မင်းကျင့်တရား ပျက်သောအခါဝယ် ချိုမြိန်သီးနှံ ခါးသက်ပြန်၏

လွန်လေပြီးသောအခါက ဗာရာဏသီပြည် တွင် ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပါသည်။ အရွယ်ရောက်သောအခါ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်ယူစေပြီး ရသေ့ရဟန်းပြုကာ နေထိုင်ခဲ့ပါသည်။ ဟိမ ဝန္တာတောမြိုင်သာ၌ သစ်မြစ် သစ်သီးတို့ကို မှီဝဲ၍ အဘိညာဉ်၊ သမာပတ်တို့ဖြင့် မွေ့ လျော်ဖွယ်ရှိနေခဲ့ပါသည်။

ထိုအခါ မင်းသည် မိမိအား “မင်း ကျင့်တရားနှင့်မညီ၊ တရားမစောင့်သောမင်း” ဟု ဂုဏ်ကျေးဇူးမဲ့စွာ ပြောဆိုမည့်သူကို လေ့လာ လျက်ရှိပါသည်။ ထိုသို့ လေ့လာစုံစမ်းရှာဖွေရာတွင် မိမိ၏ အတွင်းလူများ၌လည်းကောင်း၊ အပြင်လူ များ၌လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း၊ မြို့ပြင် ၌လည်းကောင်း၊ အသီးသီး ရှာဖွေခဲ့သော်လည်း မင်း၏ မကောင်းကြောင်းကို ပြောဆိုသည့်သူ တစ်ဦး တစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် မင်း သည် မထင်ရှားသော အသွင်ဖြင့် တောရွာဇနပုဒ် သို့ဆင်း၍ မင်းမကောင်းကြောင်း ပြောဆိုမည့်သူကို စုံစမ်းသော်လည်း မတွေ့ရှိခဲ့ပေ။ မင်း၏ ကောင်း သောသတင်းနှင့် ဂုဏ်ကျေးဇူးရှိသောစကားကိုသာ ကြားသိခဲ့ရပါသည်။

မြို့နှင့်တောပါမကျန် မင်း၏ ကောင်းသတင်း ကို ကြားသိရသော်လည်း ကျေနပ်မှုမရှိ သေး၍ ဟိမဝန္တာ တောမြိုင်သာသို့ မထင်မရှား သွားရောက်ကာ စုံစမ်း ပါသည်။ ဟိမဝန္တာရှိ အလောင်းတော်၏ကျောင်းသို့ ရောက်ရှိသောအခါ အလောင်းတော်အားရှိခိုး၍ ပဋိ သန္ထာရ(နှုတ်ဆက် စကား) ပြုပြီး သင့်သောနေရာတွင် ရှိနေခဲ့ပါသည်။ ထိုအချိန်တွင် အလောင်းတော် ရသေ့သည် တောအရပ်မှ ပညောင်သီးတို့ကို သုံး ဆောင်နေပါသည်။ ထိုပညောင်သီးမှည့်တို့မှာ ချို၏။ အဆီဩဇာရှိ၏။ သကြားမှုန့်နှင့်တူသော အရသာ ရှိနေ၏။ ထိုသို့ စားသုံးပြီးနောက် အလောင်းတော် ရသေ့က “ဘုန်းကြီးသော ဒါယကာ ဤပညောင်သီး မှည့်ကို စားသုံး၍ ရေကိုသောက်လော့” ဟုဆိုကာ ပညောင်သီးမှည့်ကို မင်းအား ပေးစွန့်ခဲ့ပါသည်။

မင်း သည် အလောင်းတော်စွန့်ကြဲသော ပညောင်သီး မှည့်ကို စားသုံးပြီးနောက် –

“အရှင်ဘုရား …ဤပညောင်သီးမှည့်သည် အဘယ်ကြောင့် ဤမျှချိုပါသနည်း” ဟုမေးလျှောက် ပါသည်။ ထိုအခါ အလောင်းတော်ရသေ့က –

“ဘုန်းကြီးသော ဒါယကာ … မင်းသည် တရားသဖြင့် မင်းပြု၏။ ထိုကြောင့် ထိုပညောင်သီး မှည့်များသည် ချို၏”ဟုဆိုပါသည်။

“အရှင်ဘုရား … မင်း တရားမစောင့်သော ကာ လ၌ ဤကဲ့သို့ ချို မြိန်ခြင်းသည် ရှိပါ၏ လော”

“ဘုန်းကြီးသောဒါယကာ …သင်ဆိုတိုင်း ဟုတ်မှန်၏။ မင်းတို့သည် တရားမစောင့် ရှိကုန်သော အခါ ဆီ၊ ပျား၊ တင်လဲ အစရှိသည်တို့သည်လည်း ကောင်း၊ တောသစ်မြစ်၊ သစ်သီးတို့သည်လည်း ကောင်း၊ မချိုကုန် ဩဇာမရှိကုန်။ ထိုတောသစ်မြစ် သစ်သီးတို့ကို ထားဘိဦး၊ အလုံးစုံသော စားဖွယ် မှန်သမျှသည်လည်း အဆီဩဇာ မရှိသောစုပ်ဖတ် သဖွယ်ဖြစ်၏။ မင်းတို့ တရား စောင့်သည်ရှိသော် ခပ်သိမ်း သော အာဟာရတို့သည် ချို ကုန်၏။ ဩဇာ ရှိကုန်၏။ အလုံးစုံသော စားဖွယ် မှန်သမျှတို့သည်လည်း ဩဇာရှိသည် ဖြစ်၏”

ဟု အလောင်း တော်ရသေ့က မိန့်ဆိုပါ သည်။

မင်းသည် အလောင်းတော်ရသေ့၏ စကားကို နာကြားပြီးနောက် ရှိခိုးဦးချကာ မထင်ရှား သော အသွင်နှင့်ပင် ဗာရာဏသီပြည်သို့ ပြန်လာ ခဲ့ပါသည်။ မင်းနေပြည်တော်ဗာရာဏသီသို့ ရောက် ရှိသောအခါ “ရသေ့၏ ဆိုစကားကို ဟုတ်မဟုတ် အကဲစမ်းအံ့” ဟု ကြံစည်၍ အဓမ္မမှုဖြင့် မင်းပြုကာ နေထိုင်ခဲ့ပါသည်။ ဤသို့ဖြင့် အချိန်ကာလအ တော်ကြာသောအခါ မင်းသည် ယခင်ရှေးနည်း အတိုင်း မထင်ရှားသော အသွင်ဖြင့် အလောင်းတော် ရသေ့ရှိရာ ကျောင်းသို့ သွားခဲ့ပါသည်။ ကျောင်း ရောက်သောအခါ အလောင်းတော်အား ရှိခိုး၍ သင့် တင့်သောနေရာတွင် ရှိနေခဲ့ပါသည်။

ဘုရားလောင်းရသေ့သည် မင်းအား ရှေးအတူ သာလျှင်ဆို၍ ပညောင်သီးမှည့်ကိုပေး၏။ ထိုပညောင် သီးမှည့်သည် ခါးသောအရသာရှိ၏။ မင်းသည်ထို ပညောင်သီးမှည့်ကို စားသုံးရာ ချိုသောအရသာမရှိ ခြင်းကြောင့် တံတွေးနှင့်အတူထွေးထုတ်၏။ ထို့ နောက် မင်းက “အရှင်ဘုရား …ခါး၏” ဟုဆို၏။ ထိုအခါ အလောင်းတော်က “ဘုန်းကြီးသော ဒါယကာ …မင်းသည် တရားမစောင့်သည်ဖြစ်ခြေ ပြီ၊ မင်းတို့ တရားမစောင့်သောကာလ၌ တော သစ်သီး ကြီးငယ်တို့မှအစ အလုံးစုံသည် မချို၊ ဩဇာ မရှိခြင်းသည် ဖြစ်၏” ဟု ဆိုပါသည်။

မင်းသည် အလောင်းတော်ရသေ့၏စကားကို ကြားသိရပြီးနောက် မိမိသည် ဗာရာဏသီမင်း ဖြစ် ကြောင်း လျှောက်တင်ပါသည်။ ထို့နောက်မင်းက –

“အရှင်ဘုရား …ရှေး၌ပညောင်သီးမှည့်ကို အကျွန်ုပ်သည်သာလျှင် ချိုအောင်ပြု၍ ခါးအောင် လည်း ပြုခဲ့ပါပြီ၊ ယခုချိုအောင်ပြုပါတော့အံ့”

ဟုအလောင်းတော်ရသေ့အား လျှောက်ထား ရှိခိုးကာ ဗာရာဏသီပြည်သို့ ပြန်သွားခဲ့ပါသည်။ တိုင်းပြည်သို့ပြန်ရောက်သောအခါ တရားသဖြင့် မင်း ပြု၍ အလုံးစုံသော သစ်သီးဝလံတို့ကို မူလအတိုင်း ချိုမြိန်အောင် မင်းကျင့်တရား(၁၀)ပါးနှင့်အညီ ပြုကျင့် နေထိုင်ခဲ့ပါသည်။

ဤဇာတ်တော်တွင် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ အလောင်းတော်ရသေ့သည် မြတ်စွာဘုရားရှင်ဖြစ်လာခဲ့ပြီး ဗာရာဏသီမင်းသည် ဘုရားရှင်၏သာဝက အရှင်အာနန္ဒာမထေရ်ဖြစ်လာခဲ့ ပါသည်။

နိပါတ်တော်လာသင်ခန်းစာအနေဖြင့် မင်းမှာ သစ္စာ၊ လူမှာကတိဟုဆိုစကားရှိပါသည်။ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူမှာ လူပုဂ္ဂိုလ်ဖြစ်ပါ၏။ ထိုကြောင့် သစ္စာနှင့်ကတိ နှစ်ခုစလုံး တည်ရှိရပါ၏။ ဒါကြောင့် “ကတိသစ္စာ တည်သောအခါဝယ်၊ ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”ဟု အဆိုရှိပါသည်။ ဤသို့မှမဟုတ်ပါလျှင် “ခေါင်ကစပုံ၊ မိုးမလုံလျှင်၊ ပေါင်းခြုံရွှဲစိုမည်” ဖြစ်ပါကြောင်း။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကောကိလဝဂ်မှ ရာဇောဝါဒဇာတ်။