ပိုနေမြဲ ကျားနေမြဲ – မောင်ဥာဏ်စိန် –

စကားပုံများသည် နေ့စဉ်သုံးမြန်မာစကား တွင် တွင်ကျယ်စွာ နေရာယူလေ့ရှိကြသည်။ အချို့ သော သူများသည် စကားပြောဆိုရာတွင် စကားပုံ တစ်ခုခုကို အားကိုးအားထားပြုပြီး ပြောဆိုလိုက်ရမှ မိမိပြောဆိုသော စကားသည် ပို၍လေးနက်သွား သည်ဟု ယူဆကြသည်။ ထိုကဲ့သို့ ပြောဆိုတတ်သူ ကို ဗဟုသုတြွကယ်ဝသူ၊ စာစကား၊ ပေစကားပြော ဆိုတတ်သူအဖြစ်လည်း မိမိတို့အချင်းချင်းလေးစား မှုရှိကြသည်။ ထို့ကြောင့် မြန်မာစကားပုံများ၊ မြန်မာ့ ဆိုရိုးစကားများသည် နေ့စဉ်သုံးမြန်မာဘာသာ စကားတွင်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းနယ် ပယ်တွင်လည်းကောင်း အင်အားကြီးစွာဖြင့် နေရာယူ ထားနိုင်ကြလေသည်။

ထိုကဲ့သို့ နေရာယူထားနိုင်သော တွင်ကျယ် စွာ အသုံးပြုလေ့ရှိသော စကားပုံများတွင် ပိုနေမြဲ ကျားနေမြဲဟူသော စကားပုံသည်လည်း တစ်ခု အပါအဝင်ဖြစ်ပေသည်။ ပိုနေမြဲကျားနေမြဲ ဟူသော စကားပုံသည် နေ့စဉ်သုံးစကားတွင်သာမက တရား ဥပဒေနယ်ပယ်တွင်ပါ နေရာပေး အသုံးပြုနေရသော စကားပုံတစ်ခုဖြစ်သည်။

လူတစ်ဦးတစ်ယောက်သည် မိမိလက်ရှိဖြစ် နေသော ပစ္စည်းတစ်စုံတစ်ရာကို တရားရုံးတစ်ခုခု ၏ စီရင်ချက်၊ ဒီကရီတို့အရ လက်လွှတ်လိုက်ရခြင်း ဆုံးရှုံးလိုက်ရခြင်းရှိနိုင်သည်။ ပို၍အဆင့်မြင့်သော တရားရုံးများ၏ အမိန့်အရ ယင်းပစ္စည်းကို ပြန်၍ ရရှိလာလျှင် ပိုနေမြဲကျားနေမြဲပြန်၍ရရှိသည်ဟု ပြော ဆိုလေ့ရှိကြသည်။ ဤစကားကို အမှုဖြစ်ဖူးသူများ နှင့် ရှေ့နေများက ပို၍သိနိုင်ပေသည်။

ရင်းနှီးသော လူပုဂ္ဂိုလ်အချင်းချင်းအကြားအ ကြောင်းအရာတစ်ခုခုကို အကြောင်းပြု၍ဖြစ်စေ၊ ပစ္စည်းတစ်ခုခုကို အကြောင်းပြု၍ဖြစ်စေ ပြင်းပြင်း ထန်ထန် အငြင်းအခုံရှိနိုင်သည်။ ထိုအခါ ပြန်ဖြေသူ က ပိုနေမြဲကျားနေမြဲအတိုင်း နေကြပါကွာဟု ပြော ဆိုပြီး ပြန်ဖြေပေးလေ့ရှိကြလေသည်။

ဤစကားပုံဖြစ်ပေါ်လာပုံကို တင်ဆက်လိုပါ သည်။

တစ်ရံသောအခါက ပစ္စန္တအမည်ရှိသော ရွာ တွင် မောင်ပိုအမည်ရှိသောသူတစ်ယောက်ရှိခဲ့သည်။ ၄င်းသည် ကျားတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ မောင်ပို၏ မိတ်ဆွေဖြစ်သော ကျားသည် အစာရှာ ရင်း မောင်ပိုတို့၏ ရွာသို့ရောက်လာခဲ့သည်။ မောင်ပို က မိတ်ဆွေကျားအား အောက်ပါအတိုင်းပြောဆို သတိပေးလေသည်။

“အဆွေကျား လူတို့နေရာ ရွာ အတွင်းသို့ သင်မလာလင့်။ လူတို့သိလျှင် သင့်ကိုသေအောင်ပြု လတ္တံ့”

ကျားသည် မောင်ပို၏ စကား ကိုနားမထောင်ဘဲ ရွာသို့လာဖန်များ သောအခါ လူတို့ထောင်ထားသော မှိန်း၌ မိလေ တော့သည်။ ခုနစ်ရက်တိုင်အောင် အစာမစားရဘဲ မှိန်းထဲ၌နေရသည်။ အဆွေဖြစ်သော မောင်ပိုမြင် လျှင် ရောက်လာပြီး –

“အဆွေကျား သင့်ကိုငါပြောပါလျက် ငါ၏ စကားကိုနားမထောင်ခြင်းကြောင့် မှိန်းထဲ၌မိရလေ ပြီ။ နောင်ခါမှာနားထောင်ပါ”ဟု ပြောဆိုပြီး မှိန်း ကို ဖွင့်၍ လွှတ်ပေးလိုက်လေသည်။

ကျားသည် မှိန်းတွင်းမှလွတ်လျှင် မောင်ပို၏ လက်ကိုဆွဲ၍ အောက်ပါအတိုင်း ပြော လေတော့သည်။

“အဆွေမောင်ပို ငါ့ကိုလွတ်အောင်ပြုပေပြီ။ ငါကား ရေဆာငတ်မွတ်လှ၏။ သင်၏အသားကိုစား ရမှ ချမ်းသာတော့မည်။ ထို့ကြောင့် သင့်ကိုငါစားအံ့”

မောင်ပိုကလည်း အောက်ပါအတိုင်း ပြန် ပြောလိုက်လေသည်။

“အဆွေကျား သင့်ကိုကယ်သောငါ့အားသင် သည် မစားထိုက် …၊ စားလိုသော် တရားရင်ဆိုင် ကြဦးအံ့ …၊ လူအများက စားထိုက်သည်ဆိုလျှင် စားပါ …”

နှစ်ဦးသားအပြန်အလှန်ပြောဆိုကြပြီးနောက် တရားရင်ဆိုင်ရန် အတူသွားကြရန် ခရီးလမ်းမ၌ နွားခေါင်းရိုးတစ်ခုကို တွေ့ရသည်။ ထိုနွားခေါင်းရိုး ထံ၌ တရားရင်ဆိုင်ရန် သဘောတူညီကြသည်။ နွား ခေါင်းရိုးကို အကျိုးအကြောင်းပြောပြလေသော် နွား ခေါင်းရိုးက အောက်ပါအတိုင်း အမိန့်ချလိုက်လေ သည်။

“လူတို့ကိုကား စားထိုက်၏။ အဘယ့်ကြောင့် ဆိုသော် ငါတို့သည် မြက်ကိုစား၍ လူ၏စီးပွားကို ရွက်ဆောင်ပါလျက် ငါတို့ကိုသတ်စားပြီးလျှင် ငါ့ခေါင်း ရိုးကို ဤသို့ပစ်ထား၏။ ထို့ကြောင့် လူထက်ယုတ် သောသူ မရှိ။ ကျေးဇူးကိုမသိတတ်၊ သို့ဖြစ်၍ လူတို့ ကို စားကောင်းသည်”

ထိုစကားကိုကြားလျှင် ကျားလည်းစားမည်ပြု သည်။ မောင်ပိုက ခုံတစ်ယောက် ပြောင်းဦးမည်ဆို၍ သွားကြပြန်သော် ညောင်ပင်တွေ့၍ ညောင်ပင်စောင့် နတ်အား ငါတို့တရားကို စီရင်ပါဟု ပြောကြားကြလေ သည်။ ညောင်ပင်စောင့်နတ်က အောက်ပါအတိုင်း စီရင်ချက်ချလိုက်ပြန်သည်။

“လူတို့သည် သစ်ပင်၌အရိပ်လည်းခိုသည်။အရွက်အသီးကိုလည်းစားသည်။ အိပ်ရာနေရာလည်း ပြုသည်။ သို့ပါလျက်သစ်ပင်၊ သစ်ကိုင်းကို ခုတ်ပြန် သည်။ ထို့ကြောင့် လူလည်းသူ့ကျေးဇူးကိုမသိတတ်၊ အလွန်ဆိုးသွမ်းရကား စားထိုက်သည်”

ထိုစကားကြောင့် ကျားသည်မောင်ပိုကို စား မည်ပြုပြန်သည်။ မောင်ပိုက ခုံတစ်ယောက်ပြောင်း ပါစေဦးဟုဆို၍ သွားကြပြန်သော် ရသေ့ထံသို့ ရောက်၍ ဤသူမြတ်၌ အပြီးသတ်ဆုံးဖြတ်မည်ဟု သဘောတူကြသည်။ ရသေ့က ပညာရှိလှသော ယုန် ငယ်ကို ကြည့်၍ ဤတရားကို စီရင်ပါဟု တာဝန်ပေး အပ်လိုက်သည်။

ယုန်ပညာရှိကလည်း မောင်ပိုနှင့် ကျားတို့ အား လျှောက်လဲတင်ပြကြသည်။ နှစ်ဖက်လျှောက် လဲချက်ကို ကြားနာပြီးနောက် “ဤတရားသည် လွယ်လှသည်။ ငါမှန်အောင်ဆုံးဖြတ်မည်”ဟု ပြော ဆို၍ “သင်ကျားသည် မိရာဖြစ်သည့် မှိန်း၌ ဘယ်သို့နေရသနည်း၊ ငါ့ကိုဝင်၍ပြပါဦး၊ မောင်ပိုက လည်း မှိန်းကိုပိတ်မြဲပိတ်စမ်းပါဦး ငါကြည့်ပါဦးမည်” ဟု ဆိုလိုက်သည်။ ယင်းသို့ပိတ်ပြီးမှ ယုန်ကဤသို့ ဆို၏။

“အဆွေကား မှိန်းမထောင်မီကပင် မိမိ၏ ခင်ပွန်းဖြစ်၍ ဘေးမရှိစိမ့်သောငှာ ပြောပါသည်ကို သင်နားမထောင်ခြင်းကြောင့် မှိန်းတွင်မိရလေသည်။ မိရာမှ လွှတ်သည်ကို သူ့ကျေးဇူးကို မသိဘဲ စား မည်ဟု သင်ပြုပြန်သည်။ သူ၏ကျေးဇူးကို မသိသော သူဟူသမျှသည် ချမ်းသာရမည်မဟုတ် ဒုက္ခဘေး ဒဏ်ကို ခံရမြဲဖြစ်သည်။ ထို့ကြောင့် သင်ကျားသည် မှိန်းထဲတွင်နေမြဲနေပါ။ မောင်ပိုကလည်းမိမိ၏ အိမ် ရာ၌သာ နေမြဲနေပါ။ ယနေ့မှစ၍ သူ့ကျေးဇူးကို မသိတတ်သော သူပျက်သူမိုက်ကို မကယ်ပါလေ နှင့်”

အထက်ပါအတိုင်း ယုန်ပညာရှိက စီရင်သော ကြောင့် မောင်ပိုသည် ချမ်းသာရာရလေသည်။ ဤ ထုံးပုံကို အကြောင်းပြုပြီး ပိုနေမြဲကျားနေမြဲဟူသော စကားပုံသည် ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

မောင်ဥာဏ်စိန်
ရည်ညွှန်းစာအုပ်
၁။ ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း
(ကျီးသဲလေးထပ်ဆရာတော်၊ ရွှေတောင်မြို့)