတ်တူနံတူ ဆေးဘက်ယူဆိုတဲ့ သဘောပါပဲ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မွှေးကြိုင် လန်းဆန်းတဲ့ပန်းများ ကပ်လှူပူဇော်ရင်း မြန်မာနှစ်ဦး မှာ ရွှင်မြူးပျော်ရွှင်နိုင်ကြပါစေ။

လင်းရောင်တင်