မင်းသိင်္ခ

မင်းသိင်္ခ

မောင်မြတ်သူ အလုပ်ကြိုးစားရန်အတွက် ပြုလုပ်ပေးသောယတြာ

အဲဒီအတိုင်းသာ လုပ်လိုက်ရင် နင့်ယောကျာ်း မောင်မြတ်သူဟာ အလုပ်တွေ တအားကြီးလုပ်ရလိမ့်မယ်။ နင်ကတောင် ပြန်ပြီးဆွဲထားရလိမ့်မယ်

အိမွန်သူ ကျွန်ုပ်ထံသို့ ရောက်လာပြန်၏။ ထို့ကြောင့် ကျွန်ုပ်က – “ဆိုစမ်းပါဦး မိန်းကလေးရယ် ဘာဒုက္ဓပါ လာပြန်ပြီလဲ”ဟု မေးလိုက်ရာ ၄င်းက – “ဒီလိုပါအဘရယ်၊ ကိုမြတ်သူက အလုပ်ထွက်ချင်တယ်။ လခစားမလုပ်ချင်တော့ဘူး။ အလုပ်ထွက်ပြီးရင် ရန်ကုန်မြို့ထဲမှာ တိုက်ခန်းဝယ်မယ်၊ တယ်လီဖုန်းတပ်မယ်၊ ဖတ်စ်ရိုက်တဲ့စက်ဝယ်မယ်ပေါ့ အဘရယ်။ ပြီးရင် သူခရီးသွားလုပ်ငန်းဆိုပြီး တည်ထောင်မယ်ပေါ့။ ကားကတော့ ငှားပြီးသုံးမယ် အဘရေ။ လခစားလုပ်လို့ ကြီးပွားမှာ မဟုတ်ဘူးတဲ့။ ဒီလို အပြင်လုပ်ငန်းလုပ်မှ ကြီးပွားမှာတဲ့။ အဲဒီလို ပြောလို့ သမီးကလည်း ခွင့်ပြုလိုက်တယ်။

အလုပ်က ထွက်ပြီးတဲ့အခါ တိုက်ခန်းတွေ ဘာတွေဝယ်တယ်။ တယ်လီဖုန်းတွေဘာတွေ တပ်တယ်။ ဖက်စ်စက်တွေလည်း ထားလိုက်တယ်။ သူ့ခရီးသွားလုပ်ငန်းဆိုတဲ့ ဆိုင်းဘုတ်လည်းချိတ်လိုက်တယ်။ ကြော်ငြာပန်းဖလက်တွေ ဘာတွေလည်း ရိုက်ပြီးတော့ ကမ်းတယ်။ ခရီးသွားနှစ်အမီ လုပ်တာပေါ့။ ကိုမြတ်သူဟာ လခစားတုန်းက အလုပ်ကြိုးစားတယ်။ ကိုယ်ပိုင်လုပ်ငန်းလည်းကျရော အပျင်းခိုတော့တာပဲ။ သူ့ရုံးခန်းလည်းသူ မှန်မှန်မသွားဘူး။ အမြဲလိုလို ကျောခင်းနေတော့တာပဲ။ သမီးက မသွားဘူးလားလို့ မေးတဲ့အခါမှာ မိုးရွာတယ်၊ နေပူတယ်နဲ့ အမျိုးမျိုးဆင်ခြေတွေ ပေးတော့တာပါပဲ။ အဲဒီမှာ ချိတ်ထားတဲ့အလုပ်တွေ ချိတ်ပြုတ်ကုန်တော့တာပေါ့။ ကြာရင် ဒုက္ခရောက်တော့မယ်အဘ။ အဘ ပညာနဲ့ကယ်ပါဦး…”ဟု ပူဆာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က – “ဒါက ဒီလိုလုပ် မိန်းကလေးရဲ့။ စာကလေး ရောင်းတဲ့နေရာသွားပြီး စာကလေးတစ်ကောင် လွှတ်၊ မလွှတ်ခင်မှာ စာကလေးရင်ဘတ်ကို လက်နဲ့သပ်လိုက်၊ အမွေးနုကလေးတွေကို လက်ထဲမှာ လုံးပြီး အိမ်ကိုယူလာခဲ့။

အိမ်ရောက်တော့ မောင်မြတ်သူဝတ်ပြီး ပြန်ဝတ်ဖို့ ချိတ်ထားတဲ့ အင်္ကျီအိတ်ထဲကိုထည့်လိုက်၊ ထည့်တဲ့အခါမှာ အဲဒီ စာကလေးအမွေးလုံးကလေးကို ၃၇ ခေါက် မန်းရတယ်ကွယ့်၊ မန်းရတဲ့ဂါထာက ‘မြန်မြန်လုပ်ပါ ထမင်းရှင် ကျွန်မချစ်သောလင်’ အဲဒီအတိုင်းသာ လုပ်လိုက်ရင် နင့်ယောကျာ်း မောင်မြတ်သူဟာ အလုပ်တွေ တအားကြီးလုပ်ရလိမ့်မယ်။ နင်ကတောင် ပြန်ပြီးဆွဲထားရလိမ့်မယ်”ဟု ပြောလိုက်ရာ အိမွန်သူလည်း ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားပြီး ကျွန်ုပ်မှာသည့်အတိုင်း လုပ်လေတော့၏။ ထို့ကြောင့် မောင်မြတ်သူလည်း ယခင်ကကဲ့သို့ အပျင်းထူမနေတော့ဘဲ အလုပ်ကို လွန်စွာကြိုးစား လေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ