မနောမယစိပ်ပုတီး… ဟောဒီပုတီးလေးနဲ့စိပ်ရင် ပိုပြီးကောင်းမယ်။

တစ်နေ့သ၌ကျွနု်ပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ်အတွင်း ရောင်ပြန်မဂ္ဂဇင်း၏ အယ်ဒီတာ မောင်မောင်မြင့် အေးသည် ထမင်းချိုင့်ကြီးတစ်လုံးကိုဆွဲ၍ ရောက်ရှိ လာလေ၏။

ကျွနု်ပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွနု်ပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင်

“တခြားစကားတွေ နောက်မှပြောကွာ ထမင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ ထမင်းစားကြရအောင်။ ဪသာ် …ဒါနဲ့ မင်းရဲ့မိန်းမရောဘယ်လိုလဲ”ဟု မေးလိုက်လေ၏။

“ဗေဒင်ဟောနေတယ်။ အခုမှ တန်ကာကျ တာဆရာရေ ဆရာကြီး သင်ပေးတဲ့ဗေဒင်နဲ့ ကျွန် တော့်မိန်းမ စောယုနွယ်တော့ ဟော့နေတော့တာပဲ။ ကြည့်တဲ့သူတွေကတော့ မှန်တယ် မှန်တယ်နဲ့ ချီးမွမ်းကြတယ်ဆရာကြီးရေ …အထူးသဖြင့်ကတော့ ကျွန်တော့်မိန်းမမှမဟုတ်ဘူး။ ဆရာကြီးတပည့်တွေ နဲ့လည်း တွေ့ဖူးပါရဲ့။ ဟောတာထက် ယတြာက ပိုပြီး စွမ်းတယ်လို့ နာမည်ထွက်တယ် ဆရာကြီးရဲ့။ ကျွန်တော့်မိန်းမလည်း ဟောတာ သိပ်မကြာသေး ဘူး။ အဲဒီဘက်က နာမည်ထွက်လာတယ်”ဟု မောင်မောင်မြင့်အေးက ပြန်ပြောလေ၏။

“အောင်မြင်မှာပေါ့ကွာ အတွေ့အကြုံနည်းသေးလို့ပါ ပညာရပ်တွေမှာက အတွေ့အကြုံလည်း စကားပြောတယ်ကွ။ နောက်တော့ ကျွမ်းကျင်သွားမယ် အဲဒီအခါမှာ နာမည်လည်း အတော်ကြီးသွားလိမ့်မယ်။ ဒါနဲ့ နေစမ်းပါဦး ဒီလရောင်ပြန်အတွက် မင်းအနေနဲ့ ဘာထည့်မလဲကွာ”ဟုမေးရာ မောင်မောင်မြင့်အေးက-

“ကျွန်တော်လည်း အဲဒါကို မေးမလို့ ဆရာကြီးဆီကို လာခဲ့တာ”ဟု မောင်မောင်မြင့်အေးက ပြောလေ၏။

“ပြီးခဲ့တဲ့လက ဓာတ်တူနာမ်တူအဆောင် တွေက လူတွေအတွက် အတော်အကျိုးရှိတယ်ကွ။ ဒါပေမဲ့ အဲဒီစာရွက်တွေ ရိုက်ပြီးပေးရတာ အဲဒီလမှာရမယ့် မဂ္ဂဇင်းရဲ့ အမြတ်အစွန်းလေးဟာ ကုန်ပါ လေရောကွာ …”ဟု ကျွနု်ပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက –

“ဟုတ်တယ် ဆရာကြီးရေ” ဟုဆိုကာ ရယ် လေ၏။ ရယ်ပြီးနောက် ၎င်းကပင် –

“ဆရာ့လက်ထဲက ပုတီးကလေး သေးလှချည်လား”ဟု မေးလိုက်လေ၏။

“သေးဆို ဒီလိုကွာ …တစ်ရာ့ရှစ်လုံးပုတီး မဟုတ်ဘူး။ နှစ်ဆယ့်ခုနစ်လုံးပုတီးကွ လွန်ခဲ့တဲ့ရှစ် နှစ်၊ ကိုးနှစ်လောက်တုန်းက ဆရာကြီး ဦးဆန်းထွန်းက ဒီပုတီးအကြောင်း ဆောင်းပါးရေးဖူးတယ်။ ငါ ကလည်း အလုပ်များနေလို့ အဲဒီဆောင်းပါးကို မဖတ်ဖြစ်ဘူးဟေ့ အင်းစိန်ကမ်းနားပိုင်း ထနီးလမ်းမှာနေတဲ့ ငါ့ရဲ့ဦးလေးဦးမျိုး တင့်ဆိုတာ ပင်စင်စားကြီးကွာ နဂိုကလည်း စာဖတ်ဝါသနာပါလေတော့ ပင်စင်စား ဘဝရောက်တဲ့အခါမှာ တွေ့သမျှစာတွေ ဖတ်တော့တာပဲဟေ့။ တရုတ်သိုင်းတွေလည်း မလွတ်ဘူး။ မဂ္ဂဇင်းတွေလည်း မလွတ်ဘူးဟေ့။ စာကြီးပေကြီးတွေလည်း ဖတ်ပါတယ်။ အဲဒီမှာ ဆရာကြီး ဦးဆန်းထွန်းရဲ့ ပုတီးဆောင်းပါးကိုဖတ်ပြီး ငါ့ဦးလေးဟာ နှစ်ဆယ့်ခုနစ်နှစ်လုံး ပုတီးစိပ်တော့တာပဲဟေ့။ ငါ့ဦးလေးရဲ့ အတွေ့အကြုံအရပြောတာကတော့ အဲဒီပုတီးလေးကို စိပ်တဲ့နေ့ကစပြီး သူ့ရဲ့စားရေး၊သောက်ရေး၊ ဝတ်ရေးသိပ်ပြီး မပူရတော့ဘူးဆိုပဲ။ ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူ့နည်းသူ့ဟန်နဲ့ ပြေလည်သွားတယ်ဆိုပဲ။ နောက်ပြီး သူဟာ ငါ့ဆီ ရောက်လာပြီး အဲဒီဆောင်းပါးအကြောင်း ပြောတယ်။ ငါက အဲဒီဆောင်းပါးကို မဖတ်ဖြစ်ကြောင်းပြောတဲ့ အခါမှာ ငါ့ကိုဆူလိုက်၊ ကြိမ်းလိုက်တော့တာကွာ မင်းကဘာဖြစ်လို့ ဒီလိုဆောင်းပါးမျိုးကို မဖတ်ဖြစ်ရတာလဲဆိုပြီး မာန်တော့တာပဲဟေ့။ ဒါနဲ့ငါလည်း မတတ်နိုင်တော့ဘူး။ မဖတ်တော့ပါဘူး ဦးလေးရယ် ဦးလေး ကောင်းတယ်ဆို ပြီးတာပါပဲ။ ဦးလေးဆီကပဲ ပုတီးစိပ်နည်း သင်ယူပါတော့မယ်လို့ ဝန်ခံလိုက်ရတယ်ဟေ့။ အဲဒီတော့ ငါ့ဦးလေးက ဆရာကြီးဦးဆန်း ထွန်းရဲ့ ဆောင်းပါးထဲမှာပါတဲ့နည်းကို သင်ပြပေးတယ်။ ပုတီးက နှစ်ဆယ့်ခုနစ်လုံး ပုတီးဖြစ်ရမယ်။

ပထမငါးလုံးက အနန္တောအနန္တ ငါးပါးစိပ်ရ မယ်။ ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏောအနန္တော၊ သံဃဂုဏောအနန္တော၊ မာတာပီတုဂုဏောအနန္တော၊  အာစရိယဂုဏော အနန္တောပေါ့ကွာ”ဟု ကျွနု်ပ်က ပြောလိုက်လေ၏။

“ပုတီးက နှစ်ဆယ့်ခုနစ်လုံးရှိတာ၊ အဲဒီငါး လုံးစိပ်ပြီး ရပ်ထားရမှာလား”ဟု မောင်မောင်မြင့် အေးက မေးလိုက်လေ၏။

“မဟုတ်ဘူးလေကွာ …ပထမငါးလုံးပဲ အဲဒါနဲ့ စိပ်ရမယ်။ နောက်ပြီးတော့ ဆယ့်ကိုးလုံးတိတိ အရဟံ ဂုဏ်တော်ကိုချည်း စိပ်ရမယ်။ ပြီးတော့ သတ္တဝါများ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး သုံးလုံး စိပ်ရမယ်။ အဲဒီတော့ မင်းစဉ်းစားကြည့်လေကွာ …အနန္တောအနန္တငါးပါးက ငါးလုံး၊ အရဟံက ဆယ့်ကိုးလုံး၊ မေတ္တာပို့က သုံးလုံးဆိုတော့ စုစုပေါင်း နှစ်ဆယ့် ခုနစ်လုံးပေါ့ကွာ”ဟု ကျွနု်ပ်က ပြောလိုက် လေ၏။

ထိုအခါ မောင်မောင်မြင့်အေးက –

“ဆရာရဲ့ အင်းစိန်က ဦးလေးဆီက တစ် ဆင့်ကြားရတာနဲ့ အဲဒီပုတီးကို ဆရာက စမ်းပြီး စိပ်နေတယ် ဆိုပါတော့”ဟု မေးလိုက်လေ၏။

“စမ်းစိပ်တာမဟုတ်ဘူးဟေ့ ဦးလေးလဲပြန် သွားရောရွှေတိဂုံဘုရားသွားပြီး နှစ်ဆယ့်ခုနစ်လုံး ပုတီးလုပ်တော့တာပဲဟေ့။ ပြီးတော့ အဲဒီညမှာပဲ စိပ်တယ်။ အဲဒီလိုစိပ်တော့ ပြဿနာတစ်ခုတော့ ရှိတယ်။ အနန္တောအနန္တ ငါးပါးစိပ်ပြီးတဲ့အခါမှာ အရဟံ ဆယ့်ကိုးလုံး စိပ်ရတယ်မဟုတ်လား။ အဲဒီလို စိပ်တဲ့အခါမှာ ဆယ့်ကိုးလုံးပြည့်/မပြည့် စိတ်နဲ့ လိုက်ပြီး ရေနေရတာက ဒုက္ခတစ်ခုကွ။ ဒီကြားထဲ မှားသေးတယ်။ အဲဒါနဲ့ငါလည်း ရွှေတိဂုံဘုရားသွားပြီး တောင်ဘက်မုခ်မှာရှိတဲ့ ရတနာဝင်း ပုတီးဆိုင်မှာ စပယ်ရှယ် ပုတီးတစ်ကုံး လုပ်ခိုင်းရတယ်ဟေ့။ အနန္တော အနန္တငါးပါးအတွက် ပုတီးလုံးကြီးကြီးပေါ့။ အရဟံ ဆယ့်ကိုးလုံးက အသေးစားပုတီး ဆယ့်ကိုးလုံးကွာ။ ပြီးတော့ မေတ္တာပို့ဖို့အတွက်က အလတ်စား သုံးလုံးကွာ။ အဲဒီတော့ အကြီးငါးလုံးစိပ်ပြီးတာနဲ့ အသေး ဆယ့်ကိုးလုံးကိုကိုင်မိတာနဲ့ အရဟံကိုစပြီး  စိပ်တော့တာပဲ။ အရဟံဆယ့်ကိုးလုံး စိပ်ပြီးတာနဲ့ ပုတီးလုံးအလတ်ကို ကိုင်မိတော့တာပဲ။ အဲဒီမှာ မေတ္တာပို့ကို စပြီးစိပ်တယ်။ အဲဒီလိုလုပ်လိုက်တော့ ပုတီးစိပ်ရတာ ပိုပြီး လွယ်သွားတယ်ဟေ့။ အဲဒါနဲ့ ငါလည်း စွဲစွဲမြဲမြဲ စိပ်လိုက်တာ တစ်ပတ်အတွင်းမှာ ထူးခြားတယ်ဟေ့ …အဲဒီလို ထူးခြားတော့ ဆရာကြိး ဦးဆန်းထွန်းကို ကန်တော့ဖို့ ပုတီးလေး တစ်ကုံး၊ တစ်ဆင့်ပြောပြတဲ့ ငါ့ဦးလေးကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး လုပ်ပြီး အိတ်ထဲမှာထည့်ထား တယ်ဟေ့ …သုံးရက်လောက်လည်း ကြာရော ဥက္ကလာမှာ စာပေဟောပြောပွဲရှိလို့သွားတာ အဲဒီ ပုတီးကလေး ပါသွားတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမကြီး ဒေါ်စောမုံညှင်းနဲ့တွေ့တော့ ဆရာမကြီးနဲ့ ဆရာကြီးဟာ မြန်မာစာ ကော်မရှင်မှာ နေ့စဉ် တွေ့ ကြတယ်လို့ သိရတာနဲ့ ဆရာမကြီးကနေတစ်ဆင့် ဆရာကြီး ဦးဆန်းထွန်းဆီကို ပုတီးလေးကန်တော့ လိုက်ရတယ်”ဟု ကျွနု်ပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက –

“ဆရာ အဲဒီပုတီးစိပ်တာ ကြာပြီနော်”ဟု မေးလေ၏။

“ကြာပြီကွ ပုတီးကတော့ မမြဲဘူးဟေ့ … ပုတီးက စိပ်လို့နည်းနည်း အသားကျလာရင် အဲဒီ ပုတီးကို တောင်းတဲ့လူ ပေါ်လာတော့တာပဲ။ အဲဒီ တော့လည်း ပေးလိုက်ရတာပေါ့ကွာ။ နောက်ဆုံး တော့ တောင်းလွန်းအားကြီးတာနဲ့ ငွေပုတီးလေး တစ်ကုံး လုပ်ရတော့တယ်ဟေ့။ ငွေနဲ့ လုပ်ထားတော့ တောင်းတဲ့လူက အားနာပြီး မတောင်းတော့ဘူးပေါ့ကွာ”ဟု ကျွနု်ပ်က ပြောလိုက်ရာ မောင်မောင် မြင့်အေးက –

“ဘယ်ငွေပန်းထိမ်မှာ လုပ်တာလဲဆရာ”ဟု မေးလေ၏။

“ကျောက်မြောင်း မလွှကုန်းလမ်းနဲ့ ကျောက် တောလမ်းထောင့်က ငွေပန်းထိမ်ဆိုင်မှာ လုပ်တာ ကွ …ဟောဒီမှာကြည့်၊”ဟုဆိုကာကျွနု်ပ်၏ လှပ သော ငွေပုတီးလေးကို မောင်မောင်မြင့်အေးအား ပြလိုက်လေ၏။

ထိုအခါ မောင်မောင်မြင့်အေးက –

“အတော့်ကို သေသပ်လှပတဲ့ လက်ရာပါပဲ ဆရာ”ဟု ပန်းထိမ်လက်ရာကို ချီးကျူးလေ၏။

“ဘာပဲဖြစ်ဖြစ်ကွာ …တခြားနေရာတွေမှာ သုံးတဲ့ငွေထဲက ချွေတာပြီး ဒီလိုပုတီးလေးတော့ ပုတီးသမားတစ်ယောက်ဆီမှာ ရှိသင့်တယ်ကွာ”ဟု ကျွနု်ပ်က ပြောလိုက်မိလေ၏။

ထိုအခါ မောင်မောင်မြင့်အေးက –

“အဲဒီပုတီးစိပ်တဲ့ ကျေးဇူးကို ပြောပါဦး ဆရာရဲ့”ဟု မေးလေ၏။

“ဒီကျေးဇူးကို ပြောရရင် စာအုပ်ကြီးတစ် အုပ်ဖြစ်ဖို့ ရှိတယ်။ ယုံနိုင်ဖို့ခက်တယ်။ ငါမင်းကို ပုတီးလေးတစ်ကုံး ပေးလိုက်မယ်။ တစ်လလောက် စိပ်ကြည့် သူ့ရဲ့ကျေးဇူးသိလိမ့်မယ်။ သူ့ရဲ့ကျေးဇူးကို သိတဲ့အခါမှာ မင်းနဲ့ ငါနဲ့ အခုပြောနေတဲ့ အကြောင်း အရာကို ဆောင်းပါးတစ်ပုဒ်ရေးပြီး ရောင်ပြန်မဂ္ဂဇင်း မှာ ထည့်လိုက်ကွာ”ဟု ကျွနု်ပ်က  ပြောလိုက်ရာ မောင်မောင်မြင့်အေးက –

“ယုံပါတယ် ဆရာရယ်”ဟု ပြောပြီး ကျွနု်ပ် ထံမှ ပုတီးကိုယူ၍ ပြန်သွားလေတော့၏။

မှတ်ချက်။ ။ ဤပုတီးကို စိတ်ဝင်စား၍ လုပ်တတ်ခြင်းမရှိသူများ ကျွနု်ပ်နှင့် ဆက်သွယ်ပါ။ ပုတီး လုပ်သောဆိုင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးပါဦးမည်။ ရပ်ဝေးမှမိတ်ဆွေများကိုလည်း ပုတီးဆိုင်နှင့် ဆက်သွယ်ကာ တင်ပို့ပေးရန် စီစဉ်ပေးပါမည်။