ရတနသုတ်လာ နိဗ္ဗာနဂုဏ်ရည်

“အလိမ္မာ စာမှာရှိသည်” “ငယ်ရွယ်စဉ်ခါ ပညာရှာ”ဟူသော ဆိုရိုးစကားများရှိလေသည်။ ယင်းဆိုရိုးစကားများနှင့် အညီ ကျွန်တော်သည် ငါးနှစ်သားအရွယ်တွင် စတင်၍ ကျောင်းတက်ခဲ့ရပေ သည်။ ကျွန်တော် တက်ခဲ့ရသော ကျောင်းမှာ ကျေးရွာ မူလတန်းကျောင်းမဟုတ်၊ မိဘများကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းဖြစ်လေသည်။ ကျွန်တော်၏ ပညာရေးဘဝကို ဘုန်းကြီးကျောင်းပညာရေး (Monastic Education)ဖြင့် စတင်ခဲ့ရခြင်းဖြစ်ပေသည်။

ဘုန်းတော်ကြီးကျောင်း ပညာရေးကြောင့် ကျွန်တော်သည် ခုနစ်နှစ်သားခန့်တွင်ပင် ပရိတ်ကြီး ၁၁ သုတ်ကို အလွတ်ရွတ်ဆိုနိုင်ခဲ့သည်။ ညဖက် ဘုရားရှိခိုးကြလျှင် ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဆို ကြရသည်။ သို့ရာတွင် ၁၁ သုတ်လုံးကို တစ်ညဥ့် တည်း ရွတ်ဆိုရန်မဟုတ်။ နေ့ခုနစ်နေ့တွင် သူ့နေ့ အလိုက် သတ်မှတ်ထားသော သုတ်များကို ရွတ်ဆို ကြရသည်။

ကျွန်တော်မှတ်မိသရွေ့ တနင်္ဂနွေနေ့တွင် မင်္ဂလသုတ်၊ တနင်္လာနေ့တွင် ရတနသုတ်၊ အင်္ဂါနေ့ တွင် မေတ္တသုတ်၊ ဗုဒ္ဓဟူးနေ့တွင် ခန္ဓသုတ်၊ မောရ သုတ်၊ ဝဍ္ဍသုတ်၊ ကြာသပတေးနေ့တွင် ဓဇဂ္ဂသုတ်၊ သောကြာနေ့တွင် အာဋာနာဋိယသုတ်၊ စနေနေ့တွင် အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ်တို့ ကို ရွတ်ဆိုကြရသည်။

ဘုန်းတော်ကြီးကျောင်းပညာရေးတွင် ဆိုရိုး စကားတစ်ခုရှိသည်။ “ရှင်ကိုဖျက် ဓဇဂ်၊ လူကိုဖျက် အရက်၊ ဝါးကိုဖျက် ဝါးမျက်” ဟူ၍ဖြစ်သည်။ ဓဇဂ္ဂ သုတ်သည် ရွတ်ဖတ်ရတာခက်သောကြောင့် ရှင်များ (သာမဏေများ) အနေဖြင့် လူထွက်သွား(လူဝတ်လဲသွား) တတ်သောကြောင့် ဖြစ်သည်။ ကျွန်တော်သည် အသက် ခုနစ်နှစ်မျှဖြင့် ပရိတ်ကြီး ၁၁ သုတ်ကို အလွတ်ရနေသောကြောင့် မိဘဆွေမျိုးများ၏ ချီးမြှင့် ခြင်းကို ခံခဲ့ရသည်။

ကြီးပြင်းလာသောအခါ ကျွန်တော်တို့သည် ကြီးမိုက်များ ဖြစ်လာကြသည်။ အထက်တန်းပညာ များ၊ ခေတ်မီလောကဓာတ် ပညာများကို လေ့လာ လိုက်စားရင်း ပရိတ်ကြီး ၁၁ သုတ်ကို အလွတ်မရ တော့ချေ။ မင်္ဂလသုတ်၊ မေတ္တသုတ်ကိုမျှသာ အလွတ်ရတော့သည်။ ဝမ်းနည်းဖွယ်ကောင်းလေစွ။

အခြားမှတ်မိနေသော ပရိတ်ကြီးတစ်သုတ် မှာ ရတနသုတ်ဖြစ်သည်။ တစ်သုတ်လုံးကိုကား အလွတ်မရတော့ –

“ဝနပ္ပဂုမ္ဗေ၊ ယထာ၊ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ၊ ပဌမသ္မိံဂိမှေ။ တထူပမံ၊ ဓမ္မဝရံ အဒေသ ဟိ၊ နိဗ္ဗာနဂါမိံ၊ ပရမံဟိတာယ၊ ဣဒမ္ပိဗုဒ္ဓေ၊ ရတနံ ပဏီတံ၊ ဧတေန သစ္စေန၊ သုဝတ္ထိဟောတု”ဟူသော အပိုဒ်ဖြစ်သည်။ ယင်းအပိုဒ်ကိုကား အလွတ် ရနေသည်။

မြတ်စွာဘုရား၏ ဖွားဖက်တော်ဖြစ်သော အမတ်ကြီး ကာဠုဒါယီက ဖခမည်းတော်ရှိရာ ကာပိလဝတ္တပြည်သို့ြွကရောက်ရန်အတွက် ဘုရား ရှင်အား ဂါထာပေါင်း ၆၄ ဂါထာ လျှောက်ထား ခဲ့သည်။ ယင်းဂါထာများကို “ဂါထာ ခြောက်ဆယ်ပျို့” အဖြစ် တောင်တွင်းရှင်အုန်းညိုဆရာတော်က ဖွဲ့ဆိုခဲ့သည်။ တောင်တွင်းမြို့သမိုင်းပါ “ပေလေးပင်၊ ရှင်လေးပါ” တွင် တစ်ပါး အပါအဝင်ဖြစ်သော ဆရာတော်ဖြစ်သည်။ ယင်းသို့လျှောက်သော ဂါထာ များတွင် တပေါင်းလအခါ၌ တောတောင်ရေမြေတို့ ၏ သာယာပုံ၊ သစ်ပင်၊ ပန်းမန်တို့၏ လှပပုံ၊ ကျေး ငှက်သာရကာမှအစ တောပျော်သတ္တဝါကလေးများ ရွှင်မြူးနေကြပုံတို့ကို နာချင့်စဖွယ် ထည့်သွင်းဖွဲ့ ဆိုထားသည်။ ယင်းဂါထာ ၆၄ ဂါထာ(တစ်နည်း) ဂါထာခြောက်ဆယ်ပျို့နှင့် ဆက်စပ်ပြီး ရတနသုတ် ၌ ဘုရားရှင်ထံ ဝနပ္ပဂုဗ္ဗေ အစချီသော ဂါထာကို ထည့်သွင်း ဟောကြားထားခြင်း ဖြစ်လေသည်။ အထက်တန်းကျောင်းသားဘဝ၌ နွေဦးရာသီ အကြောင်း စာစီစာကုံးများကို ရေးရသောအခါ ဝနပ္ပ ဂုမ္ဗေအစချီကာ ဤဂါထာလေးကို ထည့်သွင်းထား လေ့ရှိကြသည်။ ထို့ကြောင့် ရတနသုတ် တစ်သုတ် လုံးကို မရတော့သော်လည်း ဤဂါထာတစ်ပုဒ်ကို ကား အလွတ်ရလျက်ရှိသည်။ ကံကောင်းလေစွ။

သို့ရာတွင် ရတနသုတ်၌ အလွန်တစ်ရာမှ သိသင့်သိထိုက်သော ဂါထာတစ်ပုဒ်ရှိသည်။ ယင်း ဂါထာကို တန်ဖိုးထားရမှန်း ကြီးပြင်းလာသည်အထိ မသိခဲ့ရချေ။ သို့ရာတွင် အသက် ၆၀ ကျော်ပြီးနောက် သပြေကန်ဆရာတော်၊ အရှင်ဝါသေဋ္ဌာဘိဝံသ၏ နိဗ္ဗာန်ချမ်းသာ တရားတော်စာအုပ်ကို ဖတ်မိသော အခါတွင်မှ ယင်းဂါထာတော်(ပါဠိတော်)၏ အရေးကြီး ပုံကို သိလာရသည်။ ယင်းပါဠိတော်၏ တန်ဖိုးကို တရေးရေးဖြင့် သိနားလည်လာရသည်။ ယင်းပါဠိ တော်မှာ အောက်တွင် ဖော်ပြထားသော ပါဠိတော် ဖြစ်ပေသည်။

“ခယံ၊ ဝိရာဂံ၊ အမထံ၊ ပဏီတံ၊

ယဒဇ္ဈဂါ၊ သကျမုနိ၊ သမာဟိတော။

နတေန၊ ဓမ္မေန၊ သမတ္ထိ၊ ကိဉ္စိ၊

ဣဒမ္ပိ ဓမ္မေ၊ ရတနံ ပဏီတံ

ဧတေန၊ သစ္စေန၊ သုဝတ္ထိ၊ ဟောတု”

သပြေကန်ဆရာတော်ဘုရားကြီးပြန်ဆိုသော  အနက်အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်ပေသည်။

“ခယံ ကိလေသာအစုံ၊ ဒုက္ခအဖုံဖုံတို့ ကုန်ရာ ဌာန ဖြစ်ပေထသော၊ ဝိရာဂံ-ရာဂအတွယ် ကွယ် ပျောက်ကင်းရှင်းရာဖြစ်ပေထသော၊ အမတံ- သေခြင်းကင်းလှ၊ အမတဓာတ်လည်းဖြစ်ပေသော၊ ပဏီထံ-မရောင့်ရဲစေတတ်၊ မွန်မြတ်လှစွာသော၊ ယံအကြင်နိဗ္ဗာန ဓာတ်တရားတော်မြတ်ကို သကျ မုနိ-သာကီနွယ်ဖွားဘုရားရှင် ကိုယ်တော်မြတ်သည် အဇ္ဈဂါ-ဗောဓိပင်ခြေ၊ ပလ္လင်ဗွေက ကောင်းစွာ မသွေ၊ ရတော်မူခဲ့လေပြီ။

တေန ဓမ္မေန ထိုနိဗ္ဗာန်ဆိုတဲ့တရားတော် မြတ်နှင့် သမံ-တန်းတူထား၍ ရှုစားဖွယ်ရာ တူညီ ပါသော ကိဉ္စိ-တစ်စုံတစ်ခုသော တရားမျိုးသည် နအတ္ထိ-အဘယ်သို့ပင် ရှာရှာ ရှိရိုးဧကန်အမှန်တိတိ မရှိနိုင်ပါပေ။

ဓမ္မေန-နိဗ္ဗာန်တရားတော်မြတ်၌ ဣဒမ္ပိ ရတနံ- ဤရတနာဖြစ်ကြောင်း ကောင်းမြတ်သော ဂုဏ်ရည်အပေါင်းသည်လည်း ပဏီတံ-ထူးမြတ်လှ ပါပေ၏။

ဧတေန သစ္စေန-ဤသို့မှန်ကန်စွာဆိုရသော   သစ္စာစကားကြောင့် ထုမှကံ-ရတနာသုံးပါး အားထား ကိုးကွယ်ကြသော ဓမ္မမာမက-သီတင်းသည် အပေါင်း သူတော်ကောင်းတို့အား သုဝတ္ထိ-ဘေးဒဏ် ရန်စွယ် အန္တရာယ်ကင်းဝေး အေးချမ်းသာယာ ချမ်း သာခြင်းသည် ဟောတုမုချမသွေဖြစ်ပါစေသတည်း”

အထက်ဖော်ပြပါ အနက်အဓိပ္ပာယ်အရ နိဗ္ဗာန်တွင် ခယဂုဏ်၊ ဝိရာဂဂုဏ်၊ အမတဂုဏ်နှင့် ပဏီတဂုဏ်ဟူသော ဂုဏ်တော်လေးပါးနှင့် ပြည့်စုံ လျက်ရှိသည်။

ခယဂုဏ်ဟူသည်မှာ နိဗ္ဗာန်တွင် ကိလေသာ တွေလည်းမရှိ၊ ဒုက္ခခပ်သိမ်းလည်းမရှိ၊ အားလုံးငြိမ်း ချမ်းနေသည်ဟု ဆိုလိုခြင်းဖြစ်လေသည်။

ဝိရာဂဂုဏ်ဟူသည်မှာ ရာဂအတွယ်၊ ပြယ် ပျောက်ကင်းရှင်းရာဖြစ်ပေသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ ရာဂကင်းရှင်းရာအခြေအနေကို ဆိုလိုခြင်း ဖြစ်ပေသည်။ နိဗ္ဗာန်တွင် နှစ်သက်ဖွယ်အာရုံမရှိသကဲ့သို့ နှစ်သက်တတ်သော ရာဂလည်း မရှိချေ။ စိတ် အေးချမ်းမှုသက်သက် ဖြစ်ပေသည်။ အငြိမ်းဓာတ် ကြီး ဖြစ်ပေသည်။

အမတဂုဏ်ဟူသည်မှာ နိဗ္ဗာန်တွင် ဖြစ်မှု ဆိုသည့် ဥပါဒ် မရှိချေ။ တည်မှုဆိုသည် ဌီ မရှိချေ။ ပျက်မှုဆိုသည့် ဘင် မရှိချေ။ ဥပါဒ်၊ ဌီ၊ ဘင်(ဖြစ်၊ တည်၊ ပျက်)မရှိသဖြင့် သေခြင်းတရားလည်းမရှိ တော့ချေ။ ထို့ကြောင့် သေခြင်းကင်းသည့် အမတ ဂုဏ်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ “အကယ်ဇာတိ ကိုကြောက်မှ နိဗ္ဗာန်ရတာ။ ဇာတိမကြောက်ရင် နိဗ္ဗာန်မရဘူး”ဟူ၍ သပြေကန် ဆရာတော်ကြီးက ဟောကြားခဲ့ပေသည်။

နိဗ္ဗာန်၏ အခြားဂုဏ်တစ်ခုမှာ ပဏီတ ဟူ သော ဂုဏ်ဖြစ်သည်။ မွန်မြတ်လှတဲ့နိဗ္ဗာန်ကို မည်မျှ ကြည့်နေရ ကြည့်နေရ၊ မည်မျှအာရုံပြုနေရ၊ ပြုနေ ရ၊ ရောင့်ရဲသည်၊ တင့်တိမ်သည်ဟူ၍ မရှိဟုဆိုလို ခြင်း ဖြစ်ပေသည်။ မည်မျှပင် အာရုံယူနေရ၊ ယူနေ ရ၊ အာရုံယူနေရတဲ့ အရိယာ အရှင်မြတ်တွေသည် ချမ်းသာနေကြသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

စင်စစ် နိဗ္ဗာန်ဟူသည်မှာ ရွှေပြည်ကြီးလည်း မဟုတ်၊ ရွှေနန်းကြီးလည်း မဟုတ်၊ ဆိပ်ကမ်းသာ လည်းမဟုတ်၊ အမှန်စင်စစ်၊ ရုပ်နာမ်တို့၏ ချုပ်ငြိမ်း ရာ အငြိမ်းတိုက်ကြီးပင် ဖြစ်တော့သည်။

ဤသည်တို့မှာ ရတနသုတ်လာ၊ နိဗ္ဗာနဂုဏ် ရည်များ၊ တစ်နည်းအားဖြင့် နိဗ္ဗာန်ဂုဏ်ရည်များပင် ဖြစ်ကြကြောင်း အကျဉ်းချုပ်အားဖြင့် ရေးသားတင် ပြအပ်ပေသည်။

မောင်ဥာဏ်စိန်

ရည်ညွှန်းစာအုပ်များ

၁။ နိဗ္ဗာန်ချမ်းသာတရားတော်၊ သပြေကန် ဆရာတော်။

၂။ ရတနသုတ်၊ သုခ