ပုတီးနှင့်ချစ်သူ (မနောမယပုတီး)

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေး ရောက်လာ၏။ သူသည် ကျွန်ုပ်နှင့် ပုတီးအကြောင်း စကားပြောချင် ဟန်ရှိ၏။

ထို့ကြောင့် မောင်မောင်မြင့်အေးသည် ထိုင်လိုက်လျှင် ထိုင်လိုက်ချင်း –

“ဆရာရေ …အခုတလော ပုတီးအကြောင်းတွေ ဆရာတော်တော် ရေးနေတယ်နော်။ ကျွန်တော် လည်း ပုတီးနဲ့ ပတ်သက်ပြီး မေးရဦးမယ်”
ဟူ၍ စကားစလိုက်လေ၏။

ထိုအခါ ကျွနု်ပ်က –
“ဒီလို မောင်မောင်မြင့်အေးရဲ့ …၊ တို့ ကျောက်မြောင်းမှာ ထွက်ရပ်ပေါက်လို့ ပြောတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိခဲ့ဖူးတယ်။ တို့ကတော့ ငယ်သေးတော့ မီရုံပဲရှိတယ်။ မဆည်းပူးလိုက်ရပါဘူးကွာ။ တို့ရဲ့ ဦးလေးသားချင်း ဖြစ်တဲ့ ဦးအောင်သော်ကတော့ အဲဒီပုဂ္ဂိုလ်နဲ့ နီးနီးစပ်စပ် နေခဲ့ဖူးတာ”

“ဒီလိုဆိုရင် အဲဒီ ဦးအောင်သော်ကြီးက တော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်လို့ ပြောတဲ့ ပုဂ္ဂိုလ်ကြီး ဆီက ပညာတွေ ရမှာပေါ့နော်”
ဟုပြန်၍ မေးလိုက်လေသည်။

“မောင်မောင်မြင့်အေးရေ …အဲဒီ ဦးအောင် သော်ကြီးက ခပ်ထုံထုံ ခပ်အအကြီးကွ၊ ငါပြောတဲ့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးကလည်း သိပ်ပြီးပါးတာ ကွ၊ ရွှေတောင်စက္ကူက အဘလို့ ခေါ်ရအောင် ပါး တာကွ၊ ဝိဇ္ဇာကြီးပဲကွာ လူထက် လည်တော့မပေါ့။ သူ့နာမည်က အဘမှဲ့တဲ့။ ကြုံတုန်း မင်းကို ပြောရ ဦးမယ်။ တစ်နေ့မှာ အဘမှဲ့က ဦးအောင်သော်ကြီး စိပ်တဲ့ ပုတီးကို တစ်ကုံးလုံး ရွှေချခိုင်းတယ်ကွ”

“အဲဒီလို ပုတီးကို ရွှေချခိုင်းတော့ ဦးအောင် သော်ကြီးက တစ်ကုံးလုံး ရွှေချလိုက်ရောလား ဆရာရဲ့”

“ဒီလို ဒီလို မောင်မောင်မြင့်အေးရေ …၊ ပုတီးကို ရွှေချခိုင်းတဲ့ ကိစ္စနဲ့ ဆက်စပ်နေတဲ့ ကိစ္စလေးတွေရှိသေးတယ်။ အဲဒါကို ငါက ပြောပြရင် မကောင်းဘူး။ ငါ့ဆီမှာ ဦးအောင်သော်ကြီးနဲ့ ပတ် သက်ပြီး ငါရေးထားတဲ့ မှတ်တမ်းရှိတယ်။ အဲဒီ မှတ်တမ်းကို မင်းကိုယ်တိုင် ဖတ်ကြည့်ပေတော့”
ဟုဆိုကာ ကျွန်ုပ်သည် ဦးအောင်သော်ကြီး နှင့် ပတ်သက်၍ မှတ်တမ်းကို ထုတ်၍ ပြသလေတော့၏။

မောင်မောင်မြင့်အေးလည်း ထိုမှတ်တမ်းကြီး မှ ကျွန်ုပ်ထောက်ပြသော နေရာမှစကာ ဖတ်ရှုလေတော့၏။

ဦးအောင်သော်ကြီးနှင့် ပတ်သက်သော မှတ်တမ်းမှ စာအချို့ –
“ငါ့ရဲ့ ပုတီးကို အဘမှဲ့က ကိုင်ကြည့်ပြီး ပြုံးတယ်။ ပြီးတော့ တစ်ကုံးလုံး ရွှေချလိုက်တော့တဲ့။ အဲဒီတော့ငါက ‘အဘရယ် တစ်ကုံးလုံး ရွှေချလိုက်ရင် ကျွန်တော် ဘယ်လိုလုပ် စိပ်မှာတုန်း။ စိပ်ရင် လည်း ရွှေတွေ ကွာကျကုန်မှာပေါ့’လို့ ပြောတယ်။ အဲဒီမှာ အဘက ငါ့ခေါင်းကို ‘တောင်’ခနဲ ခေါက် ပြီးတော့ ‘ရွှေစော်နံ ပြန်လိုက်ဦးဆိုတာ မင်းလို ကောင်မျိုးကိုပြောတာ ရွှေအောင်သော်ရဲ့ …”လို့ဆိုတယ်ကွ၊ အဲဒါနဲ့ငါလည်း ပန်းပုဆိုင်သွားပြီး ပုတီး တစ်ကုံးလုံးကို ရွှေချလိုက်ရတယ်ဟေ့။ အဲဒီလိုချပြီးတာနဲ့ သူ့ရှေ့ကို ယူလာတယ်။ အဲဒီမှာ သူက “အဲဒီပုတီးနဲ့ မစိပ်နဲ့။ စိပ်ပုတီးမဟုတ်ဘူး။ ဆွဲပုတီး”တဲ့။ “ဆွဲပုတီးဆိုတာ ဘာလဲ အဘ”လို့မေးတော့ သူက “စိပ်ပုတီး၊ ချိတ်ပုတီး၊ ဆွဲပုတီး၊ စွပ်ပုတီး၊ ဆောင်ပုတီး၊ ကြွားပုတီး အမျိုးမျိုးရှိတာပေါ့။ ဆွဲပုတီး ဆိုတာက လည်ပင်းမှာ ဆွဲထားဖို့ ကိုယ့်လူရဲ့ … ချိတ်ပုတီးဆိုတာက ကိုယ့်ရဲ့ဘုရားခန်းမှာ ဝိဇ္ဇာတွေကို လှူဒါန်းပြီး ချိတ်ထားတဲ့ပုတီးကွ၊ စွပ်ပုတီးဆိုတာက စိပ်ဖို့ မဟုတ်ဘူး။ လမ်းသွားရင် ပုတီးသမားမှန်းသိအောင် လက်မှာ စွပ်ထားဖို့။ ကိုယ့်ရဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေက ပေးတဲ့ ပုတီးကိုတော့ အိတ်က လေးနဲ့ ထည့်ပြီး သွားလေရာမှာ ယူသွားတဲ့ အဆောင်ပုတီးကို ဆောင်ပုတီးလို့ခေါ်တယ်။ ကြွားပုတီးဆိုတာ က ပုတီးကို ထူးထူးဆန်းဆန်းလုပ်ပြီး ဘယ်တောင်မှာ ကျုပ် အဓိဋ္ဌာန်ဝင်တုန်းက တောင်စောင့်ဘီလူးက လာပြီး လက်ဆောင်ပေးသွားတာဆိုပြီး ကြားလုံး ထုတ်တဲ့ ပုတီး။ ဘယ်ဘီလူး၊ ဘယ်သရဲကမှ ပုတီး လက်ဆောင်မပေးဘူး မြဲမြဲမှတ်ထား’လို့ ပြောဖူးတယ်”ဟု ဦးအောင်သော်ကြီးက ပြောလိုက်ရာ-
“ဟုတ်တယ်ကွ …ငါ့ရဲ့ စိပ်ပုတီးကြီးဟာ ရွှေရောင်တဝင်းဝင်းနဲ့ ဆွဲပုတီးကြီး ဖြစ်သွားပါလေရော”
ဟုပြန်၍ ပြောလေ၏။

“ဦးလေးတို့ ဆရာကြီးက သူ့တပည့်တိုင်း ကို အဲဒီလို လုပ်ခိုင်းသလား”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဦးအောင်သော်ကြီးက –

“မင်းအနေနဲ့ မေးမယ်ဆိုရင်လည်း မေးစရာပဲကွ၊ လူတိုင်းကို အဲဒီလို မလုပ်ခိုင်းဘူးကွ၊ တချို့လူ တွေကျတော့ ပုတီးကို ဆေးအနီရောင် သုတ်ခိုင်း တယ်။ တချို့ကျတော့ ငွေမင်ရောင်သုတ်ခိုင်းတယ်။ ငါမှတ်မိသလောက် ပြောရမယ်ဆိုရင် ရေကျော်ဘက်က ကိုကျော်ရွှေဆိုတဲ့ လူတစ်ယောက်ကို သူ စိပ်နေတဲ့ ပုတီးကို ငွေမင်သုတ်ရမယ်ဆိုပြီး အတင်း သုတ်ခိုင်းတယ်။ ပြီးတော့ အဲဒီပုတီးကို မစိပ်နဲ့တော့ ဆွဲပုတီးလုပ်တော့ဆိုပြီး ဆွဲခိုင်းတယ်။ အဲဒီ ကိုကျော်ရွှေမှာ အိမ်ထောင်မရှိဘူးကွ။ မိန်းကလေး တစ်ယောက်နဲ့တော့ မေတ္တာမျှတယ်။ မိန်းကလေး မိဘက သူနဲ့ သဘောမတူဘူး၊ မိန်းကလေးကတော့ သူ့ကို မေတ္တာရှိပါတယ်။ အဲဒီမှာ မိန်းကလေးဘက်က ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုကျော်ရွှေနဲ့ သူတို့ သမီး ရသွားမှာစိုးလို့ သတို့သမီးကို နိုင်ငံခြားပို့လိုက်တယ်။ နိုင်ငံခြားဆိုလို့ ဝေးဝေး မဟုတ်ပါဘူးကွာ၊ မလေးရှား ပို့လိုက်တာပါ။ မလေးရှားမှာ သူ့အစ်ကိုတစ်ယောက်ရှိတယ်ကွ။ အဲဒီလို မိန်းကလေးက နိုင်ငံခြားကိုလည်း ထွက်သွားရော ကိုကျော်ရွှေခမျာ ရူးမတတ် ခံစားရတော့တာပေါ့ကွာ။ အဲဒီတော့ အဘက သူ့ရဲ့ ငွေရောင်ချိတ်ပုတီးကြီးကို နှစ်ထပ် ပုံသဏ္ဌာန် ကြမ်းမှာ ခင်းခိုင်းတယ်။ ပြီးတော့ ကတ်ပြားလေး တစ်ခုပေါ်မှာ လိပ်ပြာရုပ်ကလေးတစ်ခု ရေးပေး တယ်။ အဲဒီလိပ်ပြာရုပ်ကလေးကိုတော့ ငါကောင်းကောင်း ရေးတတ်တယ်ကွ၊ အဘရေးတာကို ကြည့်ပြီး ငါလေ့ကျင့်ထားတာ …ဟောဒီမှာကြည့်”
ဟုဆိုကာ ဦးအောင်သော်သည် လိပ်ပြာရုပ် ကလေးတစ်ခုကို ရေးပြလေ၏။

“ပြီးတော့ ကိုကျော်ရွှေကို နှစ်ထပ်စက်ဝိုင်း ပုံသဏ္ဌာန် လုပ်ခိုင်းထားတဲ့အထဲကို အဲဒီလိပ်ပြာရုပ်ကလေး ချခိုင်းတယ်။ အဲဒီလို ချခိုင်းပြီးတော့ ပုတီး တစ်ခုလုံးကို နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ၊ ကံ့ကော်ပန်းတွေ ရှာလို့ရသမျှ ပန်းတွေနဲ့ ပုတီးကို ပျောက်သွားအောင် အုံခိုင်းပြီးတော့ ပုတီးကို စိပ် ခိုင်းတယ်။ ခုနစ်ရက်ပြည့်အောင် စိပ်ရတယ်။ ဘာကို စိပ်ရလဲဆိုတော့ –

မဉ္စလိန္ဒာ
တောသာယာက
လာသည့်လိပ်ပြာ
မောင့်လိပ်ပြာ
မယ့်နှလုံးမှာ
နားသည်တကား။
ဟိမဝန္တာ
သူယောင်ရွာက
လာသည့်လိပ်ပြာ
မယ့်လိပ်ပြာ
မောင့်အသည်းမှာ
နားသည်တကား။

အဲဒီလို စိပ်ခိုင်းတယ်ကွ”

ဟု ဦးအောင်သော်ကြီးက ပြောလေ၏။

“ဦးလေးဟာကလည်း ဂါထာလည်း မဟုတ် ဘူး။ အချစ်ကဗျာကြီးပါလား”ဟုပြောလိုက်လျှင် ဦးအောင်သော်က –

“အဲဒါတွေ ပြောမနေနဲ့ …ကိုကျော်ရွှေရဲ့ မိန်းကလေးဟာ မလေးရှားမှာ ကြာကြာမနေနိုင်ဘူး။ ချက်ချင်း ပြန်လာတော့တာပဲ”

ဟု ပြောလျှင် ဦးအောင်သော်ကြီး ဆွဲပြသော လိပ်ပြာရုပ်ကလေးကို ဆွဲတတ်ရန်အတွက် ထို လိပ်ပြာပုံလေးပါသော စာရွက်ကို ပြန်၍မပေးဘဲ ကျွန်ုပ်၏ မှတ်စုစာအုပ်အတွင်း၌ ချစ်လိပ်ပြာ သို့မဟုတ် အဝေးရောက်ချစ်သူအား ပြန်လည်ခေါ်ယူနိုင်သော ဂါထာကို အလွတ်ကျက်မှတ်ရန်အတွက် ကျွန်ုပ်၏ မှတ်စုစာအုပ်၌ ရေးသွင်းလိုက်ရလေတော့သတည်း။

မင်းသိင်္ခ