နှုတ်ကြမ်းမောက်မာ မဲ့မေတ္တာ၊ ချိုသာ ပြေပြစ် လူတိုင်းချစ်

 

လွန်လေပြီးသောအခါက ဘုရားလောင်း သည် ဗာရာဏသီပြည်တွင် သူဌေးသားဖြစ်ခဲ့ပါ သည်။ အလောင်းတော်သူဌေးသားတွင် အခြားသော မိတ်ဆွေသူဌေးသား သုံးဦးရှိသည်။ တစ်နေ့တွင် အလောင်းတော်ပါသူဌေးသား လေးဦးသည် မြို့မှ ထွက်၍ တစ်ခုသောလမ်းဆုံတွင် မိမိတို့တွေ့ဖူး ကြုံဖူး သမျှကို ပြောဆိုနေကြပါသည်။ ထိုစဉ် မုဆိုးတစ် ယောက်သည် များစွာသောအသားတို့ကို လှည်းပေါ် တင်၍ ရောင်းချရန် မြို့သို့ထွက်လာခဲ့သည်။ မုဆိုး၏ အသားတင်လှည်းသည် သူဌေးသားလေးဦး၏ အနီး အပါးမှ ဖြတ်သန်းသွားသည်။ ထိုစဉ် တစ်ယောက် သော သူဌေးသားက အမဲရောင်းသော မုဆိုးထံမှ အသားတောင်းယူမည်ဟုဆိုသည်။ ထိုအခါ ကျန် သဌေးသား သုံးဦးစလုံးကလည်း တောင်းယူဖို့ အား ပေးတိုက်တွန်းကြပါသည်။ ထို့ကြောင့် မုဆိုးအနီးသို့ သွား၍ ထိုသူဌေးသားက –

“ဟယ်မုဆိုး …ငါ့ကို အမဲတစ်တုံးပေးလော့”ဟု ပြောကာ တောင်းဆိုပါသည်။ ထိုအခါ မုဆိုးက –

“သင် ပြောဆိုသောစကားနှင့်အညီ သင့်အား အမဲကို ပေးအံ့” ဟုပြောဆိုပြီး အမဲအသား၏ အ သွေးအသားမရှိသော အမြှေးအမျှင်များပေးလိုက်၏။ အမြှေးအမျှင်များ ရရှိခဲ့သော သူဌေးသားအား “အဘယ်သို့ တောင်းသနည်း”ဟု မေးပါသည်။ ထို သူဌေးသားက “ဟယ် မုဆိုး …”ဟုဆိုကာ တောင်းဆိုကြောင်း ပြောပါသည်။ ထိုအခါတွင် ဒုတိယသူဌေးသားက သူလည်း အမဲတောင်းမည် ဟုဆိုကာ မုဆိုးအနီးသို့သွားခဲ့ပါသည်။ မုဆိုးအနီးသို့ အရောက် ဒုတိယသူဌေးသားက –

“အစ်ကိုကြီး …ငါ့အား အမဲတုံးကို ပေး လော့” ဟုပြောကာ တောင်းဆိုပါသည်။ ထိုအခါ မုဆိုးက “သင်ပြောဆိုသောစကားနှင့်အညီ သင့် အား အမဲကိုပေးအံ့”ဟုပြောဆိုပြီး အမဲ၏ကိုယ်သား ကို ပေးခဲ့ပါသည်။ ထိုအခါ တစ်ယောက်သော သူဌေးသားက အမဲကိုယ်သား ရရှိခဲ့သော သူဌေး သားအား “အဘယ်သို့ တောင်းသနည်း”ဟု မေးပါ သည်။ ဒုတိယသူဌေးသားက “အစ်ကိုကြီး …” ဟုဆိုကာ တောင်းဆိုကြောင်းပြောပါသည်။ ထိုအခါ တွင် တတိယသူဌေးသားက သူလည်း အမဲတောင်း မည်ဟုဆိုကာ မုဆိုးအနီးသို့ ထွက်သွားခဲ့ပါသည်။ မုဆိုးအနီးသို့အရောက်တွင် တတိယသူဌေးသားက-

“အဘ …ငါ့အား အမဲတုံးကိုပေးလော့”ဟု ဆိုပါသည်။ ထိုအခါ မုဆိုးက “သင်ပြောဆိုသော စကားနှင့်အညီ သင့်အား အမဲကိုပေးအံ့” ဟုပြောကာ နှလုံးသားနှင့် တကွ ကောင်းမွန်သော အသားတို့ကို ပေးခဲ့ပါသည်။ ထို့နောက် တစ်ယောက်သော သူဌေး သားက အသားကောင်းများရရှိခဲ့သော သူဌေးသား အား “အဘယ်သို့တောင်းသနည်း”ဟုမေးရာ တတိ ယ သူဌေးသားက “အဘ …”ဟုဆို၍တောင်းခံ ကြောင်း ပြောပါသည်။ ယခုနောက်ဆုံး စတုတ္ထ မြောက်ဖြစ်သော အလောင်းတော်သူဌေးသားက လည်း အမဲတောင်းရန်အတွက် မုဆိုးထံသို့ထွက်သွား ခဲ့ပါသည်။ မုဆိုးထံသို့အရောက် အလောင်းတော်သူ ဌေးသားက –

“အဆွေခင်ပွန်း …အကျွန်ုပ်အား အမဲတုံး ကိုပေးစွန့်ပါလော့”ဟု သိမ်မွေ့ချိုသာစွာ တောင်းဆို ပါသည်။ ထိုအခါ မုဆိုးက “သင့်စကားနှင့်လိုက်လျော ညီသော အသားကို ပေးပါအံ့”ဟုပြောသည်။ ထို့ နောက်မုဆိုးသည် လှည်းယာဉ်ပေါ်တွင်ရှိနေသော အသားအားလုံးကို စတုတ္ထမြောက်ဖြစ်သော အ လောင်းတော် သူဌေးသားအားပေးအပ်လိုက်ပါသည်။

အလောင်းတော်သူဌေးသားသည် မုဆိုးအား လှည်းယာဉ်ကို မောင်းနှင်စေပြီး အမဲများကို မိမိနေ အိမ်သို့ယူဆောင်ခဲ့သည်။ နေအိမ်အရောက်တွင် အ လောင်းတော်သူဌေးသားက မုဆိုးအား ပေးကမ်း ပူဇော်ခြင်းကိုပြု၏။ မုဆိုးကိုလည်း သားကောင်လိုက် သည့် အလုပ်မှ စွန့်ပစ်စေ၍ မိသားစုကိုခေါ်ကာ အလောင်းတော်နှင့်အတူ သမ္မာအာဇီဝအမှုကို ပြုစေ ခဲ့ပါသည်။ ထိုမှစ၍ အလောင်းတော် သူဌေးသားနှင့် မုဆိုးတို့မှာ အဆွေခင်ပွန်းအဖြစ် မကွဲမပျက်ဘဲ နေထိုင်သွားခဲ့ကြပါတော့သည်။

ဤဇာတ်ဝတ္ထု၏ဖြစ်စဉ်တွင် အလောင်းတော် သူဌေးသားသည် ဂေါတမမြတ်စွာဘုရားရှင် ဖြစ် လာခဲ့ပြီး ဘုရားရှင်၏တပည့်သာဝက အရှင်သာရိပုတ္တ ရာသည် ထိုစဉ်က မုဆိုးဖြစ်ခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် လူ ပုဂ္ဂိုလ်ချင်း ပြောဆိုဆက်ဆံရာတွင် ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကို သနားကြင်နာစွာဖြင့် ချစ်ခင်နှစ်လိုဖွယ်ရှိသော (ပီယဝါစာ) စကားသံဖြင့် ပြောဆိုဆက်ဆံရကြောင်း မှတ်ယူရပါမည်။ လူသား ချင်းကို မဆိုထားလင့်၊ အိမ်မွေးတိရစ္ဆာန်များကိုပင် နှစ်သက်ကြည်နူးဖွယ်ရှိသော အပြုအမူ၊ ချိုသာသော စကားတို့ဖြင့် ဆက်ဆံပါက တုံ့ပြန်သောခင်မင်မှုကို ရရှိပါသည်။ ဒါကြောင့် လူသားတိုင်းသည် “နှုတ်ခွန်း ချိုသာ၊ လိမ္မာစွာ၊ လိုရာအကျိုးပြီး”ဟူ၍လည်း ကောင်း၊ “စကားချိုသာပြောဆိုပါ များစွာ လူနတ် ချစ်” ဟူသော စကားစုဖြင့် ပမာပြုအပ်ပါကြောင်း။

မေတ္တာ စေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး – ငါးရာငါးဆယ်နိပါတ်တော်၊ စတုက္ကနိပါတ်၊ ပုစိမန္ဒဝဂ်မှသဗ္ဗမံသလာဘ (များစွာ သော အမဲ(သား)တို့ လာဘ်ရခြင်း) ဇာတ်တော်