ဝင်စေဖို့ရာ ဤဓာတ်ဆင်ပါ

နတ်တွေကိုဖမ်းပြီး လှောင်ထားရအောင် အနော်ရထာမင်းကြီးက အနောက်တိုင်း မှော်ဝတ္ထုတွေ ရုပ်ရှင်တွေထဲကလို မှော်ဆရာကြီးမှမဟုတ်ဘဲ မောင်ရင်ရဲ့

ဦးလေးဖြစ်သူ၏ မိသားစုနှင့်အတူ စင်းလုံး အော်ဒါငှားထားသော ကားဖြင့် ပုဂံဘုရားဖူးခရီးစဉ်တွင် ကျွန်တော်လိုက်ပါဖြစ်ခဲ့သည်။ ပုဂံသို့ တစ်ကြိမ်၊ နှစ်ကြိမ်ထက်မက ရောက်ဖူးသူများလည်း ပါဝင်လေ၏။ ကျွန်တော်ကဲ့သို့ မရောက်ဖူးသေးသူများလည်း ပါဝင်လေ၏။

ရွှေစည်းခုံဘုရားတွင် ကျွန်တော်သည် ဘုရားဖူးပြီးနောက် အခြားသူများ ပြန်အလာကို ကားပေါ်မှသာ ထိုင်စောင့်နေလိုက်သည်။ ဘုရားဖူးခရီးကားအော်ဒါလိုက်နေကျဖြစ်သော ဆရာကိုမျိုးက –

“ဟေ့လူ …ဘုရားဖူးတာ မြန်လှချည်လား၊ နေရာစုံအောင် လျှောက်ကြည့်လေ၊ ခင်ဗျားကို တစ်ယောက်တည်း ချန်မထားခဲ့ပါဘူး။ ပုဂံရောက်ပြီးမှ ဘာမှမသိဘဲ ဖြစ်နေဦးမယ်။ ဗဟုသုတဆိုတာ ရတုန်း ယူထားရတယ်”

ဘုရားဖူးများအပေါ် စိတ်ရှည်စွာ စောင့်ပေးတတ်သော ဗီဇညာဉ်ကြောင့်လည်း နေရာစုံအောင် လှည့်ပတ်ကြည့်ရှုရန် ကျွန်တော့်ကို တိုက်တွန်းနေခြင်းဖြစ်ပေလိမ့်မည်။

“မောင်ရင်ရဲ့ စေတနာကိုတော့ လေးစားပါ တယ်။ ဒါပေမဲ့ကွာ ပုဂံကိုရောက်တိုင်း ပုဂံရာဇဝင် အကြောင်းကို သိနိုင်တာမှ မဟုတ်ဘဲ၊ ပုဂံရာဇဝင်သမိုင်းကို အရင်ဦးဆုံး လေ့လာထားရတယ်။ ဒါမှ ပုဂံရောက်တဲ့အခါ ဗဟုသုတပိုပြီး ပြည့်စုံတာပေါ့”

ကိုမျိုးသည် ကျွန်တော့်အနီးသို့ လာရောက်ထိုင်လေပြီး –

“ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သမိုင်းနဲ့ ဘွဲ့ရထားပြီးသား၊ ပုဂံရာဇဝင်အကြောင်းကိုတော့ ကျွန်တော့်လောက်တောင် မသိဘူး”

ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးမှ လေ့လာဖူးမှသာ နားလည်နိုင်ကြောင်းကို ထောက်ခံသလိုမျိုး ပြောပါ၏။

“သမိုင်းကို လေ့လာတော့မယ်ဆိုရင် မြန်မာ့ သမိုင်းတစ်ခုတည်းကိုပဲ လေ့လာလို့မရဘူး။ ခေတ်ပြိုင်ဖြစ်တဲ့ ကမ္ဘာ့သမိုင်းတွေ၊ ဆက်ဆံမှုရှိခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သမိုင်းတွေကိုပါ ယှဉ်တွဲပြီး လေ့လာထားရမယ်။ သမိုင်းကို လေ့လာတဲ့အခါမှာ ထိုးဇာတ် တွေ၊ ပုံပြင်တွေ ပါးစပ်ရာဇဝင်တွေကို ဆေးချိတ် ထားရမယ်။ ထည့်ပြီးစဉ်းစားလို့ မဖြစ်ဘူး။ ယုတ္တိ ဗေဒနဲ့ တိုင်းတာရမယ်။ ဒါမှ သမိုင်းအစစ်အမှန်ကို သိမြင်နိုင်မယ်”

သမိုင်းရာဇဝင်နှင့် ပတ်သက်သော ဖတ်ရှုဖူးသမျှ အတွေးအမြင်ကို ပြောပြလိုက်ပါသည်။

“ခင်ဗျားပြောသလိုမျိုးဆိုရင် အနော်ရထာမင်းကြီး ကံနိမ့်လို့ ထိန်ပင်စောင့်နတ်က ကျွဲယောင်ဆောင်ပြီး ခတ်သတ်တာ မဟုတ်ဘူးပေါ့”

“မဟုတ်ပါဘူးကွာ၊ နတ်ကတော်တွေ၊ နတ်ကို ယုံကြည်ကိုးကွယ်သူတွေရဲ့ လှိမ့်လုံးစကားတွေပါ”

“အနော်ရထာ ကျွဲခတ်ကိန်းဆိုပြီး ဗေဒင်ဆရာတွေ တွက်ချက်ဟောပြောနေတာကရော”

“အဲဒါက ဥပမာ သင်္ကေတကို ပြတဲ့ နိမိတ်ပြယုဂ်တစ်ခုပဲ မောင်ရင်ရဲ့ …၊ အနော်ရထာမင်းကို ကျွဲခတ်တာတော့ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွဲတွေဆိုးလာပြီး အရိုင်းစိတ်ဝင်လာပြီဆိုရင် ဆင်ကိုတောင် မကြောက်တော့ဘူး။ ရန်မူတတ်လာတယ်။ အင်အားချင်းမမျှရင် ဆင်တောင် ကျွဲဆိုးကို အရှုံးပေးရတာတွေရှိတာပဲ။ မောင်ရင်လည်း စဉ်းစားကြည့်လေ၊ အနော်ရထာက ဆင်စီးပြီး ကျွဲဆိုးကို လှံနဲ့ထိုးမယ်၊ အမြဲ ကိုင်စွဲနေကျ လှံမျိုးမဟုတ်တော့ ချက်ကောင်းကိုမထိဘဲ လွဲချော်သွားမယ်။ ကျွဲက ရန်မူမယ်။ ဘုရင်က ဟန်ချက်ပျက်ပြီး ဆင်ပေါ်က အကျမှာ ကျွဲက ခတ်လိမ့်မယ်။

အနော်ရထာမင်း ကျွဲဆိုးကို နှိမ်နင်းတဲ့အချိန်မှာ လက်သုံးတော် အရိန္ဒမာလှံက မရှိတော့ဘူး။ ကျန်စစ်သားကို ပေးလိုက်ရပြီ။ ပုဂံပြည်ကြီး အဓွန့်ရှည်ဖို့အတွက် ကျန်စစ်သားရဲ့ နှောင်ကြိုးကို ပြတ်စေ လှံကိုပါ ပေးအပ်လိုက်တဲ့ သဘောပဲ။ ထေရဝါဒ သာသနာတော်ကြီး စည်ပင်ပြန့်ပွားအောင် သာသနာပြုနိုင်ခဲ့တဲ့ မင်းကောင်းမင်းမြတ်တစ်ပါးကို နတ်က ကျွဲယောင်ဆောင်ပြီး ခတ်တဲ့ အယူအစွဲကို ဖယ်ပစ်သင့်ပါတယ်”

သဘာဝယုတ္တိကျအောင် ဝေဖန်ပြလိုက်သောအခါ ကားဆရာလေး ကိုမျိုးသည် ဘာမျှပြန် မပြောတော့ဘဲ ကျွန်တော့်ကိုသာ ငေးကြောင်၍ကြည့်နေပါတော့၏။ မောင်ရင်ဟုသာ နာမ်စား သုံးရပေမယ့် ကျွန်တော်နှင့် အသက်ချင်း သိပ်ကွာလှဟန် မတူပေ။

“နတ်လှောင်ကျောင်းဆိုတာကရောအနော်ရထာမင်း ဘုန်းကံမြင့်မားချိန်က နတ်မကိုးကွယ်ရဘူး ဆိုပြီး နတ်တွေကို ဖမ်းလှောင်ထားခဲ့တာ မဟုတ်ဘူးလား”

“အဲဒါ သမိုင်းပညာရှင်တွေရဲ့ အယူအဆတစ်ရပ်လည်း ဖြစ်လိမ့်မယ်။ စာပေလေ့ လာမှုနဲ့ ကျောက်စာအမှတ်အသားကို တစ်မျိုးအဓိပ္ပာယ်ကောက်တာလည်း ဖြစ်နိုင်တယ်။ အမှန်က နတ်လျောင်းကျောင်း။ ကျောင်းထဲမှာ လျောင်းနေတဲ့ နတ်ကြီးရှိလို့ နတ်လျောင်းကျောင်းလို့ခေါ်တာ။ နတ်တွေကိုဖမ်းပြီး လှောင်ထားရအောင် အနော်ရထာမင်းကြီးက အနောက်တိုင်း မှော်ဝတ္ထုတွေ ရုပ်ရှင်တွေထဲကလို မှော်ဆရာကြီးမှမဟုတ်ဘဲ မောင်ရင်ရဲ့” ဟု ရှင်းပြလိုက်သည်။

ကျွန်တော်နှင့် ကိုမျိုး စကားပြောဆိုနေစဉ်အတွင်း ကားဆီသို့ ဦးလေးဖြစ်သူ ပြန်ရောက်လာ၏။ ရောက်ရောက်ချင်းပင် ကိုမျိုးက –

“ဦးလေးရေ …အခုမှပဲ သမိုင်းပညာရှင်နဲ့ ကျွန်တော်တွေရတယ်။ ဦးလေးရဲ့ တူတော်မောင်က ပုဂံကို တစ်ခါမှ မရောက်ဖူးဘူးသာဆိုတယ်။ ကျွန်တော့်ထက်တောင် ပုဂံရာဇဝင်ကို သိနေပါသေးတယ်ဗျာ”ဟု ပြောလေတော့၏။

“ငါ့တူက ဗေဒင်ယတြာအကြောင်းတွေကို စာရေးနေတဲ့ စာရေးဆရာလေကွာ၊ စာရေးဆရာဆိုတော့လည်း စာစုံအောင် ဖက်ထားလေ့လာထားရတာပေါ့”ဟူ၍ ကျွန်တော့်အား စာရေးဆရာ ဖြစ်ကြောင်းနှင့် ကလောင်အမည်များကိုပါ ပြောပြလေရာ ကိုမျိုးသည် ကျွန်တော့်ကို လက်ဆွဲ၍ နှုတ်ဆက်ပါလေတော့၏။

“ဝမ်းသာလိုက်တာ ဆရာရယ်၊ ကျွန်တော်က ဆရာ့ရဲ့ စာဖတ်ပရိသတ်ပါ။ ဂျာနယ်တွေမှာ ဆရာရေးတဲ့အတိုင်း ယတြာတွေကို ကျွန်တော်လုပ်ပါတယ်။ သောကြာသားသမီးတွေ အိမ်က ထွက်သွားလို့ အမြန်ပြန်လာအောင်လုပ်တဲ့ ယတြာဆိုရင် အခုထက်ထိတောင် ကျွန်တော့် မှတ်မိနေပါသေးတယ်။ ကျွန်တော့်မိန်းမ သန်းသန်းလေ …ကျွန်တော့်ကို စိတ်ဆိုးပြီး အိမ်ကဆင်းသွားတုန်းကပေါ့။ ဆရာ ရေးတဲ့ ယတြာအတိုင်း ကျွန်တော်ဆုတောင်းလိုက်တာ၊ နှစ်ရက်တောင် မကြာပါဘူး အိမ်ကိုပြန်ရောက်လာတယ်”

သောကြာသားသမီးတွေ အိမ်ကထွက်သွားလျှင် အမြန်ဆုံး ပြန်ရောက်လာစေရန်အတွက် သောကြာနံ၏မိတ်ဖက် ဖြစ်သော အင်္ဂါအခါ (အင်္ဂါ နေ့မနက် ၆ နာရီမှ ၇ နာရီခွဲအချိန်တွင် သောကြာ၏ ဓာတ်မိတ်ဖြစ်သော ဗုဒ္ဓဟူးနံ ရှောက်သီးသုပ်၊ လိမ္မော်သီး၊ ရွက်လှပန်းစသည်တို့ကို စေတီတစ်ဆူဆူ၏ ဗုဒ္ဓဟူးထောင့်မှနေ၍ ဘုရားလှူ ဆုတောင်းရခြင်းဖြစ်၏။ အင်္ဂဝိဇ္ဇာဗေဒင်ပညာနည်းအရ ဝင်စေလိုလျှင် မိတ်နှင့်ဓာတ်ကို ဖတ်ဆိုသော ယတြာဓာတ် ဆင်နည်းပင်ဖြစ်သည်။

“အဲဒီယတြာက အိမ်က ထွက်သွားတဲ့ သောကြာသားသမီး မည်သူ့ကိုမဆိုပြန်လာအောင်လုပ်လို့ ရတာပဲလား ဆရာ”

“ရတာပေါ့ မောင်ရင့်ရဲ့ အိမ်က ထွက်သွားတဲ့ သောကြာသားသမီးတွေပြန်ရောက်လာစေဖို့မကဘူး။ အခြားသော သောကြာနံကိစ္စတွေမှာပါ အကျိုးပေး အောင်မြင်မှုရရှိအောင် ဆောင်ရွက်လို့ရတယ်”

“အခြားသောကြာနံ ကိစ္စတွေက ဘာတွေ လဲဆရာ”

ကိုမျိုးက မေးပြန်၏။

“မောင်ရင့်လို ကားထောင်ပြီး ပြေးဆွဲနေသူတွေအတွက် ခရီးသွားလုပ်ငန်းတွေ အောင်မြင်အောင်လည်း ဆောင်ရွက်လို့ရတယ်၊ အသီးအနှံတွေ ရောင်းချတဲ့ကုန်စုံဆိုင် (သစ်သီးဝလံဆိုင်)တွေ အကျိုးပေးအောင်လည်း ဆောင်ရွက်လို့ရတယ်၊ အသံနဲ့ ပတ်သက်တဲ့ တေးသံသွင်းကိစ္စ၊ တီးဝိုင်းကိစ္စတွေမှာလည်း အောင်မြင်အောင် ဆောင်ရွက်လို့ရတာပဲ။ သစ်လုပ်ငန်းတွေ အကျိုးပေးအောင် သစ်ဆိုင်တွေ အကျိုးပေးအောင်လည်း ဆောင်ရွက်နိုင်တာပဲ။ ဆောင်ရွက်ရမယ့် ယတြာကတော့ အင်္ဂါနေ့ မနက် ၆ နာရီကနေ ၇ နာရီခွဲအချိန်အတွင်းမှာ စေတီတစ်ဆူဆူရဲ့ ဗုဒ္ဓဟူးထောင့်ကနေပြီး ရှောက်သီးသုပ်၊ လိမ္မော်သီး၊ ရွက်လှပန်းစတဲ့ ဗုဒ္ဓဟူးနံတွေကို ဘုရား လှူဆုတောင်းရမယ်”

ဓာတ်ရိုက်ဓာတ်ဆင်နှင့် ပတ်သက်သော ယတြာနည်းအား ဉာဏ်ရှိသလို အသုံးပြုနိုင်ကြောင်း ရှင်းပြလိုက်သည်။

ကိုမျိုးသည် ကျွန်တော်ပြောပြသည့် ယတြာအကြောင်းအား မှတ်စုစာအုပ်လေးဖြင့် ရေးမှတ်လေ၏။

“အခြားဆရာတွေလည်း ယတြာအကြောင်းတွေ ရေးကြတာပါပဲဆရာ။ ကိုယ်နဲ့ တိုက်ဆိုင်တာတွေလည်းရှိသလို ကိုယ်နဲ့ ပတ်သက်မှုမရှိတဲ့ ယတြာအကြောင်းတွေလည်း ဖတ်ရပါတယ်။ ကိုယ်နဲ့ တိုက်ဆိုင်ပေမယ့်လည်း တစ်ခါတလေမှာ ဘယ်လိုယတြာမျိုးကို လုပ်ရမလဲလို့ စဉ်းစားနေရတယ်။ ဘယ်လို ယတြာမျိုးတွေက အစွမ်းထက်စေတာလဲ၊ ဘယ်လိုယတြာမျိုးတွေကို ယုံကြည်လက်ခံသင့်လဲဆရာ”ဟု မေးပြန်၏။ မေးသင့်မေးထိုက်သော အမေးစကားမျိုးမို့ ကိုယ်ရည်သွေးခြင်းလည်း မပါရအောင် သတိကြီးစွာထားပြီး ဖြေလိုက်ရပါသည်။

“ကိုယ်နဲ့ တိုက်ဆိုင်လာတဲ့ ယတြာမျိုးကို စီရင်ဆောင်ရွက်တော့မယ်ဆိုရင် အဲဒီယတြာက အင်္ဂါငါးရပ်နဲ့ ပြည့်စုံမှုရှိမရှိ စစ်ဆေးကြည့်ရမယ်။ အဲဒီအင်္ဂါငါးချက်ကတော့ –

၁။ ကျမ်းဂန်အထောက်အထား ခိုင်လုံမှုရှိခြင်း၊ မရှိခြင်း။

၂။ သဘာဝ ယုတ္တိရှိခြင်း၊ မရှိခြင်း။

၃။ ပညာရှင်တို့ရဲ့ လက်ခံမှုရှိခြင်း၊ မရှိခြင်း။

၄။ ကုသိုလ်တရားဖြစ်ခြင်း၊ မဖြစ်ခြင်း။

၅။ လိုက်နာဆောင်ရွက်လျှင်အကျိုးရှိခြင်း၊ မရှိခြင်း စတဲ့ အင်္ဂါငါးရပ်နဲ့ တိုင်းတာကြည့်တတ်ရမယ်။

ဘယ်လိုယတြာမျိုးပဲဖြစ်ဖြစ်၊ အစွမ်းထက်တယ်၊ မထက်ဘူးဆိုတာကတော့ –

၁။ ဆရာသမားအပေါ် ကြည်ညိုလေးစားမှု

၂။ မိမိပြုလုပ်တဲ့ ယတြာအပေါ် စိတ်အားထက်သန်မှု

၃။ ဆရာရော မိမိပါ သီလခိုင်မြဲမှုအပေါ်တွေမှာပဲ မူတည်တယ်”ဟု ရှင်းပြလိုက်ရပါသည်။

ဘုရားဖူးကြသူများသည် ကားဆီသို့ ပြန် ရောက်လာကြပြီမို့ စကားကြောဖြတ်ကာ နောက်ထပ်ဘုရားတစ်ဆူသို့ လေ့လာရေး ဘုရားဖူးကြရန် ရွှေစည်းခုံဘုရားမှ ထွက်ခွာကြလေတော့သတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)