အဖေကို ချစ်ကြစေချင်ပါသည်

လောကမှာ အဖေနဲ့အမေဆိုတာ အနန္တဂိုဏ်း ဝင်ကျေးဇူးရှင်တွေပါ။ မိဘတိုင်းသားသမီးအဖြစ်နေခဲ့ကြရပါတယ်။ သားသမီးတိုင်းတော့ မိဘဖြစ်ခွင့် မရရှိနိုင်ခဲ့ကြပါဘူး။ သားသမီးဖြစ်သူတိုင်းမှာတော့ အဖေအမေဆိုတဲ့ မိဘနှစ်ပါးရှိနေကြတာပါပဲ။ သားသမီးတိုင်းမှာ အဖေဆိုတဲ့ အနန္တမေတ္တာကျေးဇူးရှင်ရဲ့အနီးကပ်နွေးထွေးခွင့်ကို မရနိုင်ခဲ့ကြပါဘူး။ အဖေဆိုတဲ့မေတ္တာရှင်အဖေဟာ ကိုယ့်ရဲ့အိမ်သူမှာ ကိုယ်ဝန်ရှိပြီလို့သိတာနဲ့ အပျော်တွေနဲ့ ပီတိဖြစ်နေတဲ့ အဖေပါ။ ကိုယ့်အိမ်သူရဲ့ ဝမ်းကြာတိုက်က သန္ဓေသားလေးဟာ မိန်းကလေးလား ယောကျာ်းလေးလားမသိရသေးပေမယ့် နွေးထွေးတဲ့အကြင်နာတွေနဲ့မိခင်ဖြစ်သူကို မေတ္တာတွေပေးနေတာပါ။ ဒီအကြင်နာမေတ္တာတွေဟာ တကယ်တော့ မမြင်ရသေးတဲ့ ရင်သွေးလေး ထိခိုက်နာကျင်မှုမရှိစေဖို့အတွက် နွေးထွေးတဲ့ မေတ္တာတွေပါ။
သားသမီးရင်သွေးလေး မမွေးဖွားခင်ကတည်းက ငါ့သားလေးမွေးရင် ပညာတတ်ကြီးဖြစ်အောင်၊ စစ်ဗိုလ်ကြီးဖြစ်အောင် ဆရာဝန်ကြီးဖြစ်အောင် ဘယ်လို ကြိုးစားပြီးထားမယ်။ ဘယ်အရွယ်မှာ သာသနာ့ဘောင်သွင်းပြီး ဘယ်လောက်ကြီးကျယ်တဲ့ အလှူတွေလှူမယ်ဆိုတဲ့ အတွေးတွေနဲ့ ပျော်ပြီး ကြိုးစားရုန်းကန်ရှာဖွေနေတာပါ။ သမီးလေးမွေးလာရင်လည်း ဘယ်လိုနာမည်လှလှလေး ပေးမယ်။ ဘယ်လိုအလှဆုံးတွေ ဆင်ပေးမယ်။ ဆရာဝန်မကြီးဖြစ်အောင်၊ ကျောင်းဆရာမကြီးဖြစ် အောင်၊ အရာရှိမကြီးဖြစ်အောင်၊ ဘယ်လိုပြည့်စုံတဲ့ အိမ်ထောင်ဖက်မျိုးနဲ့ ပေးစားမယ်ဆိုတဲ့ အကောင်းဆုံးတွေဖြစ်စေချင်တဲ့အတွေးတွေနဲ့ ကြိုးစားရုန်းကန်ရှာဖွေဖြည့်ဆည်းပေးနေတဲ့အဖေပါ။
အရွယ်လေးရောက်လာလို့ ကျောင်းထားပြီဆိုရင်လည်း ကိုယ့်ရဲ့သားသမီးတွေကို ပခုံးထက်မှာ တင်ပြီး ကျောမှာပိုးပြီး လည်ကုပ်မှာခွပြီး မညည်းမညူ ကြည်နူးမှုအပျော်တွေနဲ့ မေတ္တာကိုအလံထူခဲ့တဲ့ အဖေပါ။ အဖေဆိုတဲ့ လူတွေဟာ သားသမီးကို ဘယ်လောက်ပင် ချစ်သော်လည်း အနီးကပ်ရင်ငွေ့ ပေးပြီး ချစ်နိုင်ယုယနိုင်ခဲလှပါတယ်။ ဘဝပေးအခြေအနေအရ လိပ်မလို မေတ္တာမျိုးနဲ့သာ ချစ်ခွင့်ရကြ တာပါ။ လိပ်မတွေဟာ သူတို့ရဲ့ ဥတွေကို ကမ်းစပ် သဲသောင်ပြင်မှာ ကျင်းဖွဲ့ဥချထားခဲ့ပြီး အဝေးကနေ မေတ္တာရင်ငွေ့နဲ့ ပေါက်ဖွား ကြီးထွားစေခဲ့တာပါ။ အဖေဆိုတာ သားသမီးတွေရဲ့ ဘဝတင့်တယ်ဝင့်ထယ်သွားရင် ပီတိအပြုံးတွေနဲ့ ကျေနပ်ကြည်နူးနေတတ်တဲ့ အဖေပါ။ သားသမီးတွေ ဂုဏ်မြင့်တင့်တယ်ပြီးနေချိန်မှာ မိဘကို ရှေ့တန်းမတင်လူရာမဝင် စေလည်းဘဲ နောက်ကွယ်ကနေ မေတ္တာနဲ့ ကြည့်မြင် ပီတိနဲ့ကြည်လင်ရွှင်မြနေတဲ့အဖေပါ။
သားသမီးနဲ့ အမေနွေးထွေးတဲ့ အကြင်နာ တွေနဲ့ ကြည်နူးရွှင်မြူးနေနိုင်စေဖို့ ဘဝကို ပေးဆပ် အနစ်နာခံရင်း နေပူမိုးရွာ ရေဆန်လေထန် ပင်ပန်း ဆင်းရဲခံကာ အပြင်မှာ ငွေရှာနေတဲ့အဖေပါ။ ချစ် လှတဲ့အိမ်မိသားစုနဲ့ခွဲခွာပြီး ဘဝနဲ့ရင်း၊ အသက်နဲ့ရင်း ချစ်ခြင်းမေတ္တာတွေနဲ့ အနစ်နာခံပေးဆပ်ပြီးနေတဲ့ အဖေပါ။ အဖေဟာ ဘယ်လောက်ပင် အနစ်နာခံ ဘဝကိုပေးဆပ်ပြီးချစ်သော်လည်း သားသမီးတွေရဲ့ ရင်ထဲ ပထမနေရာမရဘဲ မေတ္တာနည်းရှာတဲ့ ဒုတိယ နေရာနဲ့သာ ကြည်နူးရတဲ့အဖေပါ။ အဖေဆိုတာ အမေရဲ့မေတ္တာထက် မပိုပါဆိုပေမယ့် အမေ့မေတ္တာထက်မလျော့တဲ့ မေတ္တာရှင်ဖြစ်သလို တချို့အမေထက် မေတ္တာပိုတဲ့ အဖေတွေလည်း ရှိနေတာပါ။ သားသမီးတွေ ဒီအရွယ်ဒီအသိတွေ သိလာဖို့အဖေ ဆိုတဲ့ အဖေမရှိလို့ မဖြစ်ဘူးဆိုတာ သားသမီးတွေ ရဲ့ရင်ထဲစွဲပြီး သိနေရမှာပါ။ အဖေဟာ သားသမီး မိသားစုငွေရဖို့ ပညာရဖို့၊ ကုသိုလ်ရဖို့ အလှမဖက် ဓနမဖက် ပန်းမွေ့ယာပေါ်မှာ မစံရပေမယ့် အပြုံး နဲ့ ကြည်သာ၊ ရှိတာ ရတာလေးနဲ့ ဘဝကို ဖြေသာနေတတ်တာ အဖေပါ။ အဖေဆိုတာ သားသမီးကို အသားနာစေပေမယ့် ဘဝမနာစေရအောင် ဆုံးမ ပေးတဲ့အဖေပါ။ အသည်းက ဘယ်လိုပင်ချစ်တတ် နုတတ်ပေမယ့် လူဆိုးလူကြမ်းကြီးအဖြစ် သရုပ်ဆောင်ရတာ အဖေပါ။ သားသမီးတွေအနေနဲ့ မေတ္တာရှင် အဖေကို အပြစ်သာမြင်ပြီး ရာဇဝင်မှာ သားသမီးကို မချစ်တတ်သူရယ်လို့ စာရင်းတင်ထားတာပါ။ သားသမီး မိသားစုတွေကို ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေး အရေးများစွာရဲ့ အသိကိုနီတိတွေနဲ့ယှဉ်ပြီး သိ စေခဲ့တာ အဖေပါ။ ဒါပေမဲ့ လောကမှာ အဖေချစ်တို့ အဖေခင်တို့ဆိုတာ ရှားလှပါတယ်။ ရင်ခွင်ပိုက် နို့တိုက်ခဲ့တဲ့ အမေလောက် အချစ်မခံရတာ ဓမ္မတာလို့ ပြောရမလား အဖေဆိုတဲ့ …
သူကြီးအဖေ၊ ပုတီးအဖေ
သမတအဖေ၊ သမထအဖေ
စစ်သားအဖေ၊ သစ်သမားအဖေ
အင်ဂျင်နီယာအဖေ၊ ကေတီဗွီလာအဖေ
ဟော်တယ်ရှင်အဖေ၊ မော်ဒယ်အလှတွေ ခင်တဲ့အဖေ
တံငါဖမ်းတဲ့အဖေ၊ နယ်တကာလှမ်းတဲ့ (အရောင်းအဝယ်)အဖေ
ဥပဒေတတ်တဲ့အဖေ၊ ကံကြမ္မာဖတ်တဲ့အဖေ
ရုံးလုပ်တဲ့(စာရေး)အဖေ၊ ပုန်းခုတ်တဲ့(အရက် မိန်းမ)အဖေ
မုဆိုးလုပ်တဲ့အဖေ၊ မြေအိုးလုပ်တဲ့အဖေ
စာတွေရေးတဲ့အဖေ၊ စာစီပေးတဲ့အဖေ
ကယ်ရီသမားအဖေ၊ တက္ကစီသမားအဖေ
ပန်းရံလုပ်တဲ့အဖေ၊ ခြံလုပ်တဲ့အဖေ
ကားသမားအဖေ၊ အားကစားအဖေ
လက်သမားအဖေ၊ အရက်သမားအဖေ
လူရိုးအဖေ၊ သူခိုးအဖေ
လူဆိုးအဖေ၊ လူဆိုးဖမ်း(ရဲ)အဖေ
လေယာဉ်ပေါ်ကအဖေ၊ ရေပြင်(လှေသ င်္ဘော)ပေါ်က အဖေ
နိုင်ငံခြားကအဖေ၊ နံရံခြားတဲ့အဖေ
ပွဲစားအဖေ၊ ဖဲသမားအဖေ
သုခုမပညာရှင်အဖေ၊ အနုအရွအလှဆင် (ပန်းဆင်မျိုး)အဖေ
မြေပေါက်တဲ့အဖေ၊ ရေအောက်ငုတ်တဲ့အဖေ
အဖေ အဖေ ဆိုတဲ့အဖေတွေဟာ
သားသမီးနဲ့မိခင်တို့ရဲ့ ဘဝလေးလှပလုံခြုံ အကြင်နာတွေပေးလို့ မကုန်နိုင်အောင်အေးချမ်းစွာ နေနိုင်ဖို့အရေး နေထွက်ကနေဝင်၊ နေဝင်ကနေ နေထွက် မိသားစုနဲ့ခွဲထွက်ပြီး အနစ်နာအပင်ပန်းခံ မိသားစု မေတ္တာတွေပြန်မရသော်လည်းကြိုးစားရှာ ဖွေရင်း လိပ်မလိုမေတ္တာမျိုးနဲ့ အဝေးကနေ ဘေး ကနေ ဒုတိယနေရာကနေ မေတ္တာတွေ ပေးနေတတ်တဲ့ အဖေဆိုတဲ့အဖေပါ။
အအေးပိုင်းမှာနေတဲ့ ပင်ကွင်းဘုရင်ဆိုတဲ့ တိရစ္ဆာန်မျိုးဟာ သူ့ကြင်ယာရဲ့ တာဝန်ဝတ္တရားကို ခွဲဝေပြီးထမ်းဆောင်တတ်တယ်။ ပင်ကွင်းဥတွေကို အထီးရဲ့ ခြေထောက်အစုံမှာထည့်ပြီး ထိန်းသိမ်းပေး ခြင်းဖြင့် သူ့ကြင်ယာတော်ကို တစ်ဖက်တစ်လမ်းက ကူညီပေးရှာတယ်လို့သိရတယ်။
“နယူးဇီလန်ကီဝီ”ဆိုတဲ့ငှက်ထီးဟာ အလုပ် မှန်သမျှအကုန်လုပ်ရတယ်။ အမက ဥထားခဲ့တဲ့ ဥတွေအပေါ်မှာ မပေါက်မချင်း ရက်ပေါင်း ၈၀ လောက် ကြာအောင်ဝပ်နေရှာတယ်။ သနားစရာကောင်းတာကတော့ ကီဝီထီးတစ်ကောင်ဟာ ဥပေါ်မှာဝပ်ပြီဆို လို့ရှိရင် သူ့ရဲ့ကိုအလေးချိန်တဝက်လောက်လျှော့ သွားရှာတယ်တဲ့။ ဒီလိုပဲ မိခင်မေတ္တာမျိုးပေးပြီး မိခင် ရဲ့ မေတ္တာထက်မလျှော့တာကို သိစေချင်လို့ ဒါတွေ ကိုရေးပြောပြတာပါ။ အဖေဆိုတာ အရိပ်ရသစ်ပင် ကြီးတစ်ပင်လိုပါပဲ အရိပ်ခိုနေသူတို့အေးမြချမ်းသာ စွာ အနားယူနေနိုင်ဖို့ သူကိုယ်တိုင်ကတော့ နေဒဏ် လေဒဏ်မိုးဒဏ်ခံနေရရှာပါတယ်။ လောကမှာအဖေ ဆိုတဲ့သူသေဆုံးသွားခဲ့ရင် ရွှေတောင်ကြီးပြိုသွားပြီး ဘဝမှာအားကိုးရာမဲ့ပါပြီဆိုပြီး ဝမ်းနည်းတမ်းတပူ ဆွေးကြရတာ အားငယ်နေကြရတာဟာ အဖေဆို တဲ့ အဖေရဲ့ကြီးမားတဲ့ ဂုဏ်ရည်ဖြစ်တယ်ဆိုတာ သားသမီးတွေသိနိုင်ကြပါစေ။
ဒါကြောင့် သားသမီးတွေအားလုံးအဖေ့ မေတ္တာကို နားလည်ခြင်း၊ စာနာခြင်း၊ ခွင့်လွှတ်ခြင်း၊ ကြင်နာခြင်းတွေနဲ့ အဖေ့ကို ချစ်နိုင်ကြပါစေ။ အဖေ ကိုချစ်တတ်ကြပါစေ။ အဖေကို ပြန်လည်မေတ္တာပေး ဆပ်နိုင်ကြပါစေ။
မိဘဟူသည်
ချစ်ချစ်မုန်းမုန်း၊ အပြစ်ဖုံးလည်း နှလုံးလှစေ၊ ဘဝပြေဖို့၊ သောကတွေကင်း၊ ဘဝလင်းဖို့၊ နှိုင်းမဲ့မေတ္တာ၊ ပေးဝေရှာပေ၊ မိဘဆိုတဲ့မိဘတွေ။
(အဖေကိုချစ်သော၊ အဖေ့မေတ္တာကို နားလည်သော ငယ်စဉ်စဉ်ကလေးဘဝကတိုင် မိဘကို မငြီးမငြူပင်ပန်းဆင်းရဲခံကာ ပြုစုလုပ်ကျွေး သောရှားပါးသော ဆန်ရေရှင်များဖြစ်သည့် (ရှိတော့ ရှိ၏ရှား၏။) သမီးမချမ်းမြေ့သူ(မချမ်း)၊ မသဲနုအေး (အသဲ)၊ မမြတ်နိုးပွင့်(ဖူးငယ်)တို့ညီအမများအား ဤတစ်စုဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
ဖြိုးဟိန်းချစ်
(အညာသားကလေး)