ကျန်းမာရေးအတွက် ဟင်းတစ်ခွက်

တူမရေ …ဒီအပတ်မှာ ချက်ပြမယ့် ဟင်းအမယ်တွေကတော့ ဝက်သားနဲ့ မှိုပေါင်းဟင်း၊ ပြည်ကြီးငါးသုပ်နဲ့ ခဝဲသီးကြော်ချက်ဟင်းတွေပေါ့ကွယ်။ မှိုဆိုလို့ ကောက်ရိုးမှိုတို့၊ အပ်မှိုတို့၊ ငှက်စွပ်မှိုတို့ မဟုတ်ဘူးနော်၊ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကို သက်သာစေတဲ့ ြွကက် နားရွက် မှိုခြောက်ဆိုတဲ့ မှိုပါ။ ဝက်သားရဲ့ ဆိုးကျိုးကို မှိုခြောက်က ထိန်းပေးမှာမို့ ဝက်သားနဲ့ မှို ခြောက်ချက်မှာပါ။
ဝက်သားလိုင်းသားသုံးဆယ်သား၊ ကြွက်နားရွက်မှိုခြောက် ငါးကျပ်သား၊ ပဲလိပ်ခြောက်တစ်ရာ တန်တစ်ထုပ်၊ ပြည်ကြီးငါး သုံးဆယ်သား၊ ခရမ်းချဉ် သီးနှစ်ဆယ်သား၊ နံနံပင်နဲ့ သံပုရာသီး၊ ခဝဲသီးနှစ်လုံးတို့ ဝယ်ခဲ့ပါတယ်။
ဟင်းချက်ဖို့ ပြင်ပါမယ်နော်။ ဝက်သားလိုင်းသားက နုတော့ ဟင်းချက်ရတာ ကောင်းပါတယ်။ အသားလည်း နူးလွယ်ပါတယ်။ ဝက်သားကို အနေ တော် အတုံးတွေတုံးပြီး ရေဆေးပါ။ ပြီးရင် သံပရာသီးတစ်ခြမ်းလှီးကာ သံပရာရည်ညှစ်ထည့်ပြီး နာနာလေးနယ်ပါ။ ရေထပ်ဆေးလိုက်ပါ။ ဒီလိုသံပရာရည်နဲ့ ဆေးလိုက်ရင် အသားအညှီနံ့ သက်သာစေတယ်။ မှတ်ထားနော် တူမ။ ဝက်သားတုံးတွေကို ဟင်းခတ်မှုန့်၊ ဆားအနေတော်ထည့်ပါ။ ပဲငံပြာရည်ဟင်းခတ် ဇွန်းတစ်ဇွန်းခန့်ထည့်ပြီး နယ်ပါ။ နှပ်ထားပါ။ ချင်းလက်တစ်ဆစ်ခန့်နှင့် ကြက်သွန်ဖြူငါးမြွှာတို့ကို ရောထောင်းထားပါ။
ကြွက်နားရွက်မှိုခြောက်တွေကို ဇလုံထဲ ရေနွေးပူပူနှင့် ဆားထည့်ထားတဲ့အထဲ စိမ်ထားလိုက်ပါ။ တစ်အောင့်ကြာရင် ကြွက်နားရွက်မှိုများ ပွလာပါမယ်။ ဆယ်ယူပြီး မှိုအရင့်တွေကို ဖယ်ပစ်ပါ။ ရေဆေးထားပါ။ ပဲလိပ်ခြောက်တွေကို လက်နှစ်လုံး အရှည်ထားညှပ်ပြီး ဆီပူပူမှာကြော်ပြီး ဆယ်ထားပါ။
ပြည်ကြီးငါးတွေကို ရေစင်စင်ဆေးပါ။ ခေါင်းပိုင်းမှာရှိနေတဲ့ မင်ရည်အိတ်ကို ထုတ်ပစ်ပါ။ အတွင်းသားထဲမှ အချွဲများကို စင်အောင် သေသေချာချာ ဆေးပါ။ အိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။ ချင်းလက်တစ်ဆစ်ခန့်ကို ပါးပါးလှီးထည့်ပါ။ ရေဆူလို့ ချင်းနံ့မွှေးလာရင် ရေဆေးထားတဲ့ ပြည်ကြီးငါးတွေကို ထည့်ပြုတ်လိုက်ပါ။ သုံးမိနစ်ခန့်ကြာရင် ကျက်ပါပြီ။ ဆယ်ယူပြီး အအေးခံပါ။ အေးသွားပါ ရင် အနေတော်အတုံးလေးများ လှီးထားပါ။ ခရမ်းချဉ်သီးနှစ်လုံးကို ရေဆေး၊ အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီနှစ်လုံးကိုလည်း ပါးပါးလှီးပြီး ရေဆေးထားပါ။ ငရုတ်သီးစိမ်း ငါးတောင့်၊ နံနံပင် သုံးပင်တို့ကိုလည်း ရေဆေးပြီး လှီးထားပါ။
ခဝဲသီးကို အပေါ်အခွံများကို သင်ပြီး ရေဆေးပါ။ အစေးများကုန်သွားလျှင် ဘူးသီးပါးပါးလှီးသလို လှီးပါ။
ခဝဲသီးကတော့ ပြင်လည်းပြင် ချက်လည်း ချက်ပါမယ်။ ခဝဲသီးချက်မယ့် အိုးထဲကို ခဝဲသီးတွေ ထည့်ပါ။ ဟင်းခတ်ဇွန်းတစ်ဇွန်းခန့် ဆီထည့်ပါ။ ပုစွန်ခြောက်မှုန့်တစ်ဇွန်း၊ ဟင်းခတ်မှုန့်နဲ့ ဆားနည်းနည်း၊ နနွင်းမှုန့်နည်းနည်းထည့်ပြီး နယ်ပါ။ လက်ဆေးရေထည့်ပြီး တည်ပါ။ ဟင်းလုံးရာမှ ခဝဲသီးများနူးလာပါရင် မတ်ခွက်တစ်ခွက်နှင့် တစ်ဝက် ရေထည့်ပါ။ ရေများဆူလာပြီး ဟင်းရည်ကျလာရင် အပေါ့အငန် မြည်းပါ။ အဆင်ပြေရင် ခဝဲသီးဟင်းချိုရပါပြီ။ လုံးချက်လို့လည်း ခေါ်ပါတယ်။ ကြော်ချက်လို့လည်း ခေါ်ပါတယ်နော်။

ဝက်သားနဲ့ မှိုပေါင်းဟင်းချက်ပါမယ်။
ဟင်း ချက်အိုးထဲကို ဆီငါးကျပ်သားခန့်ထည့်ပါ။ ဆီကျက် လာရင် ဟင်းခတ်ဇွန်းတစ်ဇွန်းစာ သကြားထည့်ပါ။ သကြားတွေနူးလာရင် နှပ်ထားတဲ့ ဝက်သားတွေ ထည့်ပါ။ လုံးရည်တွေ ကုန်သွားမှ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ချင်းတို့ ထည့်လုံးပါ။ ပြီးရင် ဝက် သားမြှုပ်ရုံ ရေထည့်ကာ အဖုံးအုပ်ထားပါ။ တစ် ရေခန်းသွားရင် ကြော်ထားတဲ့ ပဲလိပ်နဲ့ မှိုတွေကို ထည့်လုံးပါ။ အသားမြှုပ်ရုံ ရေနည်းနည်းထပ် ထည့် ပေးပါ။ ရေခန်းသွားရင် အသားလည်းနူးပါပြီ။ ဝက်သားနဲ့ မှိုပေါင်းဟင်းရပါပြီ။

ပြည်ကြီးငါးသုပ်မယ့် ဇလုံထဲလှီးထားတဲ့ ပြည်ကြီးငါးတွေထည့်ပါ။ ပြီးရင် အသင့်လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ နံနံပင်တို့ ထည့်ပါ။ ဟင်းခတ်မှုန့်နဲ့ ဆားကို သင့်ရုံထည့်ပါ။ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။ အချို့က ငံပြာရည်နည်းနည်းလည်း ထည့်တတ်ကြပါတယ်။ ဆီမဆမ်းဘူးနော်။ အားလုံးရောနယ်ပေးလိုက်ပါ။ အပေါ့အငန်မြည်းပါ။ အတော်ပဲဆိုပါရင် ပြည်ကြီးငါး သုပ်ရပါပြီ။

အားလုံးထမင်းစားလို့ မြိန်ကြပါစေ …။
မေညွန့်