ဝဋ်ကြွေးရှိက တူညီမျှ ခံကြရမည်သာ

“ဝဋ်မှာအမြဲ၊ ငရဲအပ”ဆိုသလို၊ မိမိပြုခဲ့သော မကောင်းမှုသည် ငရဲကျခံခြင်း(အပ)ဖြစ်သော်လည်း ဝဋ်ကြွေးက ကျန်ရှိနေသေးသည်။

လွန်လေပြီးသောအခါက ဝံသတိုင်း၊ ကောသမ္ဗီပြည်တွင် မဏ္ဍဗျမည်သော ပုဏ္ဏားနှင့် ဒီပါယန မည်သော ပုဏ္ဏားတို့သည် လွန်စွာရင်းနှီးချစ်ခင်သော အဆွေခင်ပွန်းများဖြစ်ကြသည်။ ထိုမိတ်ဆွေ ပုဏ္ဏားနှစ်ဦးတို့သည် လွန်စွာချမ်းသာ ကြွယ်ဝကြသူများဖြစ်သည်။ ထိုနှစ်ယောက်သော ပုဏ္ဏားတို့သည် ကာမဂုဏ်တို့၌ များစွာသော အပြစ်တို့ကို သိမြင်၍ ဥစ္စာ၊ စည်းစိမ်တို့ကို စွန့်လွှတ်ကာ၊ ဟိမဝန္တာတောသို့ဝင်၍ ကျောင်းသင်္ခမ်းဆောက်လုပ်ပြီး ရသေ့ ရဟန်းပြုခဲ့ကြသည်။ မဏ္ဍဗျရသေ့နှင့် ဒီပါယနရသေ့တို့သည် ဟိမဝန္တာ၌ သစ်မြစ်၊ သစ်သီးတို့ကို သာ မှီဝဲ၍ အားထုတ်ခဲ့ရာ အနှစ်ငါးဆယ်တိုင် ရှိခဲ့ ကြပါသည်။ နှစ်ငါးဆယ်လွန်မြောက်သော တစ်နေ့တွင် ထိုရသေ့နှစ်ပါးသည် ချဉ်ဆားအလှူခံရန် ရွာစဉ်လှည့်လည်စဉ် ကာသိတိုင်းသို့ ရောက်ရှိခဲ့သည်။

ကာသိတိုင်းတွင် ဒီပါယန ရသေ့၏ လူ့လက်ထက်၌ ခင်မင်ရင်းနှီးခဲ့သော သူကြွယ်တစ်ဦးရှိသည်။ ထိုရသေ့နှစ်ပါးသည် သူကြွယ်ရှိရာ အရပ်သို့ သွားရောက်ခဲ့သည်။ သူကြွယ်သည် ရသေ့နှစ်ပါးကို မြင်၍ဝမ်းမြောက်ဝမ်းသာရှိလှသဖြင့် ကျောင်းဆောက်ကာ ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးအမှု ပြုခဲ့ပါသည်။ ရသေ့နှစ်ပါးသည် သူကြွယ်လှူဒါန်းသော ကျောင်းတွင်သုံးနှစ်ကျော်၊ လေးနှစ်နီးပါး သီတင်းသုံးခဲ့ပြီးနောက်၊ သူကြွယ်ကို ခွင့်ပန်ကာ ဒေသစာရီကြွချီခဲ့ကြသည်။ ဗာရာဏသီပြည်သို့ ရောက်သောအခါ အဓိမုတ္တက မည်သော သုသာန်၌ သီတင်းသုံးနေ ထိုင်ကြသည်။ ဒီပါယရသေ့သည် မွေ့လျော်သလောက် နေထိုင်ပြီးနောက် မိမိတစ်ပါးတည်း မိတ်ဆွေသူကြွယ်ထံပြန်ကြွသွားသည်။ မဏ္ဍဗျရသေ့ကမူ ထိုသုသာန်၌ပင် တစ်ပါးတည်းနေထိုင်ခဲ့ပါသည်။

တစ်နေ့သော ညဉ့်နက်ပိုင်းတွင် ခိုးသားတစ်ဦးသည် ထိုအရပ်ဒေသရှိ နေအိမ်မှ ဥစ္စာပစ္စည်းထုပ်ကို ဝင်ရောက်ခိုးယူသည်။ ခိုးယူပြီးသော ဥစ္စာထုပ်နှင့်အတူ ထိုနေအိမ်မှ ပြန်ထွက်စဉ်၊ အိမ်ရှင်များသိ၍ နိုးထကြပြီး ခိုးသားနောက်သို့လိုက်ကြသည်။ ခိုးသားသည် ထိုအရပ်မှ သုသာန်သို့ ဦးတည်ပြေးနေ၏။ သုသာန်သို့ ရောက်သောအခါ ခိုးသားသည် ဥစ္စာထုပ်ကို မဏ္ဍဗျရသေ့ရှိရာ ဇရပ်တံခါးဝ၌ စွန့်ပစ်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။ ဥစ္စာရှင်တို့သည် ဇရပ်တံခါးဝ၌ ဥစ္စာပစ္စည်းထုပ်နှင့် ဇရပ်တွင်းရှိ မဏ္ဍဗျ ရသေ့တို့ကို မြင်တွေ့ကြသည်။ ထိုအခါ ဥစ္စာရှင်များမှ ရသေ့အသွင်ဆောင်၍ ခိုးဝှက်သူဟု မဏ္ဍဗျ ရသေ့အား စွပ်စွဲကာ မင်းထံသို့ပေးပါသည်။ မင်းသည် မစူးစမ်းမဆင်ခြင်ဘဲ မဏ္ဍဗျရသေ့အား သုသာန်၌ တံကျင်(ရှေးက ပြစ်ဒဏ်ခံရသူတို့ကို ထိုးလျှိုရသော အချောင်း၊ အတံ) လျှိုထားရှိရန် အမိန့် ချမှတ်ခဲ့သည်။ ဤသည်မှာ မဏ္ဍဗျရသေ့သည် အတိတ်ဘဝတစ်ခုတွင် မဟုတ်မမှန်လုပ်ကြံ လည်ဆယ်စွပ်စွဲခဲ့သော အကုသိုလ်အကျိုးက သက်ရောက်လာ၍ ယခု ပြန်လည်ပေးဆပ်ရခြင်းပင်ဖြစ်သည်။

အာဏာပါးကွက်သားတို့သည် မဏ္ဍဗျရသေ့အား တံကျင်လျှိုရန် သုသာန်သို့ ခေါ်ဆောင်လာခဲ့သည်။ သုသာန်သို့ ရောက်သောအခါ ရှားသားဖြင့် ပြုလုပ်ထားသော တံကျင်ဖြင့် ရသေ့၏ကိုယ်သို့ ထိုးလျှိုကြသည်။ ရှားတံကျင်သည် ရသေ့၏ကိုယ်တွင်းသို့ မဝင်ဘဲရှိနေခဲ့ရာ၊ သံတံကျင်ဖြင့် တိုးလျှိုကြသည်။ ထိုသံတံကျင်သည်လည်း ရသေ့၏ ကိုယ်တွင်း မဝင်ဘဲရှိနေခဲ့သည်။ ထိုအခါ မဏ္ဍဗျရသေ့သည် ရှေးဘဝက မိမိ၏ မကောင်းမှုအကုသိုလ်ကံကို ဇာတိဿရဉာဏ်ဖြင့် ကြည့်တော်မူရာ ပင်လယ်ကသစ်တံကျင်ဖြင့် ယင်ငယ်ကို ထိုးဖူးခဲ့သောကံကို သိမြင်သွားခဲ့ပါသည်။

ထိုကုသိုလ်ကံသည်ကား ထိုမဏ္ဍဗျရသေ့သည် ရှေးဘဝတစ်ခုက လက်သမားဖြစ်ခဲ့သည်။ ထိုလက်သမားသည် သစ်ခွဲစိတ်ရာအရပ်တွင် ယင်ငယ်တစ်ကောင်ကိုဖမ်း၍ ပင်လယ်ကသစ်မြစ်ဖြင့်ထိုး၏။ ထိုအကုသိုလ်ကံသည် ယခုရသေ့ဘဝတွင် တူညီသောဝဋ်ကြွေးကို ခံရပေသည်။ ထို့ကြောင့် မဏ္ဍဗျရသေ့မှ “ဤယင်ငယ်ကို ပင်လယ်ကသစ်မြစ်ဖြင့် တံကျင်ထိုးလျှိုခဲ့သော အကုသိုလ်ကံမှလွတ်ခြင်းငှာ ငါမတတ်နိုင်ပြီ”ဟု ဆင်ခြင်မိခဲ့သည်။ ထို့ကြောင့် မဏ္ဍဗျရသေ့မှ “မင်းချင်းတို့ ငါ့ကို တံကျင်လျှိုမည်ဖြစ်ပါက ပင်လယ်ကသစ်တံကျင်ကို ဆောင်ယူခဲ့ပါလော့”ဟု ဆိုပါသည်။ မင်းချင်းတို့သည် ရသေ့ဆိုသည့်အတိုင်း ပင်လယ်ကသစ်တံကျင်ကိုပြု၍ လျှိုထိုးရာ ကိုယ်တွင်းသို့ ကောင်းစွာထိုးဝင်သွားခဲ့ပါသည်။ မဏ္ဍဗျရသေ့သည် ပင်လယ်ကသစ်တံကျင်ဖြင့် သုသာန်၌ ရှိနေခဲ့ပါသည်။

ထိုအချိန်တွင် မိတ်ဆွေဖြစ်သူ ဒီပါယန ရသေ့သည် သတိတရရှိလှသဖြင့် မဏ္ဍဗျရသေ့ရှိရာ သုသာန်သို့ ရောက်ရှိလာသည်။ သုသာန်အ ရောက်တွင် တံကျင်လျှိုသွင်းခံထားရသော မဏ္ဍဗျ ရသေ့ကို မြင်၍ အကျိုးအကြောင်းမေးမြန်းရာ ဖြစ်စဉ်ကိုသိရှိသွားသည်။ ထို့ပြင် မဏ္ဍဗျရသေ့မှ မိမိ၏ ဝဋ်ကြွေးကြောင့်သာ ခံစားရသည်ဖြစ်၍ စွပ်စွဲပုတ်ခတ်သူများ၊ လွဲမှားစွာ အမိန့်ချခဲ့သော မင်းတို့အပေါ်တွင် အမျက်ဒေါသမရှိဘဲ၊ တရားကိုသာ ပွားများလျက်ရှိကြောင်း ဆိုပါသည်။ သို့သော် ဒီပါယန ရသေ့သည် မိမိနှင့် ငယ်ပေါင်းလည်းဖြစ်၊ အကျင့်စရိုက် တူညီသူဖြစ်သော မဏ္ဍဗျရသေ့ အခြေအနေကို ကောင်းစွာသိရှိထားသူဖြစ်၍ အကျိုးအကြောင်း ရှင်းပြရန် မင်းထံသို့ ထွက်လာခဲ့သည်။

မင်းထံသို့ ရောက်သောအခါ ဒီပါယနရသေ့သည် မိမိနှင့် မဏ္ဍဗျရသေ့တို့၏ အကြောင်းစုံကို ခရေစေ့တွင်းကျမင်းအား ရှင်းပြသည်။ ထိုအခါ မင်းသည် မဏ္ဍဗျရသေ့ကိုယ်မှ တံကျင်ကို နှုတ်ထုတ်စေ၍ အပြစ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ မင်းမိန့်အတိုင်း မင်းချင်းတို့သည် မဏ္ဍဗျရသေ့ကိုယ်မှ တံကျင်ကို နှုတ်ထုတ်ရန် ကြိုးစားကြသည်။ မည်သို့ပင် ကြိုးစားသော်လည်း ရသေ့ကိုယ်မှ တံကျင်သည် နှုတ်ထုတ်မရဘဲ ရှိနေခဲ့သည်။ ထိုစဉ် မဏ္ဍဗျရသေ့သည် အတိတ်ကံဝဋ်ကြွေးကို ရှုကြည့်တော်မူရာ လက်သမားဘဝက ယင်ငယ်၏ ကိုယ်တွင်းသို့ ထိုးသွင်းခဲ့သော ပင်လယ်ကသစ်မြစ်သည် ထိုယင်ကောင်၏ ကိုယ်တွင်း၌သာ ရှိနေခဲ့ပြီး အသက်အပိုင်းအခြားကုန်မှသာ ယင်ငယ်သေဆုံးသွားခဲ့သည်ကို သိမြင်ခဲ့သည်။ ထို့ကြောင့် မဏ္ဍဗျရသေ့က – “အချင်းတို့ ငါသည် ရှေးကပြုအပ်ခဲ့ပြီးသော အကုသိုလ်ကံဝဋ်ကြွေးကြောင့် ယခုကဲ့သို့ တံကျင်လျှိုထိုးခြင်းခံရပေသည်။ ငါ၏ ကိုယ်တွင်းမှ တံကျင်ကို နှုတ်ခြင်းငှာ မဖြစ်နိုင်၊ အကယ်၍ ငါ့အား အသက်ရှင်ခြင်းကို ဖြစ်စေလိုပါက လွှကိုဆောင်စေ၍ တံကျင်သားကို အရေပြားနှင့်အညီအမျှဖြတ်ပါလော့”ဟု ပြောဆိုပါသည်။ မင်းချင်းတို့သည် ရသေ့ပြောဆိုသည့်အတိုင်း တံကျင်သားကို ရသေ့၏ ကိုယ်အရေအပြားနှင့်အညီ ဖြတ်တောက်စေခဲ့သည်။ ကိုယ်တွင်း၌ ရှိနေသော တံကျင်သားသည် ရသေ့၏ ကိုယ်တွင်း၌သာလျှင် တည်ရှိနေခဲ့ပါသည်။

ဗာရာဏသီမင်းသည် ရသေ့တို့ကို ရှိခိုးကန်တော့ပြီး ထိုနှစ်ပါးသော ရသေ့တို့အား မင်းဥယျာဉ်၌ သီတင်းသုံးစေကာ အလုပ်အကျွေးပြုခဲ့ပါ သည်။ ထိုလျှိုသွင်းပြီးသော တံကျင်သားသည် ရသေ့ကိုယ်တွင်း၌သာ ရှိနေခဲ့၍ မဏ္ဍဗျရသေ့သည် “အာဏိမဏ္ဍဗျရသေ့”ဟု အမည်တွင်ခဲ့သည်။ ဒီပါယန ရသေ့နှင့် အာဏိမဏ္ဍဗျရသေ့တို့သည် မင်းကို အမှီပြု၍ ထိုဥယျာဉ်တော်၌ပင် အသက်ထက်ဆုံး နေထိုင်သီတင်းသုံးခဲ့ကြပေသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် “ဝဋ်မှာအမြဲ၊ ငရဲအပ”ဆိုသလို၊ မိမိပြုခဲ့သော မကောင်းမှုသည် ငရဲကျခံခြင်း(အပ)ဖြစ်သော်လည်း ဝဋ်ကြွေးက ကျန်ရှိနေသေးသည်။ ထိုဝဋ်ကြွေးသည် အချိန်ကျလာလျှင် တိတိပပပေးဆပ်ရသည်။ ဝဋ်ကြွေးကြီးလျှင် ကြီးသလောက် ခံစားရသည်။ ထို့ကြောင့် ငရဲလည်းကင်း ဝဋ်လည်းရှင်းအောင် အကုသိုလ် အမှုကိုပြု၊ ပြော၊ ကြံ ကံသုံးပါးဖြင့် မပြစ်မှားမိစေ ဖို့လိုပါသည်။ ဤသို့မှ မဟုတ်လျှင် မိမိပြုသော မကောင်းမှုသည် မိမိအတွက် “ဝဋ်ကြွေးရှိက တူညီမျှ ခံကြရမည်သာ”ဟူ၍။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး။ ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ဒသကနိပါတ်မှ တဏှဒီပါယနဇာတ်။