အကြီးအကဲတွေနဲ့ ပြေလည်ပါစေ

ဒီနည်းလေးက အကြီးအကဲများနဲ့ အဆင်မပြေဖြစ်နေကြသောသူအားလုံး ဆောင်ရွက်နိုင်ကြောင်းပါခင်ဗျာ …။

တစ်နေ့မှာ ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်၊ ရဲရန်နိုင်လမ်းမှာ ဗေဒင်ဟောခန်းဖွင့်ထားတဲ့ ကျွန်တော့်ဆီကို ငယ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့မောင်မောင်ချောဆိုသူ ရောက်လာခဲ့ပါတယ်။ သူနဲ့က ငယ်သူငယ်ချင်းတွေ ဖြစ်ပေမယ့် မတွေ့ကြတာတောင် အတော်ကြာပါပြီ။

သူက “ဟေ့ကောင်ရေ …အပြစ်တင်ရင်လည်း ခံရမှာပဲ …၊ ငါလည်း ငါ့အလုပ်တွေနဲ့ငါ ဘယ်မှ မသွားဖြစ်ပါဘူးကွာ …၊ အခုတော့ မင်း ဗေဒင် ဟောနေတယ်ဆိုတာ ကြားရလို့ ငါ့မှာလည်း အရေး ပေါ်လာလို့ စုံစမ်းပြီး လာခဲ့တာဟေ့ …”လို့ ပြောပါတယ်။

ကျွန်တော်က – “အေးပါကွာ …၊ လက်ဖက်ရည် အရင် သောက်ပါဦး …” ဆိုပြီး သူ့ကို လက်ဖက်ရည်နဲ့ ဧည့်ခံရပါတယ်။ ပြီးတော့မှ – “မင်းကိစ္စကို ပြောစမ်းပါဦး …”လို့ မေးကြည့်တော့ မောင်မောင်ချောက – “ငါလည်း လူတော်တစ်ယောက်မဟုတ်ရင်တောင် လူကောင်းတစ်ယောက်လို့တော့ ငါ့ကိုယ်ငါ ယုံထားပါတယ်ကွာ …၊ အခု ငါလုပ်နေတဲ့အလုပ်မှာ ငါ အကောင်းဆုံးကြိုးစားပါတယ် …၊ အဲဒီလို ကြိုးစားတာကိုပဲ ငါ့အထက်လူကြီးနှစ်ယောက် သုံးယောက်က ငါဘာလုပ်လုပ် အမြင်မကြည်ဘူးဖြစ်နေတယ် …၊ ငါ့ဘဝက မုန့်ဝေတဲ့အလှည့်ဆိုရင် ဘယ်တော့မှမပါဘူး …၊ တုတ်ဝေတဲ့အလှည့်ဆိုရင်တော့ ရှေ့ဆုံးကပဲဟေ့ …၊ အဲဒါ မင်းတို့ပညာနဲ့ ကူညီ ပေးပါဦး …”လို့ ညည်းပြပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း သူ့ရဲ့ကိန်းခန်းအလိုက် ပြုလုပ်သင့်တဲ့ ယတြာလေးတွေကိုလည်း ပြောပြလိုက်တဲ့အပြင် – “ဒီလိုလုပ်ကွာ …၊ မနက်စောတိုင်း ဘုရားမှာ သပြေ ၂၁ ညွန့်ကပ် …၊ သောက်တော်ရေလည်း ကပ်ပြီးတော့ သမ္ဗုဒ္ဓေဂါထာတော်ကို မင်းရဲ့ သက်စေ့ရွတ်ပြီး အကြီးအကဲတွေ ကိုယ့်အပေါ် အမြင်ကြည်ပါစေ၊ အကြီးအကဲတွေနဲ့ပတ်သက်လာရင် အေးချမ်းအဆင်ပြေပါစေလို့ ဆုတောင်းကွာ …၊ ပြီးတော့မှ ဘုရားသောက်တော်ရေကိုစွန့်ပြီး မင်းရဲ့ဆံပင်ကိုသပ်၊ မျက်နှာသစ်ပြီး ထပ်ဆုတောင်းကွာ …၊ အဲဒီအတိုင်း ၂၁ ရက် ဆက်တိုက် လုပ်လိုက်စမ်းပါ …၊ မင်းရဲ့အကြီးအကဲတွေနဲ့ပတ်သက်လာရင် ပြေပြေလည်လည် အေးရာအေးကြောင်း ဖြစ်လာပါလိမ့်မယ် …” လို့ ပြောပြလိုက်ရပါတယ်။

အဲဒီနည်းလေးက အကြီးအကဲများနဲ့ အဆင်မပြေဖြစ်နေကြသောသူအားလုံး ဆောင်ရွက်နိုင်ကြောင်းပါခင်ဗျာ …။

မင်းဟန်ငွေ(အယူတော်မင်္ဂလာ)