လင်နှင့်မယား ကြင်နာပွားလျက် အေးတူပူမျှ ပေါင်းဖက်ရ၏

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။

ထိုစဉ်အခါက ထိုသူကြွယ်သည် ဇနီးမယား နှင့်အတူ ကြွေးမြီတောင်းရန် ရွာတစ်ခုသို့ ထွက်လာ ခဲ့သည်။ ထိုရွာအရောက်တွင် ကြွေးမြီများတောင်းခံ ရရှိခဲ့ပြီးနောက် ထိုကြွေးမြီများကို မိတ်ဆွေတစ်ဦး ထံ အပ်နှံထားရှိ၍ သာဝတ္ထိမြို့သို့ ပြန်လာခဲ့သည်။  လမ်းခရီးတွင် တစ်ခုသော တောင်ကိုမြင်၍ ဇနီးမယားမှ “ဤတောင်သည် ရွှေဖြစ်ခဲ့သော် ကျွန်မအား အနည်းငယ်ပေးပါမည်လော”ဟု သူကြွယ်အား မေး၏။ သူကြွယ်က မပေးနိုင်ကြောင်း ပြော၏။ ထိုအခါ ဇနီးမယားမှာ သူကြွယ်၏စကားကြောင့် နှလုံးမသာမယာ ဖြစ်နေ၏။ ထိုနှစ်ယောက်သော လင်မယားတို့သည် ဇေတဝန်ကျောင်းအနီးသို့ ရောက်ရှိ၍ ရေသောက်လိုသဖြင့် ကျောင်းသို့ဝင် ရေသောက်ကြသည်။

ထိုနေ့နံနက်မိုးသောက်ယံ၌ ထတော်မူသော မြတ်စွာဘုရားရှင်သည် လောကကြီးကို ကြည့်တော်မူရာ ထိုလင်မယားနှစ်ယောက်မှာ သောတာပတ္တိဖိုလ်ကို ရခြင်း၏ အားကြီးသောအကြောင်းကို သိမြင်တော်မူပါသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည်  ထိုသူတို့နှစ်ဦး လာမည့်လမ်းကို မျှော်တော်မူလျက် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ ဂန္ဓကုဋိ ပရိဝုဏ်၌ တည်တော်မူနေပါသည်။ ထိုလင်မယား နှစ်ယောက်သည် ရေသောက်ပြီးသောအခါ ဘုရားရှင် ရှိရာသို့ သွားရောက်၍ မြတ်စွာဘုရားရှင်အား ရှိခိုး လျက်ရှိနေပါသည်။ မြတ်စွာဘုရားရှင်သည် ထိုသူ နှစ်ယောက်အား ပဋိသန္တာရ စကားပြုတော်မူရာ သူကြွယ်ကလည်း ကြွေးမြီတောင်းရာမှ ပြန်လာကြောင်း လျှောက်တင်ပါသည်။ ထိုအခါ မြတ်စွာ ဘုရားရှင်က –

“သီတင်းသည်မ သင်၏လင်သည် သင်၏ အစီးအပွားကို အလိုရှိ၏လော။ သင့်အားကျေးဇူးပြု၏လော”

ဟု သူကြွယ်မယားကို မေးမြန်းတော်မူပါသည်။ ထိုအခါ သူကြွယ်၏ဇနီးမယားက –

“ဘုန်းတော်ကြီးသော အရှင်ဘုရား … အကျွန်ုပ်သည် ဤယောကျာ်း၌ချစ်၏။ ဤယောကျာ်း သည်ကား အကျွန်ုပ်၌ မချစ်။ ယနေ့အကျွန်ုပ်သည် တောင်ကိုမြင်၍ ဤတောင်သည် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းအနည်းငယ် ပေးပါအံ့လော ဆိုသည်ရှိသော် “သင်သည် အဘယ်သို့ သဘော ရှိသော မိန်းမနည်း၊ ငါသည် တစ်စုံတစ်ခုမျှ မပေး” ဟုပြောဆိုသဖြင့် ဤယောကျာ်းသည် ဤသို့ နှလုံး ခိုင်မာခဲ့၏”

ဟုလျှောက်တင်ပါသည်။ ထိုအခါ မြတ်စွာ ဘုရားရှင်က –

“သီတင်းသည်မ ဤယောကျာ်းသည် ဤသို့ ဆိုငြားသော်လည်း ဟိုးယခင်ဘဝတစ်ခုက သင်၏ ကျေးဇူးကို အောက်မေ့၍ အလုံးစုံသော စည်းစိမ် တို့ကို သင့်အားပေးခဲ့ဖူး၏”

ဟုမိန့်တော်မူရာ သူကြွယ်မယား၏ လျှောက်ထားတောင်းပန်မှုကြောင့် ထိုသူကြွယ်လင်မယား၏ အတိတ်ဘဝဖြစ်စဉ်ကို မြတ်စွာဘုရားရှင်မှ အောက်ပါအတိုင်း ဟောပြတော်မူခဲ့ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း၊ မင်းပြုစဉ် ဘုရားလောင်းသည် ထို မင်း၏ ခပ်သိမ်းသော အမှုကိစ္စကို ဆောင်ရွက်ရ သော အမတ်ဖြစ်သည်။ တစ်နေ့တွင် ဗာရာဏသီ မင်းသည် သားဖြစ်သူ အိမ်ရှေ့မင်းသားအပေါ် သဘောမတွေ့၍ အရိပ်အရာမှ ဖယ်ချကာ ပစ္စန္တရစ် တွင် သွားနေရန် အမိန့်ချသည်။ ထို့ပြင် မိမိ သေလွန်မှသာ မြို့သို့ပြန်လာ၍ အရိပ်အရာ ဆက်ဆံ  ရန် ဆိုသည်။ ထို့ကြောင့် မင်းသားသည် ဖခင်မင်း ကြီးအား ရှိခိုးပြီး မယားကြီးနှင့်အတူ ဗာရာဏသီပြည် မှ ပစ္စန္တရစ်သို့ ထွက်သွားခဲ့ပါသည်။ ပစ္စန္တရစ်အရောက် တွင် တောထဲသို့ဝင်၍ သစ်ရွက်မိုးသော ဇရပ်ကို ဆောက်ကာ သစ်သီးသစ်ဖုတို့ဖြင့် လင်မယားနှစ် ယောက် မျှတစွာ နေထိုင်ခဲ့ကြပါသည်။

နောင်အခါတွင် ဗာရာဏသီမင်း သေလွန်သဖြင့် အိမ်ရှေ့မင်းသားသည် ပစ္စန္တရစ်မှ ဗာရာဏသီ ပြည်သို့ ထွက်လာခဲ့သည်။ လမ်းခရီးအကြားတွင် တစ်ခုသော တောင်ကိုမြင်၍ မယားဖြစ်သူမှ ဤ တောင်သည် ရွှေဖြစ်ခဲ့သော် မိမိအား အနည်းငယ်   ပေးနိုင်မည်လားဟု မင်းသားကိုမေး၏။ အိမ်ရှေ့မင်း သားကလည်း တစ်စုံတစ်ခုမျှ မပေးနိုင်ကြောင်း မယားဖြစ်သူအား ပြော၏။ ထိုအခါ မယားဖြစ်သူမှ “ဤသူသည် မင်းဖြစ်ခဲ့သော်လည်း ငါ့အား အဘယ် ကောင်းသောအမှုကို ပြုပါအံ့နည်း” ဟု တွေးဆကာ နှလုံးမသာမယာ ရှိခဲ့ပါသည်။ ဗာရာဏသီပြည်သို့ ရောက်ရှိလေသော် မင်းသားသည် မင်းအဖြစ်သို့ ဆက်ခံရယူခဲ့သည်။ ဇနီးမယားဖြစ်သူကိုလည်း မိဖုရားကြီးအရာ၌ ထားရှိ၍ ထို့ထက်သာလွန်သော   ဥစ္စာစည်းစိမ်ကို ပေးကမ်းခြင်းမရှိသလို မိဖုရား၏ စိတ်ဝေဒနာခံစားမှုကိုလည်း မသိဘဲရှိနေခဲ့ပါသည်။

ဘုရားလောင်းအမတ်သည် “မိဖုရားကား ဤမင်းကို ကျေးဇူးပြု၏။ ဆင်းရဲဒုက္ခခံ၍ တောထဲ ၌ အတူလိုက်နေ၏။ ဤမင်းကား မိဖုရားကို အလေး အမြတ်မထားဘဲ တစ်ပါးသော မိန်းမတို့၌သာ မွေ့ လျော်နေ၏။ ဤမိဖုရား၏ အကျိုးစီးပွားကို ငါပြုပါ အံ့”ဟု ကြံရွယ်ခဲ့ပါသည်။ ထို့ကြောင့် ဘုရားလောင်း အမတ်သည် မိဖုရားထံအစားဝင်၍ ဆုလာဘ်များ ပေးသနားရန် အကဲစမ်းကာ လျှောက်တင်ပါသည်။ မိဖုရားကလည်း မိမိကိုယ်တိုင် ဘုရင်မင်းမြတ်ထံမှ ဥစ္စာစည်းစိမ်မရ၍ ဖခင် အမတ်အား ဆုလာဘ်များ မချီးမြှင့်နိုင်ကြောင်း ဆိုသည်။ ဒါတွင်မက မင်း မဖြစ်မီ ပစ္စန္တရစ်မှ မြို့သို့အလာ ခရီးအကြား၌ တောင်ကိုမြင်၍ ထိုတောင်သည်ရွှေဖြစ်လျှင် မိမိအား အနည်းငယ် မျှပေးသနားရန် တောင်းဆိုသော်လည်း မင်းက လုံးဝမပေးနိုင်ကြောင်း ပြောဆိုဆက်ဆံခဲ့ သည့်ဖြစ်စဉ်ကိုလည်း ရှင်းပြပါသည်။ ထိုအခါ အလောင်းတော်အမတ်က ဘုရင့်ထံ အခစားဝင် သည့်အခါ ထိုဖြစ်စဉ်ကို မိမိကမေးလျှင် မိဖုရားက  မင်းရှေ့၌ ဖွင့်ဟပြောဆိုနိုင်မည်လားဟု မေးပါသည်။ မိဖုရားကလည်း အမတ်၏ မေးသမျှကို အမှန်အ တိုင်း ပြောဆိုဝံ့ကြောင်းပြောခဲ့ပါသည်။

တစ်နေ့ မင်းနှင့် မိဖုရားစုံညီစွာရှိစဉ် အလောင်းတော်အမတ်က အခစားဝင်၏။ ထိုအခါ အလောင်းတော်အမတ်က မိဖုရားထံ ဆုလာဘ်များ တောင်းခံ၏။ မိဖုရားကလည်း အထက်တွင်ဖွင့်ဆို သည့်အတိုင်း မင်းထံမှ ဥစ္စာစီးပွားမရ၍ မချီးမြှောက် နိုင်ကြောင်းနှင့် တောလမ်းခရီး၌ မင်း၏နှလုံးခိုင်မာ ပုံကို အမတ်အားပြောဆိုပြသည်။ မိဖုရား၏ စကားကို ကြားသိရသော မင်းက “ပညာရှိတို့မည်သည် အပြော နှင့်အလုပ် ညီညွတ်ရ၏။ ပြောသည့်အတိုင်း အောင် မြင်အောင်လုပ်ရ၏။ မလုပ်နိုင်ဘဲ မပြောရ။ ပြောဆို ပြီး မလုပ်ဘဲနေသူကို ပညာရှိတို့သိကုန်၏”ဟု ဆိုပါသည်။ မင်း၏စကားကို ကြားသိရသော မိဖုရား က “မင်းသား သင့်အား ရှိခိုးပါ၏။ သင်သည် သစ္စာ တရား၌ တည်ကြည်သော သူဖြစ်၏။ တိုင်းပြည်မှ နှင်ထုတ်ခံရ၍ ပျက်စီးခြင်းသို့ ရောက်သော်လည်း သင်၏ စိတ်သည် သစ္စာတရား၌သာ မွေ့လျော်၏” ဟုဆိုပါသည်။

မင်းနှင့်မိဖုရားတို့၏ စကားကို ကြားသိရ သော အလောင်းတော်အမတ်က –

“မြတ်သော မင်းကြီး …အကြင်မယားသည် လင်ဆင်းရဲသော ကာလ၌ မိမိလည်း ဆင်းရဲခံကာ အတူနေ၏။ လင်ြွကယ်ဝသောအခါ မိမိလည်း ကြွယ်ဝ၏။ ထိုမယားသည်သာလျှင် ထိုယောကျာ်းအတွက်  မယားမြတ်ဖြစ်၏။ ရွှေ၊ ငွေ ဥစ္စာရှိသောသူအား မိန်းမတို့သည် အလိုရှိကုန်သည်ဖြစ်၏။ မြတ်သော မင်းကြီး …အေးအတူ ပူအမျှခံစားစံစားနေသော ဤမိဖုရားအား ချီးမြှောက်ခြင်းကို ပြုသင့်ပေ၏”ဟု မိဖုရား၏ကျေးဇူးကို ဖွင့်ဆိုလျှောက်တင်ပါသည်။

မင်းသည်ဘုရားလောင်းအမတ်၏လျှောက်ထား မှုကြောင့် မိဖုရား၏ ကျေးဇူးတရားကို သတိရ အောက်မေ့ကာ ခပ်သိမ်းသော စည်းစိမ်တို့ကို ပေး အပ်ခဲ့ပါသည်။ ထို့အတူ အလောင်းတော်အမတ်ကိုလည်း များစွာစည်းစိမ်ကိုပေး၍ မင်း၊ မိဖုရားနှင့် ပညာရှိ အလောင်းတော်အမတ်တို့ ရာသက်ပန်ကြည် နူးစွာ နေထိုင်ခဲ့ကြပါသည်။

မြတ်စွာဘုရားရှင်၏ တရားဒေသနာအဆုံး တွင် သူကြွယ်လင်မယားတို့သည် သောတာပတ္တိ ဖိုလ်၌ တည်ရှိကုန်ကြပါသည်။ အတိတ်ဘဝဖြစ်စဉ် ၏ ပစ္စုပ္ပန်ဇာတ်ပေါင်းခန်းတွင် ယခုအခါက ဤ သူကြွယ်သည် ထိုအခါက ဗာရာဏသီမင်းဖြစ်ခဲ့ဖူး ပြီး သူကြွယ်မယားသည် ထိုအခါက မင်း၏ မိဖုရားဖြစ်ခဲ့ပါသည်။ ထိုအခါ ပညာရှိအမတ်သည် ယခုမြတ်စွာဘုရားရှင် ဖြစ်ခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် အိမ် ထောင်ရှင် အကြင်လင်မယားတို့သည် မိမိတို့ အိမ် ထောင်တစ်သက်လုံး အေးအတူ၊ ပူအမျှ၊ အတူတကွ  စံစားခံစားကြရမှာဖြစ်သည်။ အိမ်ထောင်မှုသုခ ပြည့် စုံနေစဉ် အတူစံစားပြီး ဒုက္ခတွေ့ဆုံလျှင် ရှောင်ပြေး  မသွားဖို့လိုသည်။ တူနှစ်ကိုယ်တဲအိုပျက်မှာ နေရ နေရ၊ ရွှေဘုံပေါ်မှာ စံရစံရ သုခ၊ ဒုက္ခအဝ၀ကို လက်တွဲ၍ ရင်ဆိုင်ကြရမှာဖြစ်သည်။ အသာရချိန် တွင် စံ၍ သုခဒုက္ခအဝ၀ကို လက်တွဲ၍ ရင်ဆိုင် ကြရမှာဖြစ်သည်။ အသာရချိန်တွင် စံ၍ အနာရချိန် တွင် မခံချင်သော ဝိသမလောဘသားများ မဖြစ်သင့်ပေ။ အိမ်ထောင်ဘဝ တစ်သက်လုံး စလယ်ဆုံးတွင် လင်နှင့်မယား ကြင်နာပွားလျက် အေးတူ ပူမျှ ပေါင်းဖက်ရ၏”ဟု ပမာပြုရပါကြောင်း။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး ငါးရာ့ငါးဆယ်နိပါတ်တော်၊ ပုစိမန္ဒဝဂ်မှ သုစ္စဇဇာတ်တော်။