အ၀တ်မ၀တ်သည့် ရဟန္တာအယောင်ဆောင် ဗာဟိယ

ဗာဟိယသည် ဗာဟိယတိုင်းပြည်က ကုန် သည်တစ်ဦးဖြစ်သည်။ သူ့အမည်နှင့် သူ့တိုင်းပြည် အတူတူပင် ဖြစ်သည်။ ဗာဟိယသည် ပင်လယ်ကူး သင်္ဘောကြီးဖြင့် ပင်လယ်ရပ်ခြားနိုင်ငံများသို့ သွား ရောက် ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေခဲ့သည်။ ခုနစ် ကြိမ်တိုင်တိုင် အောင်မြင်ခဲ့ပြီးလည်းဖြစ်သည်။ ရှစ် ကြိမ်မြောက်တွင် သုဝဏ္ဏဘူမိဟုခေါ်သည့် အရပ်သို့ ဦးတည်ပြီး ကုန်အပြည့်ဖြင့် ထွက်လာခဲ့သည်။ ရှေးက ပင်လယ်ကူးသင်္ဘောသည် ရွက်သင်္ဘောသာဖြစ်သည်။ သုဝဏ္ဏဘူမိသည် မြန်မာပြည် သထုံမြို့ဟု ရှေးက လူများ ယူဆခဲ့ကြသည်။ ယခုအချိန်တွင် သုတေသီပုဂ္ဂိုလ်အချို့က ဆုမားတြားကျွန်းကြီးကို သုဝဏ္ဏဘူမိဟု ဆိုကြပြန်သည်။

ဗာဟိယ၏ ပင်လယ်ကူးသင်္ဘောကြီးသည် ပင်လယ်တွင်းရောက်ပြီး မုန်တိုင်းနှင့်တိုးတော့သည်။ မုန်တိုင်းဒဏ်ကြောင့် သင်္ဘောပျက်စီးသွားသည်။ သင်္ဘောပေါ်ပါလာသည့် လူအများသည် သေကျေ ပျက်စီးကုန်ကြသည်။ ဗာဟိယမှာ သေကံမရောက် သက်မပျောက်ဆိုသကဲ့သို့ သင်္ဘောပျက်က ပျဉ်ချပ် တစ်ခုရပြီး တွယ်ကပ်မျောပါနေခဲ့သည်။ လှိုင်းပုတ်၍ တဖြည်းဖြည်း ကမ်းစပ်သို့ရောက်လာသည်။ ကမ်း စပ်ရောက်ပြီး ခေတ္တအမောဖြေစဉ် ဆာလောင်လာ သည်။ ထမင်းဆာသည်နှင့် ထမင်းတောင်းစားရန် စဉ်းစားသည်။ ပင်လယ်ထဲ ပျဉ်ချပ်ဖြင့်မျောနေစဉ်က အဝတ်အစားများ ကျွတ်ကျန်နေရစ်ခဲ့သည်။ ဟိရီဩ တပ္ပလုံရုံ အဝတ်ကို ပြုလုပ်သည်။ မရိုးပင်က အတံ များကို လျှော်ဖြင့်ကွပ်ယက်ပြီး ဝတ်သဖြင့် သူ့ကို ဒါရုစီရိယ ဆိုသည့် ဂုဏ်ပုဒ်တစ်ခုတိုးကာ ဗာဟိယ ဒါရုစီရိယ ဟုခေါ်သည်။

ထိုကဲ့သို့ တုတ်ချောင်းအဝတ်ကိုဝတ်ပြီး နတ် စင်တစ်ခုက အိုးခွက်ဟောင်းတစ်ခုယူကာ သုပ္ပါရက သင်္ဘောဆိပ်ရွာတွင်းသို့ ထမင်းတောင်းသွားခဲ့သည်။ သုပ္ပါရက သင်္ဘောဆိပ်သည် ဘုံဘေကမ်းခြေတွင် တည်ရှိသည်။ ဘုံဘေမြို့၏ မြောက်ဘက်နမ္မဒါမြစ်၊ မြစ်ဝအရပ်တွင် သောပါရ (စောပါရ) ဟုခေါ်သည့် အရပ်ဖြစ်သည်။ ဤကဲ့သို့ တုတ်ချောင်းများ စီယက် ထားသည့် အဝတ်နှင့်အိုးခွက်စုတ်ကိုကိုင်ပြီးလာသည် ကို ထူးထူးဆန်းဆန်း မြင်ကြရသဖြင့် သုပ္ပါရက ရွာသားများလွန်စွာ အထင်ကြီးသွားကြသည်။

“ဪ..ဒီပုဂ္ဂိုလ်ကြီးဟာ တယ်ထူးပါသ လား။ သူများလို ရိုးရိုးအဝတ်ကိုလည်း မဝတ်ဘူး။ သူများလို စားခွက်ကောင်းကောင်းကိုလည်း မသုံး ဆောင်ဘူး။ ဧကန္တ ဒီပုဂ္ဂိုလ်ကြီးဟာ ရဟန္တာဖြစ် ဟန်တူတယ်”ဟု ချီးမွမ်းကြသည်။ တချို့ကလည်း ရဟန္တာကြီးဆိုပြီး အတိတလင်း ချီးမွမ်းကြသည်။ ထိုကဲ့သို့ချီးမွမ်းပြီး မွန်မြတ်သည့် စားစရာများကို လည်း အမြတ်တနိုး ပေးလှူပူဇော်ကြသည်။ အဝတ် အထည်ကောင်းများကိုလည်း ပေးလှူကြသည်။ ပန်း ကန်ကောင်း ခွက်ကောင်းများကိုလည်း ပေးလှူကြ သည်။

ဟိုရှေးခေတ်ကလူများသည် လွန်စွာအံ့ဩစ ရာကောင်းသည်။ အဝတ်မဝတ်သည့်လူကိုလည်း ရဟန္တာဟုထင်ကြသည်။ တုတ်ချောင်းများ စီယက်ပြီး ဟီရိဩတပ္ပလုံရုံဝတ်လာသည့် ဗာဟိယကိုလည်း ရဟန္တာဟုချီးမွမ်းပြီး ပူဇော်ကိုးကွယ်ကြသည်။ အကြောင်းအခြေအမြစ်ကိုလည်း မစူးစမ်းမဆင်ခြင်ကြ ပေ။ လွန်စွာ အံ့ဩဖွယ်ကောင်းသည့် လူများဖြစ် သည်။ ထို့ကြောင့် ရှေးယခင်က ဤကဲ့သို့ကိုးကွယ် လာကြ၍ ယခုအခါ အခြေအမြစ်မရှိသော ဘာသာ များလည်း ထွန်းကားနေရခြင်းဖြစ်သည်။ ထိုခေတ်က လူများပင်မဟုတ် ယခုခေတ်လူများထဲကလည်း တချို့ အနည်းငယ် ထူးဆန်းသည်ဆိုလျှင် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်လိုလို၊ ရဟန္တာဟုထင်ပြီး ယုံကြည်ကိုးကွယ်နေ သူများလည်း ရှိနေသေးသည်။

ထိုကဲ့သို့ရွာသားများက ရဟန္တာဟုချီးမွမ်းပြီး လှူကြပူဇော်ကြရာ ဗာဟိယ စဉ်းစားသည်။ “ငါ့ကို ရဟန္တာထင်ပြီး လှူကြပူဇော်ကြတာဟာ အဝတ်ကို မဝတ်တဲ့အတွက်ဘဲ။ ဒီတော့ သူတို့လှူတဲ့အဝတ်ကို လက်ခံပြီးဝတ်ဆင်ရင် အကြည်အညိုပျက်သွားလိမ့် မည်” ဟု စဉ်းစားပြီး စားဖွယ်များသာ လက်ခံသည်။ အဝတ်ကိုမူလက်မခံပေ။ မူလကတုတ်တံများစီ၍ရက် ထားသည့် အဝတ်ဖြင့်ပင် နေသည်။ ထိုအခါတွင် လူများက ပို၍အထင်ကြီးလာကာ ပို၍အရိုအသေပြု လှူဒါန်းပူဇော်ကြသည်။ မှန်ပေသည်။ ထူထူနန လူ များသည် ဤကဲ့သို့ အံ့ဖွယ်ကိုတွေ့လျှင် လွန်စွာ အထင်ကြီးတတ်ကြသည်။ ဗာဟိယကို လူများက ရဟန္တာ၊ ရဟန္တာဟု ချီးမွမ်းပြီး အရိုအသေပြုဖန်များ လာသော် သူကိုယ်တိုင်လည်း ရဟန္တာဟုပင်ထင်လာ တော့သည်။ “လောကမှာ ရဟန္တာဆိုတာ ငါလို ပုဂ္ဂိုလ်နဲ့တူတယ်”ဟု အထင်ကြီးလာသည်။ လူဆို သည်မှာ အများက ဝိုင်းပြောလျှင် ဇဝေဇဝါဖြစ်သွား တတ်သည်။ ဤကဲ့သို့ဖြစ်တတ်ပုံကို ဟိတောပဒေသ ကျမ်းတွင် ဒဏ္ဍာရီပုံပြင်လေးတစ်ခု တင်ပြထားပေ သည်။

ဗြဟ္မဏဆရာကြီးတစ်ယောက်သည် ယဇ်ပူ ဇော်ရန် ဆိတ်ကလေးတစ်ကောင် ဝယ်ယူလာသည်။လူပေလူတေတစ်စုကမြင်လျှင် ထိုဆိတ်ကိုအချောင် ရယူရန် အကြံထုတ်ကြသည်။ ဗြဟ္မဏဆရာကြီး လာမည့်လမ်းကစောင့်ပြီး ဆိတ်ကိုခွေးဖြစ်အောင် ပြောရန် အချင်းချင်းတိုင်ပင်ထားကြသည်။ ထို့နောက် အသီးသီး နေရာယူကြသည်။ ဗြဟ္မဏဆရာကြီး ရောက်လာလျှင် ပထမဆုံးနေရာတွင် စောင့်နေသူက “ဗျို့ဆရာကြီး ခွေးကိုဘာလုပ်ဖို့ထမ်းလာသလဲဗျ” ဟု ပြောသည်။ ထိုအခါ ဆရာကြီးက “ဟေ့ကောင် ငါထမ်းလာတာ ခွေးမဟုတ်ဘူး၊ ဆိတ်ကွ၊ ယဇ်ပူဇော် ဖို့ဝယ်လာတာ ဆိတ်ပဲ၊ ဘယ်ကခွေးဟုတ်ရမှာလဲ” ဟု ခပ်တင်းတင်း ငေါက်ပြီးပြောလိုက်သည်။

ရှေ့ဆက်သွား၍ တောစပ်တစ်ခုအရောက်တွင် လူတစ်စုက ထွက်လာ၍ ပြောပြန်သည်။ “ဟာ ဆရာကြီးနှယ် အံ့ဩစရာပါပဲ။ လွန်စွာအမျိုးဇာတ်မြင့် တဲ့ ဗြဟ္မဏဆရာကြီးဖြစ်ပါလျက်နဲ့ ယုတ်ညံ့တဲ့ခွေး ထမ်းလာတာဟာ သိပ်အံ့ဩစရာကောင်းတာပဲ။ ခွေး ကို ဘာလုပ်ဖို့ထမ်းလာပါလိမ့်”ဟု တစ်ယောက်တစ် ခွန်း ဝိုင်း၍ပြောကြပြန်သည်။ ထိုအခါ ဗြဟ္မဏဆရာ ကြီးမှာ ဇဝေဇဝါအနည်းငယ်ဖြစ်လာသည်။ “ခုနက လူတစ်ယောက်လည်း ငါ့ဆိတ်ကို ခွေးလို့ပြောတယ်။ ခွေးများဖြစ်နေလေသလား ကြည့်ဦးမှပဲ”ဟု စဉ်းစား ၍ ဆိတ်ကို မြေကြီးပေါ်ချကြည့်သည်။ ဆိတ်၏နား ရွက်ကလေးများကို ပွတ်သပ်ကြည့်ပြီးလျှင် “ဟင် … ငါ့ဥစ္စာ ခွေးမဟုတ်ပါ့ဘူး၊ ဆိတ်ပါပဲ”ဟုဆို၍ ထမ်း သွားပြန်သည်။

နောက်တစ်ခါတောစပ်တစ်ခုရောက်ပြန်လျှင် လူတစ်စုက ဗြဟ္မဏဆရာကြီးကို လက်ခုပ်လက်ဝါး တီး၍ ပြောင်လှောင်ကြရယ်မောကြသည်။ “ဟေ့ ကြည့်စမ်း …အံ့ဩစရာသိပ်ကောင်းတာပဲ။ အမျိုး ဇာတ်မြင့်တဲ့ဗြဟ္မဏဆရာကြီးဖြစ်ပါလျက် အလွန်ယုတ်ညံ့တဲ့ ခွေးကြီးထမ်းလာလိုက်တာ သိပ်ပြီး အံ့ဩစရာကောင်းတာပဲ”ဟုဆိုပြီး လက်ခုပ်လက်ဝါး တီး လှောင်ပြောင်ကြသည်။ ဤတွင်ဗြဟ္မဏဆရာ ကြီးမှာ “ဟုတ်ပုံရပါပြီ။ ပထမလူကလည်း ငါ ထမ်းလာတာကို ခွေးလို့ပြောတယ်။ ဒုတိယ လူ တစ်စုကလည်း ခွေးလို့ပဲ ပြောကြတယ်။ အခု ဒီလူစုကလည်း ခွေးလို့ပဲ ပြောကြပြန်တယ်။ ငါထမ်း လာတာ ဆိတ်ဖြစ်ပုံမရဘူး။ ခွေးပဲ ဖြစ်ပုံရတယ်။ ကဲ သွားရော့ …ခွေးကြီး”ဟုဆို၍ ဆိတ်ကို လွှင့်ပစ် လိုက်တော့သည်။ ထို့နောက် ခရီးဆက်သွားခဲ့သည်။ ထိုဆိတ်ကို လူပေလူတေတစ်စုက သတ်၍ ချက်စား လိုက်ကြသည်။ ဤသည်မှာ ပညာရှိပေမယ့် လူ အများက ဝိုင်းပြောလျှင် ဇဝေဇဝါဖြစ်တတ်ပုံကို ဟိတောပဒေသကျမ်းက ဆုံးမထားသည့်ဒဏ္ဍာရီပုံ ပြင်ဖြစ်သည်။

ဗာဟိယက သူ့ကိုယ်သူ ရဟန္တာဟုထင်နေ ခြင်းသည် ဤကဲ့သို့ ပုံစံမျိုးပင်ဖြစ်သည်။ လူအများ က သူ့ကိုရဟန္တာဟု ဝိုင်းကာချီးမွမ်းကြသည်နှင့် သူကလည်း တကယ်ထင်လာခြင်းဖြစ်သည်။ ယခု ကာလတွင် အများက ဝိုင်း၍ချီးမွမ်းကြသည်နှင့် အထင်ကြီးနေသည့် သူများလည်းရှိနိုင်ပေသည်။ သတိပြုစရာပင် ဖြစ်သည်။

ဗာဟိယ အထင်ကြီးနေပုံ အထင်မှားနေပုံကို သုဒ္ဓါဝါသဗြဟ္မာကြီးကမြင်သည်။ မြင်၍ ဤသို့ဆင် ခြင်သည်။ “ဪ … ငါ့မိတ်ဆွေ လမ်းမှားနေပါသလား။ ဟိုကဿပဘုရားရှင်လက်ထက် တောင်ပေါ်မှာ တရား အားထုတ်ကြစဉ်က ငါ့မိတ်ဆွေဟာ ရဟန္တာမထေရ်က ကျွေးတဲ့ အင်မတန်စင်ကြယ်တဲ့ ဆွမ်းကိုတောင် မစားဘဲနဲ့ တရားကိုသာ အားထုတ်ခဲ့တယ်။ အနာဂါမ် မထေရ်က ကျွေးတဲ့ဆွမ်းကိုလည်း သူလက်မခံခဲ့ဘူး။ ယခုတော့သူဟာ ရဟန္တာမဟုတ်ပါဘဲနဲ့ ရဟန္တာလိုချီး မွမ်းပူဇော်ကြတာကိုလည်း လက်ခံနေတယ်။ ရဟန္တာ လို့လည်း သူ့ကိုယ်သူ အထင်လွဲပြီး အထင်ကြီးနေ တယ်။ အင်မတန်မှားနေပြီ။ တော်တော်ကြာရင် လည်း လူဟာ သေရရှာတော့မယ်။ သေဖို့ရာအချိန် လည်း သူ့မှာနီးကပ်နေပါပြီ။ ငါသွားပြီးအကူအညီ ပေးဦးမှပဲ” ဟု ဆင်ခြင်ပြီး ဗာဟိယဒါရုစီရီယထံ လာခဲ့သည်။ ညအခါတွင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကောင်းကင်ဝယ်ရပ်တည်ပြီး –

“ဟေ့ ဗာဟိယ … မင်းဟာ မင်းကိုယ်မင်း ရဟန္တာလို့ ထင်နေတယ်။ အမှန်ကတော့ ရဟန္တာ လည်း မဟုတ်ဘူး။ ရဟန္တာဖြစ်အောင် ကျင့်ရတဲ့ အကျင့်လည်း မင်းမှာမရှိဘူး”ဟု တဲ့တိုးပြောလိုက်သည်။

ထိုအခါ ဗာဟိယက စဉ်းစားသည်။ “အင်း ဟုတ်သားပဲ၊ ငါဟာ ရဟန္တာဖြစ်အောင် ဘာအကျင့်မှ မကျင့်ရသေးဘူး၊ သင်္ဘောပျက်လို့ ပင်လယ်ရေ ကြော မျောလာခဲ့တယ်၊ ကမ်းပေါ်ရောက်တော့ အ ဝတ်မရှိလို့ တုတ်တံကလေးတွေကို လျှော်နဲ့ဆက်ပြီး ဝတ်တယ်။ အဲဒီတုတ်တံအဝတ်နဲ့ ထမင်းသွားတောင်း တယ်။ အဲဒါကိုလူတွေက အထင်ကြီးပြီး ရဟန္တာလို့ ချီးမွမ်းကြတယ်။ ဒါပဲ၊ ဒါတွေဟာ ရဟန္တာဖြစ်ဖို့ အကျင့်မဟုတ်ဘူး၊ ဒီတော့ ငါရဟန္တာမဟုတ်ပါဘဲနဲ့ ရဟန္တာလို့ ဝန်ခံနေတာဟာ အလွန်မှားနေတာပဲ”ဟု စဉ်းစားရင်း သံဝေဂရလာသည်။ ထို့ကြောင့် သူက “အရှင်ဗြဟ္မာကြီး ဒီလိုဆိုရင် လောကမှာ ရဟန္တာ အစစ်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာရှိပါသလား၊ ဘယ် အရပ်မှာရှိပါသလဲ”ဟုမေးပါသည်။ “ဒီသုပ္ပါရက သင်္ဘောဆိပ်အရပ်မှ အရှေ့မြောက်အရပ်ဒေသမှာ ကောသလတိုင်းပြည်ဆိုတာရှိတယ်။ အဲဒီတိုင်းပြည် မှာ သာဝတ္ထိမြို့အနီး ဇေတဝန်ကျောင်းဆိုတာရှိတယ်။ အဲဒီဇေတဝန်ကျောင်းတော်မှာ သာကီဝင်မင်းမျိုးက ပွင့်ထွန်းလာတဲ့ ဂေါတမဘုရားဆိုတာ ရှိတယ်။ အဲဒီ ဂေါတမဘုရားဟာ ကိလေသာကင်းတဲ့ ရဟန္တာလည်း အစစ်အမှန်ဖြစ်တယ်။ ရဟန္တာဖြစ်စေနိုင်တဲ့ အကျင့် လမ်းကိုလည်းဟောကြားညွှန်ပြနေတယ်”ဟု ဗြဟ္မာ ကြီးက ပြောပြသည်။ ဗာဟိယသည် လွန်စွာ ထိတ် လန့် သံဝေဂများ ဖြစ်ကာ ချက်ချင်းပင် ဘုရားထံသို့ သွားတော့သည်။

သုပ္ပါရက သင်္ဘောဆိပ်မှ သာဝတ္ထိပြည်သို့ ယူဇနာ ၁၂၀ ရှိသည်ဟု ဗာဟိယသုတ်အဋ္ဌကထာ တွင် ဆိုထားပါသည်။ တစ်ယူဇနာ ၁၃ မိုင်ခန့်ရှိ သည်။

ဇေတဝန်ကျောင်းတော်သို့ရောက်သည့်အခါ မြတ်စွာဘုရားရှင် သာဝတ္ထိမြိုထဲ ဆွမ်းခြွံကနေခိုက် ဖြစ်သည်။ ဗာဟိယ အလျင်လိုသည်နှင့် သာဝတ္ထိမြို့ ထဲသို့ လိုက်သွားသည်။ မြတ်စွာဘုရားအားဖူးတွေ့ရ သည့်အခါ ဝမ်းမြောက်ဝမ်းသာ ကြည်ညိုပီတိနှင့် သဒ္ဓါများ အလွန်အကဲဖြစ်ပြီး မြတ်စွာဘုရားကိုရိုသေ စွာ ကန်တော့ပါသည်။ ထိုသို့ကန်တော့ပြီး တရား ဟောရန် တောင်းပန်သည်။ ထိုအခါ သူ့တွင် ဝမ်း မြောက်ကြည်ညိုမှုများ အလွန်အကဲ ဖြစ်နေသည်က တစ်ကြောင်း၊ ခရီးပြင်းနှင်လာသဖြင့် မောပန်းနေ သည်ကတစ်ကြောင်း၊ ထိုအကြောင်းများကြောင့် တ ရား ဟောရန်မသင့်ကြောင်း သိတော်မူသည့်အတွက် မြတ်စွာဘုရားက “ဆွမ်းခံနေဆဲဖြစ်တယ်၊ တရား ဟောချိန် မဟုတ်ဘူး”ဟု ပစ်ပယ်တော်မူပါသည်။  ဗာဟိယကလည်း သုံးကြိမ်တိုင်တိုင်ပင်ထပ်၍တောင်း ပန်သည်။ ထို့ကြောင့် မြတ်စွာဘုရားက အချိန်လည်း ကျနေသည်နှင့် အကျဉ်းချုပ်ဩဝါဒတရားကို ဟော ကြားတော်မူသည်။

 

တသ္မာတိဟတေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ၊

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတေမ တ္တံ ဘဝိဿတိ၊

မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိ ညာတမတ္တံ ဘဝိဿတိ

 

စသည်ဖြင့် ဟောကြားတော်မူပါသည်။

အနက်အဓိပ္ပာယ်အတိုချုပ်မှာ မြင်သည် မြင်ရုံမျှ တည်ရှုပါ။ ကြားသည်ကြားရုံမျှ တည်ဆောက်၊ နံသည်နံရုံမျှ တည်ဆောက်၊ စားသည်စားသည်မျှ တည်ဆောက်၊ ထိသည်ထိရုံမျှ တည်ဆောက်၊ ကြံသိသည် ကြံသိရုံ မျှတည်ဆောက်ရှုဟု ဆိုလိုသည်။ ဗဟိယသည် ထိုအကျဉ်းချုပ်တရားကို ကြားနာနေရင်းရှုမှတ်ပြီး ဝိပဿနာဥာဏ်၊ မဂ်ဥာဏ်များ အစဉ်အတိုင်းတက် ကာ ရဟန္တာဖြစ်သွားသည်။ အလျင်အမြန် မဂ်Óာဏ် ဖိုလ်ဥာဏ်ရသည့် ခီပ္ပါဘိညပုဂ္ဂိုလ်များတွင် ဧတဒင်္ဂ ဘွဲ့ထူးရသည်။ အမြတ်ဆုံးပုဂ္ဂိုလ်လည်းဖြစ်ပေသည်။

ရဟန္တာဖြစ်ပြီးနောက် ရဟန်းပြုရန် သင်္ကန်းသွားရှာနေစဉ် ဘဝဟောင်းမှ ရန်ငြိုးပါလာသည့် ဘီလူးမက သားငယ်ရှိသည့် နွားမယောင်ဆောင်ပြီး ဝှေ့သတ်လိုက်သဖြင့် အရှင်ဗာဟိယဒါရုစီရိယသည် ပရိ နိဗ္ဗာန်စံတော်မူရသည်။

မှီငြမ်း – မဟာစည်ဆရာတော်ကြီး၏ ပုံဝတ္ထု တို့ဖြင့် ပြောပြသော အဆုံးအမများ

 

မောင်မောင်မိုးအောင်

(စာပေဗိမာန်စာမူဆုရ)