ရုက္ခစိုးမင်းကြီးကို မေတ္တာပို့ခြင်း

ဒီလိုပါခင်ဗျာ …။

မိတ်ဆွေတို့အတွက် အလွန်အသုံးတည့်နိုင်တဲ့ ဂမ္ဘီရနည်းလေးတစ်ခု ပြောပြချင်လို့ပါ …။

သိပ်မကြာသေးခင်က ကျွန်တော် ဆရာဇင် ယော်နီဆီကို ရောက်သွားပါတယ်။ ကျွန်တော်တို့က တော့ ဆရာဇင်ယော်နီကို ဦးကျော်ပြောင်လို့ ခေါ်လေ့ရှိပါတယ်။

သူက သူ့ဆီမှာ ဗေဒင်လာမေးတဲ့ပရိသတ် တစ်ယောက်ကို ဂမ္ဘီရနည်းလေးတစ်ခု ပြောပြပြီး အဲဒီနည်းလေးကို သေသေချာချာလုပ်ဖို့ အလေးအနက်မှာနေတာကို ကြားရပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း အဲဒီဧည့်သည် ပြန်သွားတဲ့အခါ အဲဒီဂမ္ဘီရနည်းကို အသေးစိတ် မေးကြည့်ရပါတော့တယ်။

ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ နည်းကို ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း ပေးဖြစ်ခဲ့ပါတယ်။ သိသိသာသာ အစွမ်းပြတယ်ဆိုတာ လက်တွေ့သိရတဲ့နည်းတစ်ခုပါ။

ဒါကြောင့် ချစ်စွာသော စာရှုသူများအတွက် တစ်ဆင့်စကား လက်ဆောင်ပါးလိုက်ပါရစေဗျာ။

နည်းလေးက လွန်စွာလွယ်ပါတယ်။ ဒါပေမဲ့ လေးလေးနက်နက် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

အကြောင်းကိစ္စ တစ်စုံတရာကြုံတဲ့အခါ မိမိ ရဲ့အိမ်၊ ဒါမှမဟုတ် ဆိုင်၊ ဒါမှမဟုတ် အလုပ်နဲ့ အနီးဆုံး အပင်ကြီးကြီးတစ်ပင်က ရုက္ခစိုးကို အာရုံပြုပြီး လေးနက်စွာ မေတ္တာပို့သရပါမယ်။ ပြီးရင် သမ္ဗုဒ္ဓေဂါထာတော်ကို (၆)ခေါက် ရွတ်ဖတ်သရဇ္ဈာယ် ရပါမယ်။ ပြီးတော့ ကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စကို ဆုတောင်းဖို့ ဖြစ်ပါတယ်။

အရေးကြီးရင်ကြီးသလို ထပ်ခါတလဲလဲ ဆောင်ရွက်သင့်ပါတယ်။ တအားအရေးကြီးတဲ့ကိစ္စကြီးများ ရှိနေရင်တော့ နေ့စဉ်ရက်ဆက် အဓိဋ္ဌာန်အဖြစ် ဆောင်ရွက်သင့်ကြောင်းပါခင်ဗျာ။

မာန်ဟိန်းကျော်(မြန်မာပြည်သား)(သုဝဏ္ဏ)

ဆရာမာန်ဟိန်းကျော်နှင့် ဆက်သွယ်လိုပါသော် – ဖုန်း – ဝ၉ ၄၂၀၂၅၈၄၄၂