ဝါးလုံးပေါ်တွင် ဝက်ဝံရုပ်ကပ်၍ ဖက်အိပ်ရသောယတြာ – မင်းသိင်္ခ –

တစ်နေ့တွင် မိန်းကလေးတစ်ဦးက ကျွနု်ပ်ထံသို့ ရောက်လာလေ၏။ ထိုမိန်းကလေးပြောပြချက် အရ သူ၏ မိဘများ ဆုံးပါးသွားသောအခါ မိဘ၏ အမွေအနှစ်များကို အဒေါ်ဖြစ်သူက ထိန်းသိမ်းပေး ထားသည်ဟု ဆို၏။ သို့ရာတွင် အဒေါ်က တကယ်မပေးဘဲ ညစ်နေသည်ဟုဆို၏။

ကျွနု်ပ်လည်း ကောင်းကင်ဆီသို့ မျက်နှာကိုမော့ပြီး မျက်စိမှိတ်ကာ အာရုံတောင်းလိုက်လေ၏။ ထိုအခါ၌ လက် မောင်းလုံးလောက် အရွယ်ခန့်ရှိသော ဝါးလုံးပေါ်တွင် ဝက်ဝံပုံကလေး ကပ်၍ ထိုဝါးလုံးကို မိန်းကလေးကဖက်၍ အိပ်နေသည်ကို အာရုံထဲတွင် မြင်တွေ့ရလေ၏။

ကျွနု်ပ်လည်း ဝါးလုံးတစ်လုံးရှာပြီးလျှင် ထိုဝါးလုံး၌ ဝက်ဝံပုံကပ်၍ အိပ်ရန် ထိုမိန်းကလေးအား မှာကြားလိုက်လေ၏။ မိန်းကလေးသည် ထိုဝါးလုံးကိုဖက်၍ အိပ်လေ၏။ တစ်ပတ်ခန့်ကြာသောအခါ အဒေါ်ဖြစ်သူသည် ရှေ့နေရှေ့ရပ်ခေါ်၍ စာချုပ်စာတမ်းနှင့်အတူ ပေးစရာရှိသည့်ငွေများကို ထုတ်၍ ပေးသည်ဟု ဆို၏။

ထိုအချိန်မှစ၍ ကျွနု်ပ်သည် အမွေကိစ္စ ပေါ်ပေါက်လာသူများကို ဝါးလုံးတွင် ဝက်ဝံပုံကလေး ကပ်၍သာ ဖက်၍အိပ်ခိုင်းသည်ချည်း ဖြစ်၏။ ထိုသို့ပြုလုပ်တိုင်းလည်း ကြန့်ကြာနေသော အမွေများသည် ချောချောမောမော ရလေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ