ဘဝအိမ်ထောင် တွက်ရအောင်

မိမိထံ ရောက်ရှိလာကြသူ တော်တော်များ များပင် ဗေဒင်ပညာရပ်ကို စိတ်ပါဝင်စားကြပြီး ၎င်းတို့၏ ရှေ့ဖြစ်နောက်ဖြစ်ကို မေးလေ့မြန်းလေ့ရှိကြတယ်။ သည်အထဲမှာ အချစ်ရေးကိစ္စရပ်များကို အဓိကထား မေးမြန်းကြလေသည်။ ထိုအခါဝယ် ခင်မင်ရင်းစွဲဖြင့် မိမိလည်း လေ့လာဆည်းပူးထားသောပညာရပ်အပေါ် အခြေပြုလျက် ဟောပြောရလေသည်။

ဤတွင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ အိမ်ထောင်ရေးနယ်ပယ်အတွင်း သက်ဆင်းကြရလတ္တံ့သော လူငယ်လူရွယ်များအတွက် ရည်ရွယ်ကာ အိမ်ထောင်ရေးအဟောကို (ယေဘုယျသဘောဖြင့်) ရေးသားလိုက်ပါသည်။ ဦးစွာ မိမိ၏ မြန်မာမွေးသက္ကရာဇ်မှ (၁)ကို နှုတ်ရပါမည်။ ကျန်ရှိရလဒ်အား ၇ ဖြင့် စားပါက အကြွင်းများရလာပါလိမ့်မည်။ ထိုအကြွင်းပေါ်မူတည်၍ မိမိတို့၏ အနာဂတ်အိမ်ထောင်ရေးကို  ရန်ခုန်ခံစားနိုင်ကြလိမ့်မည်ဟု ယူဆပါသည်။

အကြွင်း (၁)ဖြစ်ပါက

မိမိထက် အသက်ကြီးသူနှင့် အိမ်ထောင်ကျတတ်ပြီး အိမ်ထောင်တစ်ဆက်သာ ဖြစ်ပါမည်။ အကယ်တန္တု မိမိထက်အသက်ငယ်သူနှင့် အိမ်ထောင်ကျပါမူ အိမ်ထောင်တစ်ဆက်ထက် ပိုပါလိမ့်မည်။

အကြွင်း (၂) ဖြစ်ပါက

ရည်းစားဦးပျက်တတ်ပြီး သစ္စာဖောက်ခြင်းခံရမည်။ မလည်မဝယ်နှင့် ညားတတ်ပြီး အိမ်ထောင်ဆက်များတတ်ပါသည်။

အကြွင်း (၃) ဖြစ်ပါက

အိမ်ထောင်တစ်ဆက်ဖြစ်ပြီး သာယာပါလိမ့်မည်။ အလိုရှိသူနှင့် ဖူးစာဖက်ရပြီး ကိုယ့်အပေါ် ကြင်နာမြတ်နိုးသူဖြစ်တတ်ပါသည်။

အကြွင်း (၄) ဖြစ်ပါက

အိမ်ထောင်ကျပါက မရှင်းမလင်းဖြစ်မည်။ အိမ်ထောင်ရေး မအေးချမ်းဘဲ ပြိုကွဲမည်။ ဇာတ်လမ်းတွဲ အသစ်တွေ ဖြစ်လာဖို့ရှိသည်။

အကြွင်း (၅) ဖြစ်ပါက

အိမ်ထောင်ဘက်များမည်။ တစ်ခုလပ်၊ အိမ်ထောင်ပျက်များနှင့် ဖူးစာဆုံရလိမ့်မည်။ အိမ်ထောင်ကျပြီးသော်လည်း သာယာမှု ကင်းမဲ့နေပါလိမ့်မည်။

အကြွင်း (၆) ဖြစ်ပါက

အိမ်ထောင်ရေး သာယာပါလိမ့်မည်။ မိမိအလိုရှိသောသူနှင့် ဖူးစာဖက်ရလိမ့်မည်။ ဖူးစာရှင်သည် ကိုယ့်အပေါ် အမြတ်တနိုးရှိမည်။ ဘဝ၌ အိမ်ထောင်ဘက်ကြောင့် ချမ်းသာပါလိမ့်မည်။ ခြောက်ပစ်ကင်းသဲလည်းစင်သူနှင့် ညားတတ်ပါ၏။

အကြွင်း (ဝ) ဖြစ်ပါက

တကယ့် အစစ်အမှန်နှင့် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ရေး ခိုင်မြဲပြီး သာယာပါလိမ့်မည်။ စိတ်ချမ်းသာမှုနှင့် ကြုံရလိမ့်မည်။ အိမ်ထောင်တစ်ဆက်တည်း ဖြစ်ပါသည်။

အဆိုပါ ယေဘုယျဟောကိန်းများကို အခြေ ပြုလျက် မိမိတို့ဘာသာ တွက်ချက်ပြီး ဟောကိန်း များဖတ်ရှုနိုင်ကြစေရန် အနှစ်ချုပ်တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဆရာမိုးဟန်ကြွယ်