လောကဓံတရား

မင်္ဂလသုတ်ဒေသနာတော်အရ လောကဓံအကောင်းနှင့် တွေ့သည်ဖြစ်စေ၊ အဆိုးနှင့်တွေ့သည်ဖြစ်စေ ရဟန္တာတို့၏စိတ်သည် မတုန်လှုပ် သည်းခံနိုင်ရမည် ဖြစ်ပေသည်။

ပရိတ်ကြီး ၁၁ သုတ်တွင် ပထမဦးဆုံးသော သုတ်မှာ မင်္ဂလသုတ်ဖြစ်ပေသည်။ မင်္ဂလသုတ်တွင် ဂါထာပိုဒ်ရေ ၁၅ ပိုဒ်ရှိသည့်အနက် ၁၄ ပိုဒ်မြောက် ဂါထာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿ၊ နကမ္ပတိ၊ အသောကံ ဝိရာဇံ ခေမံ၊ ဧတံမင်္ဂလ မုတ္တမံ”

ပါဠိဘာသာဖြင့် ရေးသားထားသော အထက်ဖော်ပြပါ ဂါထာကို မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားသည့်အတိုင်း အောက်တွင်ဖော်ပြအပ်ပေသည်။

“လောကဓမ္မေဟိ ဖုဋ္ဌဿ လောကဓံတရား ၈ ပါးတို့နှင့်တွေ့သော ဝါ၊ လောကဓံတရား ၈ ပါးတို့က တွေ့ထိနှိပ်စက်အပ်သော်လည်း ယဿအကြင်  ရဟန္တာပုဂ္ဂိုလ်၏ ဝါ၊ အကြင်အကြားအမြင်နှင့် ပြည့်စုံသော ဘုရားတပည့်ပုဂ္ဂိုလ်၏ စိတ္တံ စိတ်သည် နကမ္ပတိ မတုန်လှုပ်၊ အသောကံ-စိုးရိမ်ပူဆွေးခြင်းလည်း မရှိ၊ ဝိရဇံ-ကိလေသာဟူသော မြူလည်း မရှိ၊ ခေမံ- ကြောက်မက်ဖွယ် ဘေးရန်လည်းမရှိ၊ ဧတံ-ဤစိတ်နှလုံး၏ မတုန်လှုပ်ခြင်း၊ မစိုးရိမ်ခြင်း၊ ကိလေသာ မြူကင်းစင်ခြင်း၊ ဘေးရန်ကင်းခြင်းသည် ဥတ္တမံ- မြတ်သော မင်္ဂလံ – ကြီးပွားချမ်းသာကြောင့် မင်္ဂလာမည်၏”

မင်္ဂလသုတ်ဒေသနာတော်အရ လောကဓံအကောင်းနှင့် တွေ့သည်ဖြစ်စေ၊ အဆိုးနှင့်တွေ့သည်ဖြစ်စေ ရဟန္တာတို့၏စိတ်သည် မတုန်လှုပ် သည်းခံနိုင်ရမည် ဖြစ်ပေသည်။ ရဟန္တာမဖြစ်သေးသော  သောတာပန်၊ သကဒါဂါမ် အနာဂါမ်တို့သည်လည်း အကြားအမြင်နှင့် ပြည့်စုံနေသည့်အတွက် အတော်အသင့် သည်းခံနိုင်လောက်ပြီဖြစ်သည်ဟူသော သောတာပန်အဆင့်ပင် မရောက်သေးသော သာမန်ပုဂ္ဂိုလ်တို့သည်လည်း လောကဓံတရားတို့ကို ရှုမှတ်ပြီး အတန်အသင့် ခံနိုင်ရည်ရှိရမည် ဖြစ်ပေသည်။ လောကဓံတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးဖြင့် ဆင်ခြင်လိုက်လျှင် သက်သာသွားမည် ဖြစ်ပေသည်။

ဤတွင် လောကဓံတရားရှစ်ပါးကို ဗုဒ္ဓဘာသာဝင်များ သိရှိနိုင်ရန်အတွက် အကျဉ်းမျှ တင်ပြလိုပေသည်။

  • ၁။ လာဘ- ပစ္စည်းဥစ္စာရခြင်း
  • ၂။ အလာဘ- ပစ္စည်းဥစ္စာမရခြင်း
  • ၃။ ယသ- အခြွေအရံများခြင်း
  • ၄။ အယသ- အခြွေအရံမရှိခြင်း
  • ၅။ နိန္ဒာ- အကဲ့ရဲ့ခံရခြင်း
  • ၆။ ပသံသာ- ချီးမွမ်းခံရခြင်း
  • ၇။ သုခ- ကိုယ်စိတ်ချမ်းသာခြင်း
  • ၈။ ဒုက္ခံ- ကိုယ်စိတ်ဆင်းရဲခြင်း

အထက်ဖော်ပြပါတို့မှာ ဗုဒ္ဓဘာသာဝင်တိုင်း လူတိုင်းသိထိုက်သည့် လောကဓံတရားရှစ်ပါးပင် ဖြစ်ပေသည်။

လောကဓံရှစ်ပါးတွင် မကောင်းတာ ၄ ပါး ရှိ၍၊ ကောင်းတာ ၄ ပါး ရှိပေသည်။ ကောင်းသော လောကဓံနှင့် တွေ့ကြုံကြရသောအခါ ဝမ်းသာရွှင်ပြကြ၍ မကောင်းသော လောကဓံနှင့် တွေ့သောအခါ  တုန်လှုပ်ကြရပေသည်။ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းလည်းလွယ်တတ်ပေသည်။ အမြဲ စိတ်ချမ်းသာမှုရှိလိုလျှင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်ပြီး လောကဓံတရားဟူသည်မှာ “ဘုရား ရဟန္တာများသော်မှ မရှောင်နိုင်သော တရားများပါတကား”ဟု သိရှိထားရန် လိုအပ်ပေသည်။

“လာဘ်ရခြင်း၊ မရခြင်း”နှင့် စပ်လျဉ်းပြီး တင်ပြလိုပေသည်။ စီးပွားဥစ္စာချမ်းသာသူများ၊ ပြည့်စုံကြွယ်ဝသူများ မည်ကဲ့သို့ သွားလာစားသောက် ဝတ်စားနေထိုင်ကြသည်ကို အထူးမတင်ပြလိုတော့ပါ။ ယခုခေတ် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး စသော မြို့ကြီးများနှင့် နယ်စပ်မြို့များတွင် ချမ်းသာကြသူများ ပစ္စည်းဥစ္စာပြည့်စုံသူများ မည်ကဲ့သို့ နေထိုင်စားသောက် ဝတ်စားသွားလာကြသည်ကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ကြသည်။ ချမ်းသာသူများ ရှိသလို ဆင်းရဲသူများလည်း ရှိကြသည်။ ချမ်းသာ၍ တစ်ချိန်တစ်ခါတုန်းက သစ်တောအရေးပိုင်အဆင့်ရှိခဲ့သူတစ်ဦးသည် အမှုအခင်းများကြုံတွေ့ပြီး ဒုက္ခဆင်းရဲများကို တွေ့ရသောအခါ နေ့စဉ်နေ့တိုင်းလိုလို ဘူးသီးကြော်၊ ပဲကြော်တစ်ခု၊ နှစ်ခုမျှဖြင့် နေ့လယ်စာ ညနေစာ ပြီးသွားရသည်ကို တွေ့ကြုံ ခဲ့ဖူးသည်။

တစ်ခေတ်တစ်ခါက ယုံကြည်ချက်အရ တောတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်စုသို့ ရောက်ရှိလာခဲ့ပြီး အလင်းသို့ဝင်ရောက်လာသောအခါ နံနက်ညနေ ထမင်းကို ငြုပ်သီးစိမ်း၊ ဆားတို့ဖြင့် သားသမီးတို့အား နေ့စဉ်ကျွေးမွေး နေထိုင်ခဲ့ရသူ တစ်ဦးကိုလည်း မြင်တွေ့ခဲ့ရဖူးသည်။ တရားမဝင်သော စီးပွားရေးဖြင့် မိသားစုတို့အား လုပ်ကျွေးနေသူတစ်ဦးသည် အခက်အခဲကြုံတွေ့၍ အဖမ်းအဆီးခံရသောအခါ ၎င်း၏ဇနီးသည်သည် ဟိုအိမ် ဒီအိမ်မှ ငါးပိရည်တို့စရာတို့ကိုပင် တောင်းယူပြီး သားသမီးတို့အား ကျွေးမွေးခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည်။ ပစ္စည်းဥစ္စာဟူသည် ရန်သူမျိုးငါးပါးကြောင့် ကုန်ဆုံးသွားနိုင်သကဲ့သို့ အလုပ်အကိုင် အဆင်မပြေသော အခါတွင်လည်း အားလုံးကုန်ဆုံးသွားနိုင်သည်။ သက်ရှိရော သက်မဲ့ပါ သင်္ခါရတရားတို့သာ ဖြစ်ကြသည်။ အနိစ္စတရားတို့သာ ဖြစ်ကြသည်။ “လာဘော၊ အလာဘော”ဟူသည်မှာ လူတိုင်းမကင်းနိုင်သော လောကဓံတရားပင်ဖြစ်သည်။

“ယသ-အယသ” အခြွေအရံများခြင်း၊ မများခြင်းတို့မှာလည်း မရှောင်ကွင်းနိုင်သောတရားတို့ပင်ဖြစ်သည်။ ရာထူး၊ ဋ္ဌာနန္တရရှိစဉ်က နေ့စဉ်မပြတ် အိမ်သို့ဝင်ထွက်လေ့ရှိကြသူများသည် မိမိတို့ ၏ အကြီးအကဲများ၊ ဆရာသမားများ၊ အငြိမ်းစားယူသွားသောအခါ၊ ရာထူးလက်မဲ့ဖြစ်သွားသောအခါ ဝင်ထွက်သွားလာလေ့မရှိကြပေ။ “ဂုဏ၊ ဝန္တေ၊ ပဿန္တိ၊ ဇနာ”ဟူသော စကားအတိုင်းဂုဏ်ရှိသူကိုမှ လူတို့သည် မှီဝဲသည် ဆည်းကပ်တတ်ကြသည်။ အမှန်စင်စစ် အခြွေအရံဟူသည်မှာလည်း အနိစ္စ၊ ဒုက္ခတရားနှင့် မကင်းကြပေ။ လင်နှင့်မယား၊ သား သမီးတို့သည်ပင် ရှင်ကြ၊ ကွဲကြရသည်လည်း ရှိ၍ သေကွဲကွဲကြရသည်လည်း ရှိကြသည်။ သားများနှင့်ခင်ပွန်းတို့ သေသောအခါ ပဋာစာရီသည် ရူးမတတ်ဖြစ်ခဲ့ရသည်။ ကလေးငယ်သေဆုံးသွားသောအခါ ကိသဂေါတမီသည် လူသေကလေးငယ်ကို မခွဲနိုင်၊ မခွာရက်ဖြစ်လျက်ရှိနေခဲ့သည်။ ယသ၊ အယသ၊ အခြွေအရံရှိခြင်း၊ မရှိခြင်းတို့သည် ဘာမျှမဟုတ်၊ လောကဓံတရားများပင် တကားဟု သိနားလည်သင့်သည်။ အခြွေအရံမရှိရုံမျှဖြင့် စိတ်ထား မငယ်သင့်ပါ။ ဤလောကသို့ တစ်ယောက်တည်း လာရောက်ခဲ့၍ တစ်ယောက်တည်း “အချိန်မှန်၊ အိမ်ပြန်”ရမည်ကို သတိထားသင့်သည်။ တရားတော်ကို ဆင်ခြင်နှလုံးသွင်းကြပေသည်။

“နိန္ဒာနှင့် ပသံသာ”လူ့သဘာဝမှာ အချီးမွမ်းခံရသည့်အခါလည်း အတိုင်းမသိ ဝမ်းမြောက်တတ်သည်။ အကဲ့ရဲ့ခံရသည့်အခါလည်း မိမိကိုယ်ကို မထိန်းနိုင်အောင် စိတ်ညစ် စိတ်ပျက်နေတတ်သည်။ “ချီးမွမ်းလည်း ၇ ရက်၊ ကဲ့ရဲ့လည်း ၇ ရက်” ဆိုသည်ကို နှလုံးမသွင်းဘဲ မေ့လျော့နေတတ်ကြသည်။ အမှန်စင်စစ် အချီးမွမ်းခံရခြင်းကို သဘောကျနေခြင်းသည် လောဘစိတ်ဖြစ်၍ ကဲ့ရဲ့ခံရသောအခါ စိတ်ညစ်၊ စိတ်ပျက်ခြင်းသည် ဒေါသ  စိတ်ဖြစ်သည်။ နှစ်ခုလုံးသည် အကုသိုလ်စိတ်များသာဖြစ်ကြသည်။ ကုသိုလ်စိတ်မဖြစ်ကြချေ။

ဣဿာ၊ မစ္ဆရိယများလှသော ဤခေတ်အခါတွင် ချီးမွမ်းသူတစ်ယောက်ရှိလျှင် ကဲ့ရဲ့သူ ၉ ယောက်မျှရှိမည်ကို သိထားသင့်သည်။ သိကြားမင်းက ကျွဲအယောင်ဆောင်၍ လူ့ပြည်ကို ဆင်းလာသော်လည်း ချိုကားသည်ဟု ပြောမည်သာဖြစ်သည်။ ထို့ကြောင့် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းကို မတုန်လှုပ်သင့်ပေ။ “ထာဝရမိတ်ဆွေလည်း မရှိ။ ထာဝရ ရန်သူလည်းမရှိ” ဟူသော စကားတစ်ရပ်ကို သတိချပ်သင့်သည်။ အချိန်ရလျှင် RUDYARD KIP-LING (1865-1936) ၏ IF (အကယ်၍) ဟူသော ကဗျာကို ဖတ်ရှုကြစေချင်ပါသည်။

နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဘဝက (၂၄-၁၁-၈၈)တွင် စည်းရုံးရေးတာဝန်ခံ(ယာယီ) လူငယ် ၁၄ ဦးအား စည်းရုံးရေး မဆင်းမီ၊ နှုတ်တက် ဩဝါဒပေးရာ၌ ၎င်းကဗျာအား ရွတ်ဆို အဓိပ္ပာယ်ပြန်ပြီး ရှင်းပြခဲ့ဖူးသည်။

သုခနှင့်ဒုက္ခ၊ မိမိလိုချင်သော အရာတွေကို အလိုရှိတိုင်းရသောအခါတွင် “ငါကား ချမ်းသာလေစွတကား”ဟုဆိုပြီး ဘဝကို ကျေနပ်နေတတ်ကြသည်။ “ချမ်းသာခြင်းသည်လည်း မမြဲခြင်းတရားပါတကား”ဟူသည်ကို မေ့လျော့သွားတတ်ကြသည်။ တာဝတိံသာကို ရောက်သွားသော နတ်သားတစ်ယောက်သည်ပင် နန္ဒဝန်ဥယျာဉ်အတွင်း ရောက်ရှိသွားပြီး ပျော်ပွဲများ ခံစားပြီးသောအခါ “နန္ဒဝန် ဥယျာဉ်ကို မတွေ့မမြင်သေးဖူးရင် ချမ်းသာကို မသိသေးဘူး” အားပါးတရ ဟစ်ကြွေးဖူးသည်ဟုဆိုသည်။ ချမ်းသာကို အထင်ကြီးပြီး မေ့လျော့ စည်းစိမ် ခံနေသောသူသည် ရုတ်တရက် ဒုက္ခနဲ့ တွေ့သောအခါ မနေတတ်၊ မထိုင်တတ် အကြီးအကျယ် စိတ်ဆင်းရဲခြင်း ဖြစ်ရတတ်ပေသည်။ “သူတစ်ယောက်တည်း ဆင်းရဲနေတယ်”ဟု ခံစားနေရတတ်သည်။ ချမ်းသာခြင်းသည်လည်းကောင်း၊ ဆင်းရဲခြင်းသည်လည်းကောင်း လောကဓံတရားများသာ ဖြစ်ကြ၍ အားလုံးသည် အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားဟူသော ဓမ္မနိယာမအတိုင်း ဖြစ်ပျက်နေကြခြင်းသာ ဖြစ်တော့သည်တကား ဟူသည်ကို မေ့လျော့လျက်ရှိတတ်သည်။

ဤနေရာတွင် မှတ်သားရလွယ်ကူစေရန် လောကဓံတရားနှင့် စပ်လျဉ်းပြီး ဒဂုန်ဦးထွန်းမြင့်၏ မင်္ဂလာကဗျာကလေးကို ဖော်ပြလိုက်ရပေသည်။

“ဆင်းရဲ ချမ်းသာ၊ သဘာဝဖို့

တွေ့ကြုံနေကြ လူတိုင်းပေ

ကောင်းဆိုးနှစ်တန် အစုံတွဲလို့

တစ်လဲစီလှဲ့ အမြဲနေ

လောကဓံကြုံ၊ မဖြုံတန်းပေါ့

မတုန်လှုပ်စမ်းနဲ့ စိတ်ခိုင်စေ

သောကကိုထိန်း၊ ရမ္မက်သိမ်း

အေးငြိမ်းချမ်းသာနေ

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ” ဤကဗျာမှာ ဤဆောင်းပါး၏အစပိုင်းတွင် ဖော်ပြထားသော ဖုဋ္ဌဿလောက ဓမ္မေဟိ အစချီသောဂါထာကို မြန်မာကဗျာဖြင့် ဖွင့်ဆိုထားခြင်းဖြစ်ပေသည်။

လူငယ်၊ လူရွယ်များအနေဖြင့် အလွတ်ကျက် မှတ်ထားသင့်ပေသည်။

အတွေ့အကြုံ အကြားအမြင် ဗဟုသုတ နည်းသူများမှာ လောကဓံတရားများနှင့် ကြုံတွေ့ရသောအခါ ခံနိုင်ရည်မရှိကြပေ။ အတွေ့အကြုံ၊ အကြားအမြင်၊ ဗဟုသုတများသူများကား လောကဓံတရားများနှင့် ကြုံတွေ့နေရသောအခါ ခံနိုင်ရည်လည်းရှိ၊ အမှန်အတိုင်းလည်း ဆင်ခြင်နိုင်ပြီး တုန်လှုပ်ခြင်းကင်းမဲ့စွာဖြင့် ဘဝကိုရင်ဆိုင်ခဲ့သူများ ဖြစ်ကြကြောင်း ရေးသားတင်ပြအပ်ပေသည်။

မောင်ဉာဏ်စိန်

ရည်ညွှန်းစာအုပ်များ

  • ၁။ လောကဓံတရားတော်(မဟာစည် ဆရာ တော်)
  • ၂။ ကိုယ်ကျင့်အဘိဓမ္မာ(အရှင်ဇနကာဘိဝံ သ)
  • ၃။ မင်္ဂလသုတ် (သုခ)
  • ၄။ IF (RUDYARD KIPLING)