မနောမယ ဓာတ်ကူးစာဖြင့် အိမ်တစ်လုံး၊ ကားတစ်စီး ရအောင်လုပ်နည်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး ရောက်ရှိလာလေ၏။ မိတ်ဆွေဟု ဆိုသော်လည်း ကျွန်ုပ်ထက် အသက်အရွယ်အားဖြင့် ငယ်ပြီး ကျွန်ုပ်၏ ညီနှင့်မှ ရွယ်တူခန့်ရှိသောကြောင့် ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ ညီတစ်ဦးကဲ့သို့ ဆက်ဆံ ပြောဆိုလေ့ရှိ၏။ ထိုသူသည် ကျွန်ုပ်ကို မြင်လျှင်-

“ဒီကနေ့ ဆရာ အားတယ်ဆိုရင် ဆရာနဲ့ အေးအေးဆေးဆေး စကားပြောမယ်။ သိချင်တာတွေလည်း ဆရာ့ကို မေးမယ်ဆိုပြီး လာခဲ့တာပဲဆရာ။ ဆရာရေးတဲ့ စာတွေကိုလည်း အခုတလော တော်တော်ဖတ်ရတယ်။ စိတ်တန်ခိုးအကြောင်းတွေ ဆရာ တော်တော်ရေးဖြစ်တာပဲ။ အဲဒီအကြောင်းတွေကိုပဲ မေးမလို့”ဟု ပြောလေ၏။

“ဟ မောင်ဌေးမော်ရ …မင်းက ဘာတွေများ သိချင်လို့လဲ”ဟု ကျွန်ုပ်က ပြန်၍ မေးလိုက်လျှင် ၎င်းက –

“စိတ်ရဲ့ အစွမ်းသတ္တိနဲ့ ဘဝမှာ လိုအပ်တာ တွေကို ဖန်တီးယူလို့ရတယ်ဆိုတာ ဟုတ်သလား ဆရာ”ဟု မေးလေ၏။

“မင်းကိုငါ နမူနာတစ်ခုပြောပြမယ်၊ မဒန် အယ်လက်ဇန္ဒြားဒေးဗစ်ဆိုတဲ့ မိန်းတစ်ယောက်ဟာ တိဗက်ကိုသွားပြီး သီလရှင်ဝတ်တာကွ၊ တိဗက်မှာက ဘုန်းကြီးကို လားမားလို့ခေါ်တယ် မဟုတ်လား။ သီလရှင်ကို ဂျက်ဇူးမားလို့ ခေါ်တယ်။ ဂျက်ဇူးမားအဖြစ်နဲ့ အင်မတန်ခေါင်တဲ့နေရာမှာ တစ်ယောက် တည်း နေရမှာဆိုတော့ သူ့အနေနဲ့ အဖော်လိုတယ်ကွ၊ အဲဒါကြောင့် သူ့ကိုထမင်းချက် ပေးဖို့ ထင်းခွေ ပေးဖို့၊ ရေခပ်ပေးဖို့ ကိုရင်လေးတစ်ပါးကို သူ့ရဲ့ စိတ်တန်ခိုးနဲ့ ဖန်ဆင်းယူတယ်ကွ၊ ကိုရင်လေးက ဝ၀လေး မျက်နှာကလေးကလည်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ပုံစံလေးကွ၊ အဲဒီလို ဖန်ဆင်းပြီး ကိုရင် လေးကို ခိုင်းတော့တာပဲ။ ကိုရင်လေးဟာ တကယ် လူသားအစစ် အဖြစ်နဲ့ သူ့ကို ရေခပ်ပေးတယ်၊ ထင်းခွေပေးတယ်။ ထမင်းချက်ပေးရတယ်။ သူ အဲဒီမှာ တိဗက် သီလရှင်သမင်တန်း တက်တယ်။ ပြီးတော့ ပြန်လာတယ်ပေါ့ဗျာ။ ပြန်လာတော့လည်း ကိုရင်လေးကို ဖျက်ပစ်ခဲ့ရမယ်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီကိုရင်လေးဟာ လောကမှာ တကယ် မရှိတဲ့ သတ္တဝါလေကွာ၊ သူရပ်တည်နေလို့ မဖြစ်ဘူး။ ဖန်ဆင်းတုန်းက ခြောက်လပဲ ကြာတယ်ကွာ၊ ပြန် ဖျက်ပစ်တော့ ကိုးနှစ်ကြာတယ်လို့ ငါစာတွေမှာ ဖတ်ဖူးတယ်။ အဲဒီတော့ ဓာတ်တန်ခိုးနဲ့ မရှိတဲ့လူ တောင် ဖန်ဆင်းလို့ရတာပဲကွာ”ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်ဌေးမော်က –

“အဲဒီအမျိုးသမီးကြီးက ဘယ်လိုနည်းနဲ့ ဖန်ဆင်းယူတာလဲ” ဟုမေးလိုက်ရာ –

“အနောက်တိုင်းက လောကီပညာရှင် တစ်ယောက်ဖြစ်တဲ့ ရီဆင်းပီဂျရပင်ဆိုတဲ့သူကတော့ စိတ်တန်ခိုးနဲ့ ဖန်ဆင်းတဲ့ကိစ္စတွေကို ဖိုတိုဖောင် (Photo Form)လို့သုံးတယ်။ ဖိုတိုဖောင်ဆိုတဲ့ စကားကို မကြိုက်လို့ “မနောမယဓာတ်ကူးစာ”လို့ပြောင်းပြီး သုံးထားတယ်”ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

အိမ်/ကားရနည်း

“ဘယ်လိုသုံးရမှာလဲ ဆရာကြီး”ဟု မောင်ဌေးမော်က မေးလေ၏။

ထိုအခါ၌ ကျွန်ုပ်က –

“ဟစ်နိုဖုန်း(Hynophone)ဆိုတဲ့ ကိရိယာ တစ်ခုကို သုံးရမယ်။ ကိရိယာဆိုလို့ သိပ် ခက်ခက်ခဲခဲကြီးလည်း ထင်မနေနဲ့ဦး၊ ကတ်ပြားနဲ့ လုပ်ထားတဲ့ စက္ကူကတော့ပါကွာ၊ အဝက အချင်း ငါးလက်မ လောက် အကျယ်ရှိပြီး အဖျားဘက်မှာ ကတော့ပုံ ကျဉ်းသွားရမယ်။ အဖျားဘက်ကတော့ တစ်လက်မ ခွဲလောက်ရှိရင် လုံလောက်ပါပြီ။ စက္ကူကတ်ပြားနဲ့ လုပ်ရင်လည်း ရပါတယ်။ အဲဒါကို အနောက်တိုင်း က ဆရာတွေကတော့ ဟစ်နိုဖုန်းလို့ခေါ်တယ်ကွ၊ ငါက ဓာတ်ကူးကိရိယာလို့ ခေါ်တယ်။ အဲဒီမှာ စာရွက်မှာရေးထားတဲ့ မနောမယ ဓာတ်ကူးစာကို ဒီဟစ်နိုဖုန်းလို့ခေါ်တဲ့ ဓာတ်ကူးကိရိယာနဲ့ ကြည့်တာပေါ့ကွာ၊ သိပ်ခက်ရာခက်ဆစ်မဟုတ်ပါဘူး။ ဒီမှာ ကြည့်” ဟုဆိုကာ မနောမယဓာတ်ကူး ကိရိယာဖြင့် ကြည့်၍ ဖတ်နေသော လူတစ်ယောက်နှစ်ပုံကို ရေး ဆွဲထားသည့် ပုံကလေးတစ်ပုံအား ကျွန်ုပ်သည် မောင်ဌေးမော်အား ထုတ်ပြလိုက်လေတော့၏။

မောင်ဌေးမော်သည် ထိုပုံကိုကြည့်ပြီးနောက်-

“ကတော့ကို ပြောင်းပြန် ကြည့်နေတာပဲ။ စက်ကိရိယာဆိုလို့ ကျွန်တော်က ရှုပ်ရှုပ်ယှက်ယှက် လုပ်ထားတယ်လို့ထင်တာ၊ လက်စသတ်တော့ စက္ကူကို ကတော့ လုပ်ထားတာပဲ။ သိပါပြီဆရာရယ်၊ အဲဒီတော့ ဘယ်လိုဓာတ်ပို့ရမှာလဲ”ဟု မေးလေ၏။

ထိုအခါ ကျွန်ုပ်က –

“အလွယ်ဆုံးက စရအောင်ကွာ …မင်းနဲ့ အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ဟောဒီ မနောမယဓာတ်ကူးပုံစံကို အသုံး ပြုပြီး ဆက်သွယ်ကြည့်ရအောင် တကယ်လို့ မင်းရဲ့ သူငယ်ချင်းဟာ မောင်မြ ဆိုပါတော့၊ မောင်မြကို  မင်းအနေနဲ့ ဆက်သွယ်ရမယ်၊ မနောမယ ဓာတ်ကူး စာရေးတဲ့နေရာမှာ တိုရမယ်၊ ရှင်းရမယ်၊ တိကျရ မယ်။ အဲဒီအချက်သုံးချက်နဲ့ ညီအောင် ရေးရတယ်ကွယ့်၊ ကဲ မောင်မြဆီကို ဆက်သွယ်ဖို့ မနောမယ ဓာတ်ကူးစာရေးရင် ဟောဒီလိုရေးတာ အလွယ်ကူ ဆုံးပဲကွ

မောင်မြဌေးမော်ဆီ တယ်လီဖုန်းဆက်ပါ

မောင်မြဌေးမော်ဆီ လာလည်ပါ

မောင်မြဌေးမော်ဆီ စာရေးပါ

အဲဒီစာဟာ မနောမယ ဓာတ်ကူးစာ ဖြစ်သွားပြီကွ၊ အဲဒါကို မင်းပြောတဲ့ စက္ကူကတော့ ပြောင်းပြန် ဒါမှမဟုတ် ဓာတ်ကူးကိရိယာနဲ့ကြည့်ပြီး လေးလေးနက်နက် စိတ်ထဲက ရွတ်ဆိုရမယ်။ လူခြေတိတ်တဲ့အခါမှာ လုပ်ရမယ်။ အထူးသဖြင့် လူတွေအိပ်တဲ့အခါ မှာလုပ်ရင် အကောင်းဆုံးပဲ”ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်ဌေးမော်က –

“အတော်ပဲ ဆရာ၊ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်း ဟယ်ရီဆိုတဲ့ကောင် ကျွန်တော်နဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီ။ ကျွန်တော် ဒီနည်းကို သုံးကြည့်မယ် တစ်ပတ်အတွင်းမှာ ဖြစ် တယ်/မဖြစ်ဘူး လာပြောမယ်”ဟုဆိုကာ မောင်ဌေး မော်သည် ပြန်၍ သွားလေတော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်ပတ်ခန့်ကြာသောအခါ၌ မောင်ဌေးမော်သည် ကျွန်ုပ်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြီးလျှင် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း –

“ဆရာရေ …ဆရာ့နည်းက သိပ်ဟုတ်တာပဲ။ ဟယ်ရီဆိုတဲ့ကောင် ကျွန်တော့်ဆီကို တယ်လီဖုန်းလည်း ဆက်တယ်၊ လူကြုံနဲ့လည်း လာလည်မယ်ဆိုတဲ့ စာပေးလိုက်တယ်။ အဲဒီညနေမှာပဲ အိမ်ကို သူကိုယ်တိုင်လည်း ရောက်လာတယ်။ အခု ဆရာရယ် …ကျွန်တော့်အိမ်မှာ ရှိတဲ့လူတွေအားလုံး ကတော့တွေနဲ့ ရှုပ်ယှက်ခတ်နေကြတယ်။ တစ်အိမ်လုံးလည်း ဘာအလုပ်မှ မလုပ်ကြတော့ဘူး။ ကတော့ တစ်ယောက် တစ်လက်နဲ့ မက်ဆေ့ချ်တွေ ပို့ကုန်ကြပြီ။ ကျွန်တော့်သား အငယ်လေးဆို ထမင်းစားချိန်ဆို မနည်း ထမင်းစားခိုင်းနေရတယ်။ အိမ်မှာလည်း သူ့ဧည့်သည် ကိုယ့်ဧည့်သည်နဲ့ ဧည့်သည် တရုံးရုံး ဖြစ်နေပြီ။ ဧည့်သည်တွေကိုတော့ ဒီအကြောင်း မပြောပါဘူး ဆရာရယ် …”ဟု ပြောလေ၏။ မောင်ဌေးမော်သည် လွန်စွာမှ ပျော်ရွှင်နေ၏။ ၎င်း နှင့်အတူ ကျွန်ုပ်လည်း ပျော်ရွှင်ရလေ၏။

“ဒီလို မောင်ဌေးမော်ရဲ့ သူငယ်ချင်း ခေါ်တာကတော့ စမ်းသပ်တဲ့ သဘောပေါ့ကွာ၊ စိတ်က လေးနက်ရင် လေးနက်သလောက် ထိရောက်တာပါပဲ။ တချို့လည်း စိတ်က လေးလေးနက်နက် မရှိတော့ တစ်လလုံး လုပ်တာတောင် ဘာမှမထူးခြားဘူးကွ၊ အခု မင်းလုပ်တာတောင် တစ်ပတ်တည်းနဲ့ ထူးခြားတယ်ဆိုတာ မင်းက လေးလေးနက်နက် လုပ်လို့ပေါ့ကွာ၊ မင်းစိတ်ကလည်း ငြိမ်လို့ပါ။ အမှန်က မနောမယ ဓာတ်ကူးစာနဲ့ မနောမယဓာတ်ကူး ကိရိယာဟာ ကြည့်တော့သာ လွယ်လွယ်လေးကွ  ဒါပေမဲ့ လူ့ဘဝမှာ အတော်အသုံးဝင်တာပဲ။ နိုင်ငံခြားမှာ လူတစ်ယောက် မော်တော်ကားတစ်စီး လိုချင် လို့ မနောမယ ဓာတ်ကူးစာနဲ့ ကတော့ပုံ ဓာတ်ကူး ကိရိယာကို အသုံးပြုပြီး ကားတစ်စီးရအောင် တောင်းခဲ့ဖူးတယ်။ သူတောင်းခဲ့တဲ့ မနောမယဓာတ်ကူးစာပုံကို မင်းကို ငါပြောပြမယ်။

ကျွန်ုပ်ထံသို့ မော်တော်ကားအသစ်တစ်စီး ရောက်လာပါစေသတည်း။ ထိုမော်တော်ကားသည် အရောင်လက်၍ သန့်ရှင်းပါစေသတည်း။ ထို့ပြင် ထိုမော်တော်ကားသည် ကောင်းစွာ ပြုလုပ်ထားသော  မော်တော်ကားဖြစ်ပြီးလျှင် ပြင်ရခြင်းမှ လွတ်ကင်းပါစေ။ ကား၏ ဘရိတ်များသည် ပါဝါဘရိတ်များ ဖြစ်ပါစေ။ စတီယာရင်းလည်း ပါဝါစတီယာရင် ဖြစ် ပါစေ။ တံခါးများလည်း ပါဝါဖြစ်ပါစေ။ အလိုအ လျောက် အရှိန်ကိုထိန်းသော ကိရိယာလည်း ပါပါ စေ။ ကားတွင် တပ်ထားသော အရာအားလုံးသည် စိတ်ချရသော အရာများဖြစ်ပါစေသတည်း။ ကား ထဲတွင် တပ်ဆင်ထားသော ပစ္စည်းများနှင့် ခင်းထားသော ကော်ဇောလည်း လှပပါစေ၊ ကားမောင်းသွား ရင်း စကားပြော၍ရသော ရေဒီယိုတယ်လီဖုန်းလည်း ပါပါစေ။ တာယာများမှာလည်း ထူထဲ၍ စိတ်ချရသော အသစ်စက်စက် တာယာများ ဖြစ်ပါစေ၊ ထိုကားကို စီးရသောအခါ၌ ကတ္တီပါကဲ့သို့ ချောမွတ်ပါစေလို့ဆိုပြီး

နေ့စဉ်နေ့တိုင်းတိုင်တည်တော့တာပဲ။ နောက်ဆုံးမှာ အဲဒီလူဟာ သူ့ရဲ့ မနောမယဓာတ်ကူးစာမှာ ပါတဲ့အတိုင်း အဲဒီမော်တော်ကားတစ်စီးဟာ ကြံဖန်ပြီး ရသွားတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ မင်းအနေနဲ့ ဗဟုသုတအဖြစ် ကြည့်ချင်ရင် ကြည့် လို့ရအောင် အင်္ဂလိပ်လိုရေးထားတဲ့ မူရင်းစာကို ငါ ထုတ်ပြမယ်။”ဟု ပြောပြီးလျှင် ကျွန်ုပ်သည် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဓာတ်ကူးစာကို ထုတ်ပြလိုက်လေ၏။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ