တရားကို နတ်စောင့် သူတော်ကောင်း နတ်ကောင်းမ

 

လွန်လေပြီးသောအခါက ဗာရာဏသီပြည် တွင်ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် ထိုမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေတည်ခဲ့ပါသည်။  အလောင်းတော်အား မွေးဖွားပြီးနောက် အရွယ် ရောက်သောအခါ အလုံးစုံသော အတတ်ပညာတို့ကို သင်ယူတတ်မြောက်စေခဲ့ပါသည်။ ဖခင်ဘုရင်ကြီး နတ်ရွာစံသောအခါ အလောင်းတော်သည် ဗာရာ ဏသီမင်းအဖြစ် ဆက်ခံခဲ့ပါသည်။ အလောင်းတော် ဗာရာဏသီမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် အညီ တရားသဖြင့် မင်းပြုခဲ့သည်။ ထိုစဉ်က လူတို့ သည် နတ်တို့ကို ကိုးကွယ် ဆည်းကပ်ခဲ့ကြသည်။ ထိုသူများသည် မိမိတို့၏ အကျိုးစီးပွားအတွက် များစွာသော ဆိတ်၊ သိုးအစရှိသည့် တိရစ္ဆာန်များကို သတ်ဖြတ်၍ နတ်တို့အား ပူဇော်ပသခဲ့ကြပါသည်။ အလောင်းတော်ဗာရာဏသီမင်းသည် သတ္တဝါများကို သတ်ဖြတ်ခြင်းမပြုရန် စည်တီး၊ မောင်းခတ်၍ တား မြစ်ပိတ်ပင်ခဲ့ပါသည်။

ထိုအခါ အသားစားကျူးဘီလူးတို့မှာ ပူဇော် ပသခြင်းကို မရတော့သဖြင့် အလောင်းတော်မင်း အပေါ် ဒေါသအမျက်ထွက်ခဲ့ကြသည်။ ထို့ကြောင့် ဘီလူးတို့သည် ဟိမဝန္တာတော၌ စုဝေးစည်းရုံးနေကြ ပြီး အလောင်းတော်မင်းအား သတ်ရန် ကြမ်းကြုတ် သော ဘီလူးတစ်ကောင်ကို တာဝန်ပေးခဲ့ပါသည်။ ထိုဘီလူးသည် ကြီးမားတောက်ပြောင်သော သံတူ ကိုယူ၍ ထိုသံတူဖြင့် အလောင်းတော်၏ ဦးခေါင်း ကို ထုသတ်ရန်ဖြစ်သည်။ ဘီလူးသည် ထိုသံတူကို   စွဲကိုင်၍ ညဥ့်နက်သန်းခေါင်အချိန်တွင် အလောင်း တော်မင်း၏ အိပ်ရာအထက်၌ ရပ်တည်နေခဲ့ပါသည်။

ထိုခဏတွင် သိကြားမင်း၏ နေရာသည် ပူ သောအခြင်းအရာကို ပြ၏။ သိကြားမင်းမှ ကြည့်ရှု ဆင်ခြင်သောအခါ ထိုအကြောင်းအခြင်းအရာကို သိ မြင်ခဲ့ပါသည်။ ထို့ကြောင့် သိကြားမင်းသည် ဝရဇိန် လက်နက်ကို ဆွဲကိုင်၍ ဘီလူး၏ အထက်အရပ်၌ ရပ်တည်နေ၏။ အလောင်းတော်မင်းသည် ဘီလူးကို မြင်၍ဤဘီလူးသည် ငါ့ကိုစောင့်ရှောက်မည့်သူလား၊ ဒါမှမဟုတ် ငါ့ကိုသတ်မည့်သူလားဟု တွေးတောမိ ရာမှ –

“ဘီလူး …သင်သည် ကြီးမားတောက် ပြောင်သော တူကိုကိုင်မြှောက်၍ ကောင်းကင်၌ ရပ် တည်နေ၏။ သင်၏ အပြုအမူသည် ငါ့အား စောင့် ရှောက်ရန်အတွက်လော၊ ဒါမှမဟုတ်ငါ၏အသက်ကို သတ်ရန် လုံ့လပြုနေသလော”

ဟု အလောင်းတော်က မေးပါသည်။ အလောင်းတော်သည် ဘီလူးကိုသာလျှင် မြင်၍ သိကြားမင်းကို မမြင်ပေ။ ဘီလူးသည် သိကြားမင်းကို ကြောက်ရွံ့သောကြောင့် အလောင်းတော်အား သတ် ဖြတ်ခြင်းကို မပြုဝံ့ပေ။ အလောင်းတော်၏ စကား ကိုကြားသိသော ဘီလူးက –

“မင်းမြတ် …အကျွန်ုပ်သည် သင်မင်းကြီး ကို စောင့်ရှောက်ရန် ရပ်တည်နေခြင်းမဟုတ်။ ဤ တောက်ပြောင်သော တူဖြင့် သင်မင်းကြီးအား သတ် ရန် ရပ်တည်နေခြင်းဖြစ်၏။ သို့သော် အကျွန်ုပ်အ ထက်၌ ရပ်တည်နေသော သိကြားမင်းကို ကြောက် သောကြောင့် သင်မင်းကြီးကို သတ်ရန် မဝံ့မရဲဖြစ် နေပါ၏”

ဟု ပြောဆိုပါသည်။ ဘီလူး၏ စကားကို ကြားသိရသော အလောင်းတော်မင်းက –

“ဘီလူး နတ်တို့၏ သခင်သိကြားမင်းသည် ငါ့အား အမှန်တကယ် စောင့်ရှောက်သည် ဖြစ်သော် လည်း ငါသည် အသင်ဘီလူးတို့၏ ထိတ်လန့်ဖွယ်ရာ ခြိမ်းခြောက်ခြင်းကို မတုန်မလှုပ် မကြောက်ရွံ့ပေ။ ငါသည်တရားသဖြင့် ပြုကျင့်နေသူဖြစ်၍ မိစ္ဆာဖြစ် သော အသင်တို့၏ မတရားမှုကို ဂရုမပြု၊ မကြောက် ရွံ့ပေ”

ဟု ရဲဝံ့တည်ကြည်စွာ ခွန်းတုံ့ပြန်ခဲ့ပါသည်။

ထို့နောက် သိကြားမင်းမှ ဘီလူးအား အဝေး သို့ ပြေးစေရန် မောင်းနှင်ခဲ့ပါသည်။ ဘီလူးပျောက် ကွယ်သွားခဲ့ပြီးနောက် သိကြားမင်းမှ ကိုယ်ထင်ပြ ကာ –

“မြတ်သောမင်းကြီး မကြောက်လင့်၊ ယနေ့ မှစ၍ သင်မင်းကြီးအား ငါတို့စောင့်ရှောက်ကုန်အံ့”

ဟုဆို၍ ပျောက်ကွယ်သွားခဲ့ပါပေသည်။

ဤဇာတ်တော်လာ သင်ခန်းစာအနေဖြင့် မကောင်းမှုပြုသူသည် မကောင်းသော အကျိုးကို ခံစားရမည်ဖြစ်ပြီး ကောင်းမှုပြုသူသည် ကောင်းကျိုး တရားကို ခံစားရမှာဖြစ်သည်။ မင်းဖြစ်သူက တရား နှင့်အညီ ပြုကျင့်သော်လည်း ထိုတရားသောအမှုကို မလိုလားသော မိစ္ဆာများက ခြိမ်းခြောက်ခြင်း၊ ဖျက်လိုဖျက်ဆီးပြုခြင်း၊ ဒုက္ခပေးခြင်းစသည့် ဓမ္မ အမှုကို အဓမ္မပြုကြပါမည်။ မည်သို့ရှိစေ၊ ဓမ္မနှင့် အဓမ္မယှဉ်လာသောအခါ နောက်ဆုံးတွင် အဓမ္မသည်    ကျဆုံးရစမြဲဖြစ်သလို ဓမ္မသည်သာလျှင် အောင်မြင် ခြင်းအဆင့်သို့ ရောက်ရှိခဲ့ရပါသည်။ ဤသည်မှာ တရားကိုနတ်စောင့်၊ သူတော်ကောင်း နတ်ကောင်း မ ဟူ၍ပင်။

 

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး။ ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ စူဠ ကုဏာလဝဂ်မှ အယကူဋဇာတ်တော်။