အလိုကြီးလျှင် အရနည်းတတ်သည်

အလိုကြီးလျှင် အရနည်းတတ်သည်ဟူသော စကားမှာ ရှေးခေတ် ဆိုရိုးစကားတစ်ခုဖြစ်ပေသည်။  ပုထုဇဉ်တို့သဘာဝအရ လောဘ၊ ဒေါသ၊ မောဟ နှင့် မကင်းတတ်ကြပေ။ သို့ရာတွင် ဖြစ်ရိုးဖြစ်စဉ် လောဘမျိုးမဟုတ်ဘဲ ဝိသမလောဘမျိုးဖြစ်နေလျှင်  ယင်းလောဘအမျိုးမျိုးဖြင့် လှုပ်ရှားရုန်းကန်လျှင် ဘေးတွေ့တတ်သဖြင့် “အလိုကြီးလျှင် အရနည်း တတ်တယ်” ဟု လူကြီးသူမများ ဆရာသမားများက  လူငယ်၊ လူရွယ်များ တပည့်များကို ဆိုဆုံးမလေ့ရှိ သော ဆိုရိုးစကားတစ်ခုပင် ဖြစ်ပေသည်။

ငယ်စဉ်အခါက ဒေါင်းတံဆိပ်ဖတ်စာတွင် ဖတ်ဖူးသော ပုံပြင်တစ်ခုကို ပြန်၍သတိရမိသည်။ လူတစ်ယောက်တွင် ငန်းတစ်ကောင်ရှိသည်။ ထိုငန်း သည် သခင်အတွက် နေ့စဉ်ရွှေဥတစ်လုံးကို ဥပေး သည်။ ငန်းပိုင်ရှင်သည် နေ့စဉ် ရွှေဥတစ်လုံးရနေ သည်ကို မကျေနပ်၊ တစ်ပြိုင်တည်း နေ့ချင်းညချင်း ချမ်းသာလာချင်သည်။ ဝိသမလောဘဖြစ်ပေါ်လာ သည်။ ထို့ကြောင့် နေ့စဉ်ရွှေဥတစ်လုံးဥပေးနေသော  ငန်းကို သတ်လိုက်လျှင် ရွှေဥအများကြီးရလိမ့်မည် ဟု စိတ်ကူးယဉ်တွးတောမိသည်။

ယင်းစိတ်ကူးဖြင့် ငန်းအား သတ်၍ ရင်ကို ခွဲစိတ်လိုက်လေရာ သူထင်သလို ရွှေဥများကို မရ တော့ပေ။ ငန်းသေသွားသဖြင့် နောက်နေ့များတွင် လည်း ရွှေဥများကို မရေတော့ပေ။ အလိုကြီး၍ အရ နည်းပုံပြင်တစ်ခု သင်ခန်းစာတစ်ခုပင်ဖြစ်သည်။

ဗာရာဏသီပြည်မှာ လှည်းကုန်သည်တစ်ခု ၌ ကန္တာရခရီးသွားကြရင်း လမ်းမှားကြလေသည်။ နဂါးပိုင်သော ညောင်ပင်တစ်ပင်၏ အရင်း၌ လှည်း  စခန်းချကာ နားနေကြသည်။

ညောင်ပင်၏ အရှေ့ပိုင်းကို ဖြတ်လိုက်ရာ ရေလုံးကြီးထွက်လာ၍ ရေကို သောက်ချိုးကြရသည်။  ညောင်ပင်၏ တောင်ကိုင်းကို ဖြတ်လိုက်သောအခါ ထိုအကိုင်းမှ အရသာရှိသော အစားအစာများ ထွက် လာသည်။ ယင်းအစားအစာများကို စားသုံးကြသည်။  အနောက်ကိုင်းကို ဖြတ်လိုက်သောအခါ အံ့ဩဖွယ် ရာ လှပသော မိန်းမများ ပေါ်ထွက်လာကြသည်။ လှည်းကုန်သည်တို့သည် ထိုမိန်းမများဖြင့် ပျော်ပါး ကြပြန်သည်။ ညောင်ပင်၏မြောက်အကိုင်းကို ဖြတ် လိုက်သောအခါ ရတနာများထွက်လာ၍ ရတနာများ ကို လှည်းပေါ်သို့ တင်လိုက်ကြသည်။

လှည်းသားများသည် အမြစ်ကိုပါ ဖြစ်လိုက် ပါက ပို၍ကောင်း၊ ပို၍အဖိုးတန်သည့် ရတနာများ ရရှိလိမ့်မည်ဟု တွေးတောပြီး ထိုညောင်ပင်ကို အမြစ်မှဖြတ်ရန် အားထုတ်ကြသည်။ ဘုရားလောင်း ကုန်သည် ပြောဆိုသော စကားကို နားမထောင်ချင် ကြပေ။ ဤတွင် နဂါးမင်းသည် အမျက်ချောင်းချောင်း ထွက်ပြီး ဘုရားလောင်းမှတစ်ပါး ကျန်လူတို့ကို သတ် ပစ်လိုက်လေသည်။ ရတနာများဖြင့် ပြည့်နေသော လှည်းငါးရာနှင့် ဘုရားလောင်းကုန်သည်ကိုမူ ဗာရာဏသီပြည်သို့ ပို့ဆောင်ပေးလိုက်လေသည်။ အလိုကြီး၍ အရနည်းကြရုံမျှမက အသက်ပင်ဆုံးရှုံး ရသော သင်ခန်းစာတစ်ခုပင် ဖြစ်ပေသည်။

ဗာရာဏသီ ဗြဟ္မဒတ်လက်ထက်၌ပင် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်လေသည်။ အိမ်ထောင်ပြု၍ သမီးသုံးယောက်ရခဲ့သော်လည်း သမီးများ အိမ်ထောင်မကျမီ ပုဏ္ဏားကြီးသည် ကွယ် လွန်သွားခဲ့သည်။ နောက်ဘဝတွင် သုဝဏ္ဏဟံသာ ခေါ် ရွှေဟင်္သာမျိုး၌ ဖြစ်ခဲ့လေသည်။ ရွှေဟင်္သာ သည် အတိတ်ဘဝကို ပြန်၍ကြည့်လိုက်သောအခါ  ဇနီးနှင့် သမီး သုံးယောက်တို့မှာ ဆင်းရဲဒုက္ခတွေ့နေ ကြသည်ကို တွေ့မြင်လိုက်ရလေသည်။ ရွှေဟင်္သာ သည် ဇနီးဟောင်းထံသို့သွားရောက်ပြီး ဤရွှေ အတောင်တို့ကိုရောင်းချပြီး အသက်မွေးလော့ဟုဆို၍ ဇနီးနှင့် သမီးတို့အား ရွှေအတောင်တစ်တောင်စီပေး၍ ပြန်သွားလေ့ရှိသည်။ မကြာခဏ ဤသို့လာရောက် ၍ ပေးလေ့ရှိသဖြင့် ပုဏ္ဏားကြီး၏ဇနီးနှင့် သမီးတို့ သည် ချမ်းသာလာကြသည်။

ချမ်းသာလာသောအခါ ဇနီးဖြစ်သူသည် ပို၍ လောဘကြီးလာသည်။ ရွှေဟင်္သာသည် နောက်တစ် ကြိမ်လာသောအခါ ရွှေဟင်္သာကို ဖမ်းကိုင်၍ အတောင်အားလုံးကို နှုတ်ယူလိုက်သည်။ ရွှေဟင်္သာ  ၏ ခွင့်ပြုချက်မပါဘဲ အဓမ္မယူသောကြောင့် ရွှေ တောင်အားလုံးသည် ဗျိုင်းတောင်ကဲ့သို့ ဖြူသွားလေ တော့သည်။ အတောင်မရှိတော့သဖြင့် ရွှေဟင်္သာမှာ လည်း မပျံနိုင်တော့ချေ။ ပုဏ္ဏားမသည် မပျံနိုင် သော ရွှေဟင်္သာကို အစာကျွေး၍ မွေးမြူသေးသော် လည်း ပေါက်လာသော အတောင်မှန်သမျှမှာ ဗျိုင်း တောင်ကဲ့သို့ အဖြူရောင်ချည်း ဖြစ်ကုန်သည်။ အတောင်စုံသောအခါ ဘုရားလောင်းရွှေဟင်္သာသည်  မိမိနေရာသို့ ပြန်သွားတော့သည်။ နောက်တစ်ဖန် ပြန်၍ မလာတော့ပေ။ အလိုကြီး၍ အရနည်းခြင်းပင် ဖြစ်သည်။

ယခုခေတ်တွင် ဖားကန့်ဘက်၌ ရေမဆေး ကျောက်များကို ရှာဖွေကြရင်း သေဆုံးကြသူများ၊ မြန်မာပြည်အရပ်ရပ်၌ မူးယစ်ဆေးဝါးများ၊ စိတ်ြွက ဆေးများကို သိန်းဂဏန်း၊ သောင်းဂဏန်းအရေ အတွက်ဖြင့် သယ်ယူပို့ဆောင်ရင်း အဖမ်းခံကြရ၊ နှစ်ရှည်ထောင်ဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင် ဒဏ်ကျကြရသောသူများလည်း ဝိသမလောဘ သမားများပင် ဖြစ်ကြသည်။ အလိုကြီး၍ အရနည်း ရုံမျှမက ဘဝပျက်ခြင်း၊ သေဆုံးခြင်းဖြင့် နိဂုံးချုပ် သွားကြရလေသည်။

ရောင့်ရဲတင်းတိမ်ခြင်းဟူသည်မှာ မင်္ဂလာ တစ်ပါးပင်ဖြစ်သည်။ ရသမျှဖြင့် ရောင့်ရဲတင်းတိမ် ခြင်းသည် သန္တုဋ္ဌိမင်္ဂလာပင်ဖြစ်သည်။ လူဟူသည် မှာ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမတို့ဖြင့် ကြိုးစားအားထုတ်ကြရပေမည်။ ဤကဲ့သို့ ကြိုးစား အားထုတ်ပါလျက် အကျိုးပေးချိန် မတန်သေး% မချမ်းသာသေးလျှင်လည်း ဝမ်းနည်းစရာမဟုတ်ပေ။ သန္တုဋ္ဌီတရား လက်ကိုင်ထားကာ တင်းတိမ်ရောင့်ရဲ လျက် နေထိုင်နိုင်ခြင်းသည် ဘုရားရှင်၏အလိုကျ မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ခြင်းပင်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပေသည်။

မောင်ဥာဏ်စိန်

ကျမ်းကိုးစာရင်း။   ။

၁။ မင်္ဂလာနိဒါန်း (မောင်အံ့၊ မဟာဝိဇ္ဇာ၊ ဘုံဘေ)

၂။ ပြည်ထောင်စုနီတိ(ဝန်ကြီးချုပ်ဟောင်း ဦးနု)

စာရေးသူ၏လိပ်စာ။   ။

ဦးဥာဏ်ဝင်း။   ။ တိုက် ၈၊ အခန်း ၄၀၁၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ဖုန်း ဝ၉ ၅၀ဝ ၅၇၇၃