အုန်းသီးထဲသို့ ကြက်သားထည့်၍ ဖွဲမီးဖြင့်ဖုတ်သော ဟင်းတစ်မျိုး

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့ အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာ ခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်း နေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာ ခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ထိုလူကြီးက

“ဟေ့ အောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်”ဟု နှုတ်ဆက်လိုက်လေ၏။

“ကိုပီတာကြီးကတော့ လုပ်ပြီ။ ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မောနင်းပေါ့။ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်ဒ်နိုက်ပေါ့ဗျာ”ဟု ကျွန်ုပ်က ပြောလိုက်ရာ ၄င်းက –

“မနေ့ညကတည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ ပြောတာ၊ ရောက်လာတာက ခုမှ ရောက်လာတာ၊ အဲဒါ ကြောင့် ဂွတ်ဒ်မောနင်းလို့ နှုတ်ဆက်တာ၊ နားရှင်းအောင် နားထောင်စမ်းပါ ကိုယ့်လူရာ” ဟု ကျွန်ုပ်အား အပြစ်တင်သော လေသံဖြင့် ပြောလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“ကဲပါ ကိုပီတာကြီးရယ်၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါ” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုပီတာကြီးက-

“ငါ့ဘဝမှာကကွာ သူများကျွေးမှ စားရတဲ့ ဘဝပါ။ အဲဒီတော့ ဖွယ်ဖွယ်ရာရာလည်း မစားတတ်ပါဘူး။ ကတ်သီးကတ်သပ်လည်း မစားတတ်ပါဘူး။ အဲဒီတော့ ဒီလိုလုပ်ကွာ အုန်းသီးရင့်ရင့်တစ်လုံးကို အဝလှပ်၊ ခုနစ်ဆယ်သားလောက်ရှိတဲ့ ကြက်ကို ခုတ်ထစ်ပြီး ငရုတ်သီး၊ ကြက်သွန်၊ ဆား၊ အဲဒါတွေနဲ့ နယ်ပေါ့ကွာ၊ ပြီးတော့ အဲဒီအုန်းသီးထဲ ပြန်ထည့်၊ အဖုံးနဲ့ပြန်ဖုံး၊ ရွံ့နဲ့မံကွာ၊ အဲဒီအုန်းသီးကို ဖွဲနှစ်တင်းလောက်နဲ့ မီးဖုတ်ကွာ၊ အုန်းသီးအပြင်က အကုန်လုံး ကျွမ်းကုန်လိမ့်မယ်၊ ပြီးတော့ အဲဒီအုန်းသီးထဲက ကြက်သားတွေက အုန်းသီးနှစ်တွေနဲ့ ကျက်နေလိမ့်မယ်၊ ပြီးတော့ ဇလုံကြီးထဲလောင်းချ၊ ထမင်းပူပူနဲ့ စားမယ်ကွာ”ဟု ပြောလေ၏။

“ဒါလောက် အုန်းသီးတွေများတာဗျာ။ သွေး တိုးလိမ့်မယ်”ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက –

“ကိုရင်လည်း သိသားပဲ။ ငါ့ကို ရပ်ကွက်တစ်ခုလုံးက အရူးစာရင်းထဲမှာ သွင်းထားကြတာ၊ အရူးပီတာလို့တောင် ခေါ်ကြတာ၊ တစ်ခု မင်းစဉ်းစားကြည့်၊ သွေးတိုးပြီးသေတဲ့ အရူး မင်းတွေ့ဖူးလား။ အရူးက ဘာစားစား သွေးမတိုးဘူးကွ၊ သူများတွေ ယင်ကောင်နားတဲ့ အစားအသောက်ကိုစားရင် ဝမ်းရောဂါဖြစ်တယ် မဟုတ်လား။ ငါတို့အရူးတွေက မဖြစ်ဘူးကွ၊ အရူးရောဂါတစ်ခုရပြီးကတည်းက သွေးတိုးလည်း မဖြစ်ဘူး။ ဝမ်းရောဂါလည်း မဖြစ်ဘူး။ ကျောက်ကပ်လည်း မဖြစ်ဘူး။ နှလုံးရောဂါလည်း မဖြစ်ဘူး။ နှလုံးရောဂါနဲ့သေတဲ့ အရူး မင်းတွေ့ဖူးလို့လား။ ဒီလိုကွ အရူးလက်မှတ်ရပြီးက တည်းက ကျန်တဲ့ရောဂါတွေ ပြီးသွားပြီ ထင်တယ်။ အဲဒီတော့ ငါပြောတဲ့အတိုင်းသာ ချက်ကျွေးစမ်းပါကွာ” ဟု ရှည်လျားစွာ ပြောလိုက်လေ၏။

ကျွန်ုပ်လည်း ၄င်းပြောသည့်အတိုင်း ကြက်သားနှင့် အုန် သီးကို စီမံရလေ၏။ အလုံးစုံပြီးသောအခါ၌ ဟင်းများကို ဇလုံကြီးထဲတွင်ထည့်၍ ကိုပီတာကြီးကို ကျွေးရလေ၏။ ကိုပီတာကြီးသည် မြိန်ရှက်စွာ စားသောက်နေ၏။ ထိုသို့ စားသောက်နေစဉ်တွင် ကျွန်ုပ်က ဟင်းအရသာနှင့် ပတ်သက်၍ စကားပြောလိုသောကြောင့် –

“ဒီလို ကိုပီတာကြီးရဲ့ …အရသာက ခြောက်ပါးရှိတယ်လေဗျာ” ဟု စကားစလိုက်လျှင် –

“ဘယ်ကသာ ခြောက်ပါးရမလဲ ကိုယ့်လူရာ …သူများက ခြောက်ပါးဆိုတာနဲ့ ခြောက်ပါးလိုက်ပြီး ပြောနေတာကိုး။ ကိုယ်ပိုင်ဉာဏ်နဲ့မှ မစဉ်းစားဘဲ”ဟု ကျွန်ုပ်အား ပြောရာ ကျွန်ုပ်က –

“ဘယ်နှပါးလဲဗျာ”ဟု မေးလိုက်လေ၏။

“ဒီလို ငါ့လူရ …မင်းပြောတဲ့ အရသာ ခြောက်ပါးက အချိုရယ်၊ အချဉ်ရယ်၊ အစပ်ရယ်၊ အငန်ရယ်၊ အခါးရယ်၊ အဖန်ရယ်၊ အဲဒါကို ပြောတာမို့လား။ အဲဒီတော့ မင်းကို ငါ တစ်ခုမေးမယ်။ လက်ဖက်ရည်အချိုကို အေးစက်နေတုန်း သောက်တာနဲ့ ပူပူနွေးနွေး သောက်တာနဲ့ အရသာချင်းတူသလား။ ရိုးရိုးသားသား ဝန်ခံကွာ၊ အဲဒီတော့ အပူ၊ အအေးကိုလည်း အရသာထဲ ထည့်ရမှာပဲကွ။ ပြီးတော့ ထမင်းကတော့ ထမင်းပေါ့ကွာ၊ ထမင်းပျော့ အရသာနဲ့ အမာအရသာနဲ့ အရသာမှာကွာလိမ့်မယ် ကိုယ့်လူရေ … အဲဒါကိုလည်း ဝန်ခံကွာ၊ အဲဒါဆိုရင်တော့ အမာ၊ အပျော့ကလည်း အရသာနှစ်ပါးပေါ့ကွာ …၊ အဲဒီတော့ စောစောက ပြောတဲ့ အရသာခြောက်ပါးရယ်၊ ငါထပ်ပြီး တိုးတဲ့ လေးပါးရယ် အရသာ ဆယ်ပါးဖြစ်နေပြီ။ ပြီးတော့ မင်းသိထားရမှာက စောစောက အရသာဆယ်ပါးထဲမှာ ဆိမ့်တယ်ဆိုတာ မပါဘူးကွာ …၊ အဲဒါပါ ထည့်လိုက်ရင် အရသာ ဆယ့်တစ်ပါး ဖြစ်သွားလိမ့်မယ်။ အခု ငါပြောတဲ့ စကားကို လက်ခံပြီဆိုရင်တော့ မင်းစကားကို ဆက်ပြောခွင့်ရှိတယ်။ လက်မခံဘူးဆိုရင်တော့ ငါနဲ့ ဆက်ပြီး ငြင်းမှာ”

ဟု ကိုပီတာကြီးက အကျပ်ကိုင်လေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဆက်၍လည်းမပြော၊ ၄င်းနှင့်လည်း ငြင်းခုံခြင်းမပြုဘဲ ဆိတ်ဆိတ်နေလိုက်ရလေတော့၏။

ကျွန်ုပ်သည် ကိုပီတာကြီး၏ စကားကို မကျေနပ်သောကြောင့် သုန်သုန်မှုန်မှုန်ကြီးဖြစ်နေ၏။ ကျွန်ုပ်၏မျက်နှာကိုကြည့်၍လည်း ကိုပီတာကြီးက –

“ကိုယ့်လူရဲ့မျက်နှာကလည်း သုန်သုန်မှုန်မှုန်ကြီးနဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ ရယ်ရယ်မောမောနေစမ်းပါ ကိုယ့်လူရယ်”
ဟုဆိုကာ ၄င်းကစ၍ တဟားဟား ရယ်လေ၏။ ကျွန်ုပ်၏ မျက်နှာကိုကြည့်၍လည်း ရယ်နေ လေ၏။ ကျွန်ုပ်လည်း ၄င်း၏ ရယ်ရွှင်မြူးထူးပုံကို မြင်သဖြင့် စိတ်ဆိုးပြေကာ ပြုံးလာမိလေ၏။ ထိုမှတစ်ဆင့် ရယ်မိလေတော့၏။ ထိုအခါ ကိုပီတာကြီးက –

“ကိုယ့်လူကို ပြောပြရဦးမယ်။ တစ်ခါတုန်းက တရုတ်ပြည်မှာ ထူးခြားတဲ့ သူတော်စင်သုံးဦးရှိခဲ့ဖူးတယ်။ အဲဒီသုံးဦးဟာ အတူနေတယ် …၊ အတူ စားတယ်၊ အတူသွားတယ်၊ ဘယ်တော့ပဲ ကြည့်ကြည့် အကြောင်းတစ်ခုနဲ့မဟုတ် တစ်ခုနဲ့ ဟက်ဟက်ပက်ပက် ရယ်နေတတ်ကြတယ်။ သူတို့တွေဟာ ဈေးရှိတဲ့နေရာတွေကို သွားတယ် …၊ ပြီးတော့ ဈေးဝမှာ သုံးယောက်သား မျက်နှာချင်းဆိုင်ပြီး ဗိုက်သား ကြွက်တက်လှုပ်ယမ်းလာတဲ့အထိ ရယ်ကြတော့တာပဲ။ ဈေးကိုလာတဲ့လူတွေဟာ သူတို့သုံးယောက်ကို ကြည့်ပြီး အူရွှင်လာတတ်ကြတယ်။ ပြီးတော့ ရယ်ချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ရယ်ကြတော့တာပဲ။ ရယ်လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ လေးလံနေတာတွေ ပေါ့သွားတော့တာပေါ့။ ပိတ်ဆို့နေတာတွေလည်း ပွင့်သွားတော့တာပေါ့။ လောကသစ်၊ အမြစ်သစ်ကို ဝင်ရောက်ခွင့်ရသွားတော့တာပေါ့။ ဟက်ဟက်ပက်ပက် ရယ်လိုက်တဲ့အခါမှာ ညစ်နွမ်းနေတဲ့စိတ်ဟာ ပုံပြောင်းသွားတယ်။ အဲဒီ အရယ်သန်တဲ့ သူတော်စင်သုံးဦးဟာ တရုတ်ပြည်တစ်ပြည်လုံးကို လှည့်လည်သွားလာခဲ့ပြီး လူတွေကို ရယ်မောစေခဲ့တယ်။ ဒေါသထွက်နေတဲ့ လူတွေကို ဒေါသပြေငြိမ်းစေခဲ့တယ် …၊ လောဘတက်နေတဲ့လူတွေကို လောဘနည်းစေခဲ့တယ်။ မနာလိုဝန်တိုမှုတွေနဲ့ ပြည့်လျှမ်းနေတဲ့လူတွေကို မုဒိတာပွားတတ်အောင် လုပ်ပေးခဲ့တယ် …၊ ဘယ်လိုလုပ်ပေးသလဲဆိုတော့ သူတို့နဲ့ ရောနှောပြီး ရယ်ပစ်လိုက်တာပါပဲ။ သူတို့ကို လူတိုင်းလိုလိုက သိကြပါတယ်။ တစ်နေ့မှာ ရွာတစ်ရွာအရောက်မှာ သူတို့ထဲက တစ်ယောက်ဟာ သေပါလေရော၊ အဲဒီ တော့ ရွာသူရွာသားတွေက ကျန်တဲ့နှစ်ယောက်ဟာ ရယ်နိုင်ပါ့မလားလို့ စောင့်ကြည့်ခဲ့တယ်။ ဒါပေမဲ့ ရယ်နေကြတာပါပဲ။ အဲဒီတော့ ရွာသူရွာသားတွေက
“တစ်ယောက်သေတာတောင် ကျန်တဲ့နှစ်ယောက်က ရယ်နိုင်သေးတယ်”လို့ ပြောတယ်။ ကျန်တဲ့ နှစ်ယောက်က ဘာပြန်ပြောသလဲဆိုတော့ “တို့ သုံးယောက်က ပြိုင်ပွဲလုပ်ထားတာ၊ ပထမသေတဲ့လူက အနိုင်လို့လုပ်ထားတာ၊ ခုသူနိုင်သွားပြီလေ။ ဒါကြောင့် သူ့ကိုယ်စား ဝမ်းသာလို့ ရယ်တာဟေ့” လို့ ပြန်ပြောပြီး ဟက်ဟက်ပက်ပက် ရယ်ကြပြန်လေ၏။

အဲဒီတော့ ရွာသူရွာသားတွေက “ကောင်းပါပြီလေ။ သေတဲ့လူကို မီးမသင်္ဂြိုဟ်ခင်မှာ ရေချိုးပြီး အဝတ်အစား လဲပေးရမယ်”လို့ ပြောတယ်။ အဲဒီတော့ ကျန်တဲ့နှစ်ယောက်က “မလုပ်ပါနဲ့ မသေခင်မှာ သူက မှာသွားတယ်။ သူသေရင် ရေမချိုးပါနဲ့တဲ့။ အဝတ်အစားလည်း မလဲပါနဲ့တဲ့။ မီးသာရှို့လိုက်ပါတဲ့” အဲဒီတော့ ရွာသူရွာသားတွေက ပြောတဲ့အတိုင်း လုပ်ကြရတာပေါ့။ သေတဲ့လူရဲ့ အလောင်းကြီးကို ထင်းပုံပေါ် တင်ပြီး အောက်ကလည်း မီးရှို့လိုက်ရော သေတဲ့လူရဲ့ အင်္ကျီအတွင်းမှဝှက်ပြီး ထည့်ထားတဲ့ မီးရှူးမီးပန်းတွေ ထပေါက်တဲ့အခါမှာ ကျန်တဲ့နှစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး ကကြတော့တာပဲ။

အဲဒီမှာ ရွာသားတွေလည်း မနေနိုင်ဘူး၊ ရယ်ကြ၊ မောကြ၊ ကခုန်ကြ လုပ်ကုန်တော့တာပါပဲ။ အဲဒီတော့ မသာဟာ မသာနဲ့မတူတော့ဘူး။ ပျော်ပွဲရွှင်ပွဲလို ဖြစ်သွားတယ်။ နှစ်သစ်ကူးပွဲတော်ကြီးလို ဖြစ်သွားတယ်။ သေသွားတဲ့လူဟာလည်း သေသွားတာနဲ့ မတူတော့ဘူး။ ဘဝသစ်တစ်ခုမှာ ပြန်လည်ရှင်သန်လာသလို ဖြစ်သွားတယ်။ အဲဒါ လုပ်ကြံပြီးပြောတာ မဟုတ်ဘူးနော်။ နှစ်ပေါင်းများစွာတုန်းက တရုတ်ပြည်က တကယ်ရှိခဲ့၊ ဖြစ်ခဲ့တာ၊ အဲဒီတော့ မောင်အောင်ထွန်းကို ကျုပ်က မှာချင်တာကတော့ စိတ်ညစ်နေသလား၊ ဗိုက်သားတွေ လှုပ်အောင် အားရပါးရ ရယ်ပစ်လိုက်ပါ။ ထွက်ပေါက်ပိတ်ပြီး အကြံရခက်နေသလား၊ မျက်ရည်ထွက်အောင် တအားရယ်ပစ်လိုက်ပါ။

ဘယ်လို အခက်အခဲတွေ တွေ့နေတွေ့နေ အဲဒီအခက်အခဲတွေကို ပုံပြောင်းသွားဖို့နည်းဟာ တအားရယ်ပစ်တဲ့နည်းပဲ ရှိတယ်။ အဲဒီလို ရယ်ဖြစ်ဖို့လည်း ဘာပစ္စည်းမှ မလိုဘူး။ ဘယ်သူ့အကူအညီမှလည်း မလိုဘူး။ ရယ်ချင်တဲ့အချိန်မှာ အားရပါးရ ရယ်နိုင်တဲ့ အခွင့်အရေး လူတိုင်းမှာ ရှိတယ်။ ကဲ မောင်အောင်ထွန်း၊ ငါသွားမယ်၊ ရယ်လိုက်စမ်း ပါ။ ဟား ဟား ဟား ဟား”
ဟု ရယ်မောပြောဆိုကာ ဦးပီတာကြီးသည် ကျွန်ုပ်၏ ကျောကုန်းကို လက်သီးဖြင့် ဘုန်းခနဲ ထု၍ ထွက်သွားလေတော့သတည်း။