သေခြင်းတရားကို ကြောက်ကြသလား

“ကျွန်ုပ်၏သားဟာ မခေါ်ဘဲ၊ ဘဝတစ်ပါးက လာခဲ့သူပါ။ အခုလည်း ဘဝတစ်ပါး သို့ ကူးပြောင်းသွားတာဟာ သူ့ကိုကျွန်ုပ်တို့က ဘဝ တစ်ပါးသို့ သွားတော့လို့ နှင်လွှတ်လို့သွားတာ မဟုတ်ပါဘူး။

“ငါသည် သေခြင်းသဘောရှိ၏။ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ။ ဤသို့ နေ့ညမပြတ် ဆင်ခြင်အပ်၏”

ဤသို့ဖြင့် သေခြင်းတရားနှင့် စပ်လျဉ်းပြီး အဘိဏှသုတ်တွင် ဗုဒ္ဓကဖြေကြားခဲ့ခြင်းဖြစ်ပေသည်။ အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရား၊ ချစ် ကျွမ်းဝင်သူများနှင့် ရှင်ကွဲကွဲရခြင်း တရား၊ သေခြင်း ကွဲရခြင်း တရား၊ ကံစီမံရာအား ခံကြရသည့်တရား ထိုသို့ ဗုဒ္ဓကဟောကြားခဲ့ခြင်း ဖြစ်ပေသည်။

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလဗတ် အိုင်းစတိုင်းကမူ သေခြင်းတရားနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“သေခြင်းတရားဟူသည်မှာ လူသားတို့ နောက်ဆုံး လုပ်ဆောင်ရမည့် တာဝန်တစ်ရပ်သာဖြစ်သည်”

သေခြင်းတရားနှင့်စပ်လျဉ်းပြီး ရှေးရှေးသော ခေတ်တွင်လည်းကောင်း၊ ယခုခေတ်တွင်လည်းကောင်း တွေးတောစိုးရိမ်ကြ၊ ထင်မြင်ကြ၊ ဖွင့်ဆို ခဲ့ကြသည့် အကြားကပင် သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိကြသော မိသားစုတစ်စုရှိခဲ့သည်။ မိသားစုတစ်စုလုံးက သေခြင်းတရားကို ကြောက်ရွံ့ ခြင်း မရှိကြသည်မှာ အံ့ဩဖွယ်ဖြစ်တော့သည်။ ထိုမိသားစုတွင် ခင်ပွန်း၊ ဇနီး၊ သား၊ သမီး နှင့် အိမ်ဖော်မိန်းကလေးတို့ရှိကြသည်။ သားက အိမ် ထောင်ပြုသောအခါ ချွေးမတစ်ယောက် တိုးလာ သည်။ မိသားစုဝင်အားလုံးမှာ ခြောက်ယောက်ဖြစ် သွားသည်။

တစ်နေ့တွင် သားအဖနှစ်ယောက် လယ်ထွန် သွားကြရာမှ သားဖြစ်သူသည် အဆိပ်ရှိသောမြွေပေါက်၍ ချက်ချင်းပင် သေဆုံးသွားတော့သည်။ သားဖြစ်သူ၏ ဈာပန၊ သင်္ဂြိုဟ်ခြင်းအမှုကို မြွေပေါက်၍ သေဆုံးရာ လယ်တော၌ပင် ဖခင်၊ မိခင်၊ သမီး၊ ချွေးမ၊ အိမ်ဖော်တို့ ငါးဦးတည်းဖြင့် ပြုလုပ်ကျင်းပ သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ငိုယိုခြင်း၊ ကြေကွဲခြင်း မဖြစ်ကြပေ။ ထင်းပုံပေါ်တွင် အလောင်းကို တင်၍ ပန်းနံ့သာတို့ဖြင့် လိမ်းကျံပြီးနောက် မီး သင်္ဂြိုဟ်မှုကို ပြုခဲ့ကြသည်။

မည်သည့် ဆွေမျိုး၊ မိတ်ဆွေ၊ ရွာသူ၊ ရွာသား တစ်ဦးတစ်ယောက်မျှမပါဘဲ မိသားစုငါးဦး တည်းဖြင့် ဈာပနကျင်းပနေသည်ကို ဖြတ်သွားသူ တစ်ဦးက တွေ့မြင်လိုက်ရသည်။ များစွာအံ့ဩခြင်း ဖြစ်ရလေသည်။ သွေးရင်းသားရင်း တစ်ယောက် ကွယ်လွန်သည်ကို ငိုကြွေးမြည်တမ်းခြင်း၊ ရင်ဘတ် စည်တီး ရှိုက်ကြီးတငင် ငိုကြွေးးခြင်းမပြုကြဘဲ၊ သွေးအေးအေးဖြင့်ပင် မီးရှို့နေကြသည်ကို မြင်ရ သောအခါ သေသောသူသည် လူတစ်ယောက်မှ ဟုတ်ပါလေစ။ လူတစ်ယောက်ဖြစ်လျှင်လည်း သွေးရင်းသားရင်းမှ ဟုတ်ပါလေစဟု တွေးတော နေမိတော့သည်။ မိသားစု၏ဝမ်းနည်းပူဆွေးခြင်းမရှိ၊ ငိုကြွေးကြခြင်းမရှိကြခြင်းနှင့် စပ်လျဉ်းပြီး သူစိမ်း ဖြစ်သူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသောအခါ အောက်ပါအတိုင်း ဖြေကြားကြလေသည်။

ပုဏ္ဏားကြီး မြွေဟာ အရေခွံဟောင်းကို စွန့်ခွာ သလို ကျွန်ုပ်၏သားမှာလည်း သူ့ကိုယ်သူ စွန့်သွားတာပါပဲ။ စွန့်သွားလို့ ကျန်ခဲ့တဲ့ ရုပ်ခန္ဓာကိုယ်ဟာ ဘာခံစားမှုမှ မရှိတော့ပါဘူး။ ဒီခံစားမှု မရှိတဲ့ ခန္ဓာ ကိုယ်ကို မီးသင်္ဂြိုဟ်တာပါ။ သားဖြစ်သူဟာ ကွယ်လွန်ပြီး တမလွန်ဘဝကို သွားခဲ့ပါပြီ။ ဒါကြောင့် ကျန်ခဲ့တဲ့လူတွေ ဘယ်လောက်ငိုကြွေးကြပေမဲ့ အဲဒီ ငိုကြွေးတာကို မသိတော့ဘူး။ ကျွနု်ပ်၏ သားမှာ သွားရမယ့် ကတိတွေရှိတယ်။ သွားရမယ့် ကတိကို သွားဖြစ်ပြီဖြစ်တဲ့အတွက် ကျွန်ုပ်စိုးရိမ်ပူဆွေးမဖြစ်ဘူး”

ပုဏ္ဏားကြီး “ကျွန်ုပ်၏သားဟာ မခေါ်ဘဲ၊ ဘဝတစ်ပါးက လာခဲ့သူပါ။ အခုလည်း ဘဝတစ်ပါး သို့ ကူးပြောင်းသွားတာဟာ သူ့ကိုကျွန်ုပ်တို့က ဘဝ တစ်ပါးသို့ သွားတော့လို့ နှင်လွှတ်လို့သွားတာ မဟုတ်ပါဘူး။ မသွားပါနဲ့လို့ တားနေတဲ့အထဲက ခွင့်မပေးဘဲ တမင်သွားတာလည်း မဟုတ်ပါဘူး။ အလိုအလျောက်လာပြီး ဘဝတစ်ပါးသို့ ပြောင်းသွားတတ်တဲ့ သဘော ရှိတာမို့ ပြောင်းသွားတဲ့ သားအတွက် ငိုကြွေးခြင်းဟာ အကျိုး မရှိပါဘူး။ ကျန်တဲ့သူတွေ ငိုကြွေးကြရင်လည်း သားဖြစ်သူက သိနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် မငိုကြွေးကြခြင်း ဖြစ်ပါတယ်”

သေဆုံးသူ၏ နှမဖြစ်သူ၊ ဇနီးဖြစ်သူနှင့် အိမ် ဖော်မကလေးတို့ကလည်း ငိုယိုခြင်းမှာ အကျိုးမရှိ ကြောင်း၊ အနီးအနားရှိသူများကိုပင် စိတ်အနှောင့်အ ယှက်ဖြစ်စေနိုင်ကြောင်း။ မည်မျှ တမ်းတပြီး ငိုနေ သော်လည်း ပြန်ရှင်လာမှာ မဟုတ်ကြောင်း။ အစိတ် စိတ်အမြွှာမြွှာ ကွဲအက်ကြေမွသွားတဲ့ ရေအိုးကို တစ်ဖန် ပြန်ပြီး အိုးကောင်းဖြစ်အောင် ဆက်စပ်၍ မရနိုင်တော့ကြောင်း စသည်ဖြင့် ရှင်းလင်းပြောပြ ကြလေသည်။

ပုဏ္ဏားကြီးသည် ပညာအမြော်အမြင်ရှိသူ ဖြစ်သည်။ အိမ်သူ အိမ်သားမိသားစုများကို တတ်နိုင် သမျှ အလှူဒါနပြုကြရန်၊ သီလကိုမြဲအောင်စောင့် ထိန်းကြရန်၊ သေခြင်းတရားကို အောက်မေ့ပြီး သတ္တ ဝါအားလုံးသည် သေရမည့်သူချည်းသာ ဖြစ်သည်ကို သတိထားကြရန်၊ ခပ်သိမ်းသော သင်္ခါရတရားတို့ သည် အနိစ္စသဘောရှိကြသည်ကို နေ့ရော၊ ညဉ့် မှာပါ သတိမမေ့ကြရန် ဆိုဆုံးမလေ့ရှိသည်။

ချစ်ခင်မြတ်နိုးလှသော အိမ်သားတစ်ဦးနှင့် ရုတ်တရက် မမျှော်လင့်ဘဲ ခွဲခွာခဲ့ကြရသော်လည်း ဝမ်းနည်းပူဆွေးခြင်းမရှိ။ ငိုကြွေးခြင်းမပြုကြဘဲ တည် ငြိမ်စွာဖြင့် သေခြင်းတရားကို ရင်ဆိုင်ခဲ့သော ပုဏ္ဏား ကြီးမိသားစုဝင်များ တွေးခေါ်ပုံ၊ ခွဲခွာရခြင်း သဘော ထား ဆင်ခြင်စဉ်းစားတတ်ပုံ တို့ကို နည်းယူသင့်ကြ ပေသည်။ သေခြင်းတရားသည် ဘဝလမ်းခရီးတွင် ရှောင်လွှဲ၍ မရနိုင်သော အဖြစ်အပျက်တစ်ရပ်သာ ဖြစ်သည်ကို နားလည်သဘောပေါက်သင့်ကြကြောင်း၊ လူ့ဘဝတွင် ဝမ်းနည်းပူဆွေးကြမည့်အစား သံသရာ ခရီးအတွက်သာ ပြင်ဆင်ထားသင့်ကြကြောင်း သတိပေး ရေးသားတင်ပြအပ်ပေသည်။

မောင်ဉာဏ်စိန်

ကျမ်းညွှန်းစာရင်း – ဖြေဆည်ရာ (နန္ဒာသိန်းဇံ)