တစ်နေ့တွင် ကျွန်တော်သည် အဘဆရာကြီး မင်းသိင်္ခ ရေးသားသော မနောမယမြသက်လယ်အမည်ရှိစာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေစဉ်တွင် မောင်သာဖေဆိုသော အိမ်နီးချင်း လေးတန်းကျောင်းသားလေးတစ်ဦး ရောက်ရှိလာပြီးလျှင် –
“ဘာစာအုပ်တွေ ဖတ်နေတာလဲ …”ဟု စပ်စုလေသည်။
ကျွန်တော်က – “ဂမ္ဘီရစာအုပ်ကွ …”ဟု ပြန်၍ ဖြေလိုက်လျှင် စပ်စုသော မောင်သာဖေက –
“အဲဒီဂမ္ဘီရဆိုတာက ဘာလုပ်ရတာလဲ”ဟု အမေးအမြန်း ထူလေသည်။
ကျွန်တော်က – “အလွယ်ပြောရရင်ကွာ …ကိုယ် တစ်ခုခု လုပ်တဲ့အခါ ပိုပြီးအဆင်ပြေအောင်ကံကောင်းအောင် လုပ်ရတဲ့နည်းတွေပေါ့ကွာ …”ဟု ပြန်၍ဖြေလိုက်သောအခါ စပ်စပ်စုစု မောင်သာဖေက –
“ပညာရေးမှာ စာကျက်ထားတာတွေ မေ့မသွားအောင်၊ စာမေးပွဲမှာပါအောင် လုပ်တဲ့နည်းရောပါလား …”ဟု မေးပြန်လေသည်။ ကျွန်တော်လည်း ထိုစာအုပ်မှ စာမျက်နှာ အချို့ကို လှန်လှော ရှာဖွေပြီးနောက် –
“အိုဝါးယီး … ဆိုတဲ့အသံလေးကို မှတ်ထားကွ …၊ ပညာရေးနဲ့ပတ်သက်လာရင် အဲဒါလေးကို ၂၂ ခေါက် ရွတ်လိုက်ကွ …၊ စာကျက်ခါနီးဆိုလည်း ရွတ်၊ စာမေးပွဲဖြေခါနီးဆိုလည်း ရွတ်ပေါ့ကွာ” ဟု ဖြေကြားလိုက်ရလေတော့သတည်း။