မကောင်းမှုကံ၏ မကောင်းကျိုးများ ခံစားနေရသော ပြိတ္တာများ

လူတို့သည် ရာဇဝတ်မှုမကင်းသည်များ ပြုမိလျှင် မျက်မှောက်ဘဝတွင်လည်း မကောင်းကျိုးများ ကို အကြီးအကျယ် ခံစားရတတ်သည်။ မျက်မှောက် ဘဝတွင်လည်း မခံစားရသည့်တိုင် နောင်သံသရာ ဘဝများတွင် ပြုလုပ်ထားသည့် မကောင်းမှုကံ၏ မကောင်းကျိုးများကို အကြီးအကျယ် ခံစားရတော့ သည်။ ထိုအကြောင်းအရာသည် အရှင်မဟာမောဂ္ဂ လာန် တွေ့မြင်ရသည့် ပြိတ္တာများ၏ ဝတ္ထုများဖြင့် ထင်ရှားခဲ့သည်။

 

အရိုးစုပြိတ္တာ

မြတ်စွာဘုရားလက်ထက်တော် ကာလက ဖြစ်သည်။ မြတ်စွာဘုရား ရာဇဂြိုဟ်မြို့သို့ရောက်ရှိ ခါစနှစ်တုန်းက အရှင်လက္ခဏ မထေရ်နှင့် အရှင် မဟာမောဂ္ဂလာန် မထေရ်တို့သည် ရာဇဂြိုဟ်မြို့၏ မြောက်ဘက် တစ်ဆက်တည်းတည်ရှိနေသည့် ဂိဇ္ဈကုဋ်တောင်တွင် သီတင်းသုံးနေကြသည်။ တစ်နေ့သောအခါ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံရန် ထိုတောင်ပေါ်မှ ဆင်းလာကြသည်။ ထိုသို့ဆင်းလာ စဉ် လမ်းခုလတ်တွင် အရှင်မဟာမောဂ္ဂလန်က အဘိညာဉ်မျက်စိဖြင့် အရိုးစုပြိတ္တာတစ်ကောင်ကို တွေ့မြင်ရသည်။ ထိုပြိတ္တာသည် လင်းတများ၊ ကျီးများ၊ စွန်များက လိုက်ပြီး နံရိုးကြားထဲက အူ၊ အသည်းစသည်များကို ထိုးကြဆိတ်ကြသဖြင့် လွန် စွာ နာကျင်သည့်အတွက် ကျယ်ကျယ်လောင်လောင် ဟစ်အော်မြည်တမ်းပြီး ကောင်းကင်ဝယ်ပြေးလွှားနေ သည်။ ထိုအချင်းအရာကို လူတို့၏ ပကတိမျက်စိ ဖြင့် မမြင်နိုင်ပေ၊ အဘိညာဉ်မျက်စိဖြင့်သာ မြင် နိုင်ပေသည်။

ထိုကဲ့သို့ လိုက်ခံထိုးဆိတ်နှိပ်စက်နေကြသည့် လင်းတများ၊ ကျီးများ၊ စွန်များသည် ရိုးရိုးမဟုတ်ပေ။ ဘီလူးများ ဖြစ်သည်ဟု အဋ္ဌကထာတွင် ပြဆိုထား သည်။ ထိုပြိတ္တာဘဝကိုမြင်ရသည့် အရှင်မောဂ္ဂလာန် မှာ ထိုပြိတ္တာမျိုးကိုဖြစ်စေနိုင်သည့် ကိလေသာနှင့် ကံများ မိမိတွင် မရှိတော့ဘူးဟု ဆင်ခြင်မိသည့် အတွက် ပီတိသောမနဿများဖြစ်ပြီး ပြုံးမိခြင်းဖြစ် သည်။ ရဟန္တာဟူသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်လှမှ ပြုံးရုံလောက်သာ ပြုံးလေ့ရှိပါသည်။ အသံ များ ကျယ်လောင်စွာ ထွက်အောင်ရယ်သည်ဟု မရှိ ပါ။ ထိုကဲ့သို့ အရှင်မဟာမောဂ္ဂလာန် ပြုံးသည်ကို အရှင်လက္ခဏ မထေရ်မြင်တွေ့သဖြင့် အဘယ် ကြောင့်ပြုံးပါသလဲဟု မေးသည်။ ရဟန္တာဟူသည် လေးနက်သည့်အကြောင်းမရှိဘဲ ပြုံးရိုးမရှိပေ။ ထို့ ကြောင့်ပင် ထိုအကြောင်းကိုသိချင်သဖြင့် မေးပေ သည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်က မြတ်စွာ ဘုရားရှေ့တော်ရှေ့တော်ကျမှ ထိုအကြောင်းကိုမေး ပါဟု ပြန်ပြောသည်။

ဆွမ်းခံပြန်၍ ဆွမ်းကိစ္စပြီးသည့်နောက် မြတ်စွာဘုရား၏ မျက်မှောက်သို့ ရောက်သည့်အခါ အရှင်လက္ခဏာ မထေရ်မြတ်က အရှင်မဟာမောဂ္ဂ လာန်ပြုံးခြင်း၏ အကြောင်းကိုမေးပါသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်က ဤသို့ပြောကြားပါသည်။

“ငါ့ရှင်လက္ခဏာ …ငါဟာ သင်နှင့်အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းနေစဉ်မှာ အရိုးစုပြိတ္တာ တစ်ကောင် ကောင်းကင်မှာ ပြေးလွှားနေတာကို တွေ့ရတယ်။ အဲဒီပြိတ္တာကို လင်းတတွေ၊ ကျီးတွေ၊ စွန်တွေက နောက်မှလိုက်ပြီး နံရိုးအကြားတို့မှ အူ အသည်း စသည်တွေကို နှုတ်သီးတို့ဖြင့်ထိုးကြဆိတ် ဆွကြတယ်။ အဲဒီပြိတ္တာက မခံမရပ်နိုင်အောင် နာကျင်လွန်းလို့ ကျယ်ကျယ်လောင်လောင်ဟစ်အော် မြည်တမ်းနေတယ်။ အဲဒါကို မြင်ရတဲ့အတွက် ဒီလိုဆင်ခြင်မိတယ်။ ဪ ဒီလိုထူးဆန်းတဲ့သတ္တဝါ လည်း ဖြစ်မှဖြစ်ပါပေရဲ့”လို့ ဆင်ခြင်မိတယ်ဆိုတဲ့ အကြောင်း ပြောကြားပါတယ်။ အဲဒီအခါ မြတ် စွာဘုရားက –

“ရဟန်းတို့ ငါ၏သာဝကတို့သည် ဥာဏ် မျက်စိရှိကြပါပေစွ၊ ဤသို့သော သတ္တ ဝါတွေကို မြင်တွေ့ပြီး ငါ၏သက်သေအရာ တည်ကြ ပါပေစွ။ ငါဘုရားသည် ထိုပြိတ္တာသတ္တဝါကို ဗောဓိပင် အောက် ရတနာပလ္လင်ထက်၌ နေတော်မူစဉ် ရှေးအ ခါကပင် မြင်တွေ့ခဲ့ပြီ။ သို့သော် မယုံကြည်သူတို့အား အကုသိုလ် မဖြစ်ပွားစေရန်အလို့ငှာ ထိုသတ္တဝါအ ကြောင်းကို မပြောကြားဘဲ နေခဲ့ပေသည်။ ရဟန်းတို့ မောဂ္ဂလာန် တွေ့ရှိခဲ့သော ထိုပြိတ္တာသတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် နွားသတ်သမားဖြစ်ခဲ့ပေသည်။  ထိုနွားသတ်မှုအကုသိုလ်ကံကြောင့် အနှစ်သိန်းပေါင်း များစွာ ငရဲ၌ကျခံခဲ့ရပြီးပြီ။ ယခုအခါ ထိုအကုသိုလ် ကံ၏အကျိုး အြွကင်းအကျန်အဖြစ်ဖြင့် ဤသို့သော အရိုးစုပြိတ္တာဖြစ်၍ ဆင်းရဲခံနေရလေသည်” ဟု မိန့် တော်မူသည်။

ထို့နောက် မြတ်စွာဘုရားကိုယ်တော်တိုင် မြင်တွေ့ပြီးဖြစ်သော်လည်း သက်သေမရှိလျှင် အချို့ က အထောက်အထားမရှိဟုဆိုကာ ပယ်ကြပေမည်။ ထိုပုဂ္ဂိုလ်များ အကုသိုလ်မဖြစ်စေလိုသည့်အတွက် မပြောကြားဘဲ နေခဲ့သည်။ အရှင်မဟာမောဂ္ဂလာန် သက်သေအရာ တည်တော့မှ ထုတ်ဖော်ပြောကြား သည်ဆိုသည့်အဓိပ္ပာယ်ရှိသည့် စကားရပ်ဖြစ်လည်း မိမိမတွေ့တိုင်း ငြင်းပယ်ပြီး အပြစ်ပြောလျှင် အကုသိုလ်ပွား၍ အပါယ်လားနိုင်ကြောင်းကိုလည်း သဘောပေါက်သင့်ပေသည်။

အရိုးစုပြိတ္တာအကြောင်းထဲမှ ဆိုလိုရင်းမှာ ရာဇဂြိုဟ်မြို့ပေါ်တွင် လူဖြစ်စဉ်က စားဝတ်နေရေး အတွက် နွားများကို သတ်ခဲ့သည်။ ထိုကဲ့သို့ သတ်  ဖြတ်ပြီး မိမိခန္ဓာဝန်ကို ပြုစုမွေးမြူခဲ့သည့်အတွက် အနှစ်သိန်းပေါင်းများစွာ ငရဲဒုက္ခများကို ခံစားခဲ့ရ သည်။ ထိုငရဲမှ လွတ်ခဲ့ပြန်သော်လည်း ထိုနွားသတ် မှုကြွံကင်းကြောင့် အရိုးစုပြိတ္တာကြီးဖြစ်ပြီး လင်းတ၊ ကျီး၊ စွန်များ သို့မဟုတ် ထိုကဲ့သို့ အကောင်သဏ္ဌာန် ရှိသည့်အရာများ နောက်မှ လိုက်ပြီးဆိတ်ကြ၊ ထိုးဆွ ကြသည်ကို မချိမဆံ့ခံနေရရှာသည်။

 

အသားတုံးပြိတ္တာ

နောက်တစ်ချိန်တွင် အရှင်မဟာမောဂ္ဂလာန် သည် အသားတုံးပြိတ္တာကြီးကို မြင်တွေ့ရပြန်သည်။ ထိုအသားတုံးပြိတ္တာကြီးကိုလည်း လင်းတများ၊ ကျီး များ၊ စွန်များက လိုက်လံထိုးဆိတ်ကြသည်။ အသား တုံးပြိတ္တာကြီးမှာ နာကျင်ရှာလွန်း၍ လွန်စွာ စူးရှ ကျယ်လောင်သည့်အသံနှင့် ဟစ်အော်မြည်တမ်းပြီး ပြောနေရရှာသည်။ အရှင်မောဂ္ဂလာန်က သူမြင်ခဲ့ ပုံအကြောင်းအရာအားလုံး အစုံအလင်ပြန်ပြောသည်။ ဤကဲ့သို့ မြတ်စွာဘုရားရှင်ရှေ့တွင်မှ ပြောရသည့် အကြောင်းမှာ မှန်ကန်ကြောင်း မြတ်စွာဘုရားထံမှ ထောက်ခံချက်ရလိုသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ပြော သည့်အတိုင်း မှန်ကန်ကြောင်း၊ ကိုယ်တော်တိုင်လည်း ဘုရားဖြစ်မည့်ညကပင် တွေ့မြင်ခဲ့ပြီး ဖြစ်ကြောင်း၊ သက်သေခံမည့်သူ မရှိသေး၍ မဟောခဲ့သေးကြောင်း များကို မိန့်တော်မူပြီး ထိုအသားတုံးပြိတ္တာ၏ အတိတ် အကြောင်းကို အောက်ပါအတိုင်းဟောတော်မူသည်။

ဘိက္ခဝေ-ရဟန်းတို့၊ ဒီသောသတ္တာ-ဤအ သားတုံးပြိတ္တာသတ္တဝါသည်၊ ဣမသ္မိံ-နွားသတ်သ မားဖြစ်ခဲ့ဖူးလေပြီ စသည်ဖြင့် နွားသတ်သမားဖြစ်စဉ် ကပြုခဲ့သည့် နွားသတ်မှု အကုသိုလ်ကံကြောင့် ငရဲ ၌ အနှစ်သိန်းပေါင်းများစွာ ကျခံရခံစားခဲ့ရကြောင်း၊ အဲဒီငရဲမှ လွတ်လာတဲ့အခါ အဲဒီကံအြွကင်းကြောင့် အသားတုံးပြိတ္တာကြီးဖြစ်ပြီး ဒုက္ခခံနေရတဲ့အကြောင်း များကို ဟောကြားတော်မူပါတယ်။

ဤနေရာ၌ အရိုးစုပြိတ္တာနှင့် အသားတုံးပြိတ္တာ  ထူးခြားမှုဆိုရလျှင် နွားသတ်သည့် အကုသိုလ်ကံချင်း တူပေသည်။ သို့သော် ငရဲမှစုတေခါနီးတွင် ကမ္မနိမိတ် ထင်ပုံချင်းထူး၍ ပြိတ္တာဖြစ်သည့်အခါလည်း ထူးနေ ပေသည်။ ပထမနွားသတ်သမားမှာ ငရဲမှစုတေခါနီး တွင် နွားဒသတ်စဉ်ကာလက အသားများကို လှီးခြစ် ပြီး ပုံထားသည့် အရိုးပုံ ကမ္မနိမိတ်ထင်ခဲ့သည်။ ထို့ကြောင့် ထိုအရိုးစုကိုစွဲပြီး ငရဲမှစုတေလာသည့် အခါ ထိုအာရုံနိမိတ်နှင့်တူသည့် အရိုးစုပြိတ္တာကြီး ဖြစ်ရပါသည်။ နောက် ဒုတိယနွားသတ်သမားမှာ အမဲသားတုံး ကမ္မနိမိတ် ထင်ခဲ့သည်။ ထို့အမဲသား တုံးကြီးကိုပင်စွဲပြီး ငရဲမှ စုတေလာသည့်အခါ ထို အာရုံနိမိတ်နှင့်တူသည့် အသားတုံး ပြိတ္တာကြီး ဖြစ်ရ ပေသည်။ ထို့ကြောင့် ကံချင်းတူသော်လည်း ကမ္မနိမိတ်ထင်ပုံချင်းမတူ၍ ဖြစ်ပုံချင်းမတူဘဲ ထူး ခြားပုံဖြစ်သည်။

 

အသားစုပြိတ္တာ

ထို့နောက် အသားစုပြိတ္တာကိုလည်း တွေ့ရ သည်။ ဤသည်ကိုလည်း မြတ်စွာဘုရားက ငှက် မုဆိုး ဖြစ်ခဲ့ကြောင်း စသည်ဖြင့် ထုတ်ဖော်ဟော ကြားတော်မူပါသည်။

 

အရေခွံမရှိသည့်ပြိတ္တာ

ထို့နောက် အရေခွံမရှိဘဲ သွေးသံရဲရဲနှင့် ပြိတ္တာကြီးကိုလည်း တွေ့ရသည်။ ဤသည်ကိုလည်း မြတ်စွာဘုရားက သိုးဆိတ်သတ်သမားဖြစ်ခဲ့ကြောင်း စသည်ဖြင့် ဟောကြားတော်မူပါသည်။

 

သန်လျက်မွှေးများနှင့် ပြိတ္တာ

ထို့အပြင် သန်လျက်မွှေးများနှင့် ပြိတ္တာကို လည်းတွေ့ရသည်။ ထိုပြိတ္တာတွင် သူ့ကိုယ်က အမွှေး သဖွယ်ဖြစ်နေသည့် ဓား၊ သန်လျက်တွေက ကောင်း ကင်သို့ ပျံတက်ပြီး သူ့ကိုယ်ပေါ် ပြန်ကျသည်ဟုဆို သည်။ ကံအကျိုးပေးပုံများလွန်စွာ ဆန်းကြယ်သည်။ မည်ကဲ့သို့မှ တိမ်းရှောင်၍မရပေ။ လွန်စွာကြောက် မက်ဖွယ်ဖြစ်သည်။ ထိုသန်လျက်များသည် သူ့ကံ အားလျော်စွာ ဖြစ်နေသည်မှာ ထင်ရှားပေသည်။ ဘီလူးအစရှိသည့် တစ်စုံတစ်ယောက်က ပြုလုပ် သည်ဟု ဆိုဖွယ်ရာမရှိပေ။ ထို့ကြောင့် အရိုးစုပြိတ္တာ စသည်ကို လိုက်၍ထိုးဆိတ်ကြသည့် လင်းတ စသည် များလည်း သူ့အားကံလျော်စွာ ဖြစ်ပေါ်နေ သည့် အတုအပ လင်းတများဖြစ်သည်ဟု ယူဆဖွယ် မရှိပေ။ သာ၍ သင့်ဖွယ်ရာရှိပေသည်။ အဘယ် ကြောင့်ဆိုသော် ဘီလူးများဆိုလျှင် သူတို့တွင် တခြား ကိစ္စများလည်း ရှိနိုင်ပေသည်။ မောပန်းခြင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်းလည်း ရှိနိုင်သည်။ ထို့ကြောင့် အခါခပ်သိမ်း အမြဲတမ်းလိုက်၍ နှိပ်စက်ရန် ခဲယဉ်း ပေသည်။ နှိပ်စက်မည့်သူမရှိဘဲ လစ်ဟာနေသည့် အချိန်လည်း ရှိနိုင်ပေသည်။ ကံအားလျော်စွာ ဖြစ် နေသည့် အကောင်တုတွေဖြစ်သဖြင့် ထိုကဲ့သို့ လွတ် လပ်ခြင်း မရှိနိုင်ပေ။ သူ့ကံအားလျော်စွာ အမြဲတမ်း နှိပ်စက်ခြင်းရှိနိုင်ပါသည်။  ထို့ကြောင့် ကံအားလျော် စွာ သံလျက်အတုများ၊ လင်းတ စသည့် အကောင် တုများက လိုက်၍ ထိုးကြ၊ ဆိတ်ကြသည်ဟုဆို သည်က ပို၍သင့် လျော်ပေသည်။

 

လှံမွှေးများနှင့် ပြိတ္တာ

ထို့အပြင် လှံမွှေးများနှင့် ပြိတ္တာကိုလည်း တွေ့ရသည်။ ထိုပြိတ္တာတွင် သူ့ကိုယ်က အမွှေး သဖွယ်ဖြစ်နေသည့် လှံတွေက ကောင်းကင်သို့ ပျံတက်ပြီး သူ့ကိုယ်ပေါ် ပြန်ကျပြီး စူးကြသည်။ ထိုသို့ဖြစ်ရသည်မှာ သားလိုက်မုဆိုးဖြစ်ခြင်းကြောင့် ဖြစ်သည်။

 

မြားမွှေးများနှင့် ပြိတ္တာ

ထိုမျှမက မြားမွှေးများနှင့် ပြိတ္တာကိုလည်း တွေ့ခဲ့သည်။ သူ့ကိုယ်ပေါ် အမွှေးသဖွယ်ဖြစ်နေတဲ့ မြားများက ကောင်းကင်ပေါ်ပျံတက်ပြီး သူ့ကိုယ်ပေါ် ပြန်ပြန်ကျပြီး စူးကြသည်။ ထိုသို့ဖြစ်ရခြင်းသည် ကာရဏိက ခေါ်သည့် ညှဉ်းဆဲနှိပ်စက်သူဖြစ်ခဲ့သော ကြောင့်ဖြစ်သည်။ မင်းပြစ်ဒဏ်သင့်သည့်သူများကို သူက မြားနှင့်ထိုးဆွပြီးနှိပ်စက်ခဲ့သည်။ ထိုအကြောင်း ကြောင့် သူ့ကံအားလျော်စွာ မြားတွေက သူ့ကိုလိုက် ပြီးထိုးနေကြခြင်းဖြစ်သည်။

 

ကုမ္ဘဏ္ဍပြိတ္တာ

ကုမ္ဘဏ္ဍပြိတ္တာကိုလည်း အရှင်မဟာမောဂ္ဂ လာန် တွေ့ရသည်။ ကုမ္ဘဆိုသည်မှာ ရေအိုး၊ အဏ္ဍာ ဆိုသည်မှာ လိင်ဥ၊ ရေအိုးမျှလောက်ကြီးမားသော လိင်ဥရှိနေသည့် ပြိတ္တာကို ကုမ္ဘဏ္ဍပြိတ္တာဟု ဆိုလို သည်။ သူကလူ့ဘဝတုန်းက ကောက်ကျစ်စဉ်းလဲ သည့် တရားသူကြီးဖြစ်ခဲ့သည့် ကွယ်ဝှက်ရာတွင် တံစိုးလက်ဆောင်ယူပြီးမတရားစီရင်ဆုံးဖြတ်ခဲ့သည်။ အလွန်လေးလံကြီးမားတဲ့ အပြစ်ဒဏ်များကိုလည်း ပေးခဲ့သည်။ ထို့ကြောင့် သူ့တွင် ဖုံးကွယ်ထားရမည့် အင်္ဂါဟာ မဖုံးကွယ်နိုင်လောက်အောင်လည်း ဖြစ်နေ သည်။ လွန်စွာလေးလံသည့် လိင်ဥကြီးကိုလည်း ဆောင်နေရသည်။ သွားသည့်အခါတွင်လည်း ထို လိင်ဥကြီးကို ထမ်းပြီးသွားနေရသည်။ ထိုင်နေရင်း အိပ်ရင်းလည်း ထိုလိင်ဥကြီးပေါ်တွင်ပင် ထိုင်ရအိပ် ရသည်။ ထိုကဲ့သို့ သွားရာနေရာမှာလည်း လင်းတ များ၊ ကျီးများ၊ စွန်များက လိုက်ခံပြီးထိုးကြ ဆိတ် ကြသည်။

 

ပြိတ္တာမျိုးစုံ

အရှင်မဟာမောဂ္ဂလာန် တွေ့ရသည့် ပြိတ္တာ များက အမျိုးစုံသည် ကာမေသုမိစ္ဆာစာရကံ ကျုး လွန်ခဲ့၍ အရေခွံမရှိဘဲ ဒုက္ခရောက်ရသည့် ပြိတ္တာ မကြီးလည်း ပါသည်။ မိစ္ဆာအယူဝါဒကို ဖြန့်ခဲ့သည့် အတွက် အရုပ်ဆိုးစွာဖြစ်နေသည့် နတ်ကတော် ပြိတ္တာမကြီးလည်း ပါသည်။ ရဟန်းကျင့်ဝတ်များ ကောင်းစွာ မကျင့်ခဲ့သည့်အတွက် ရဟန်းအသွင် ရဟန်း မိန်းမအသွင်နှင့် ဖြစ်နေသည့်ပြိတ္တာများလည်း ပါသည်။ ထိုပြိတ္တာများမှာ သင်္ကန်းကလည်း မီးရဲရဲ တောက်နေသည်။ ကျောင်းအိပ်ရာများသည်လည်း မီးရဲရဲတောက်နေသည်။ အခြားပြိတ္တာများလည်း ပါသေးသည်။ ထိုပြိတ္တာများသည် လူ့ဘဝဖြစ်စဉ်က မိမိခန္ဓာဝန် ချမ်းသာရေးအတွက် မသင့်လျော်သည် များပြုလုပ်ခဲ့၍ပင် ဖြစ်သည်။ ထို့ကြောင့် ဤခန္ဓာ ဝန်သည် အလွန်လေးကြောင်း သိရပေသည်။ ထို့ ပြင် ပေတဝတ္ထုတွင် ပြထားသည့်ပြိတ္တာများလည်း များစွာရှိသေးသည်။

 

စီးပွားစုဆောင်းသည့်ပြိတ္တာမများ

မြတ်စွာဘုရားလက်ထက်တော်ကာလ ရာဇ ဂြိုဟ်မြို့တွင် အလေးမမှန် တောင်းမမှန်စသည်ဖြင့် မတရားစီးပွားဥစ္စာစုဆောင်းသည့် မိန်းမလေးယောက် ရှိခဲ့သည်။ ထိုမိန်းမလေးယောက်သည် ထောပတ်၊ ပျားရည်၊ ဆီ၊ စပါး စသည်တို့ကို မတရားရောင်းဝယ် ပြီး စီးပွားရှာဖွေစုဆောင်းနေရင်းက သေဆုံးသွား ကြသည်။ သေဆုံးပြီးနောက် မြို့အပြင်ဘက်က ကျုံး ဘေးတွင် ပြိတ္တာမများ ဖြစ်သွားကြသည်။ တစ်ည သောအခါတွင် သူတို့၏ ခင်ပွန်းဟောင်းများနှင့် နောက်အိမ်ထောင်သည်တို့က သူတို့ရှာဖွေစုဆောင်း ထားသည့် ပစ္စည်းဥစ္စာများ သုံးဆောင်နေကြပုံနှင့် သူတို့မှာ ဒုက္ခရောက်နေကြပုံများကို စဉ်းစားပြီး ငိြုွေကးမြည်တမ်းကြသည်။

ထိုအသံကိုကြားရသည့်သူများက မကောင်း သည့် အတိတ်နိမိတ်ဟု ယူဆပြီး ထိုနိမိတ်ဆိုးများ  ပပျောက်စေရန်ရည်ရွယ်ချက်ဖြင့် သံဃာတော်များ နှင့်တကွ မြတ်စွာဘုရားကိုပင့်ဖိတ်ပြီး ဆွမ်းကပ်လှူ ကြသည်။ သူတို့ကြားရသည့်အသံကြောင့် ကြောက် လန့်နေကြသည့် အကြောင်းကိုလည်း လျှောက်ထား ကြသည်။ ထိုအခါ မြတ်စွာဘုရားက မိန့်တော်မူ ပါသည်။

“ဥပသကာတို့ အဲဒီကြားရတဲ့အသံကြောင့် သင်တို့မှာ အန္တရာယ်တစ်စုံတစ်ရာမျှမရှိပါ။ အမှန် စင်စစ်တွင်မူ ပြိတ္တာမလေးယောက်တို့သည် ဆင်းရဲ ဒုက္ခ အနှိပ်စက်ခံရတဲ့အတွက် သူတို့ပြုမှားခဲ့အမှုကို ပြောကြားပြီး ငိုကြွေးမြည်တမ်းကြခြင်းသာဖြစ်တယ်” ဟု မိန့်တော်မူပြီး ထိုပြိတ္တာမများ ငိုကြွေးပုံကိုလည်း ဟောကြားတော်မူပါသည်။

သူတို့သည် မတရားသဖြင့် ပစ္စည်းဥစ္စာများ ကို ခဲခဲယဉ်းယဉ်းဖြင့် စုဆောင်းခဲ့ကြသည်။ သူတို့ ကွယ်လွန်သွားသည့်အခါ သူတို့ရဲ့ ခင်ပွန်းတွေက နောက်အိမ်သူ အသစ်များဖြင့် ထိုပစ္စည်းများကို တပျော်တပါး သုံးဆောင်နေကြသည်။ သူတို့မှာမူ ဒါနကုသိုလ် စသည်ကိုမပြုရက်ကြဘဲ မတရားသ ဖြင့်ပစ္စည်းရှာခဲ့ကြသည့်အတွက် ပြိတ္တာဘဝရောက် ပြီး သုံးစရာမရှိ နေစရာထိုင်စရာမရှိ၊ အထိဒုက္ခ ရောက်နေကြသည့်အကြောင်းကိုပြောဆိုပြီး ငိြုွေကး ကြခြင်းဖြစ်သည်။

ထိုဖြစ်ရပ်သည် လူ့ဘဝတုန်းက သူတို့၏ ခန္ဓာဝန်ကြီး ကောင်းစားချမ်းသာစေလိုသည့်အတွက် မတရားသဖြင့် ပစ္စည်းရှာခဲ့ကြသည်။ သေသည့်အခါ တွင်မူ သူတို့၏ရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ အလွန်ဆင်းရဲသည့် ပြိတ္တာခန္ဓာများကို ရနေကြ ရှာသည်။ ခန္ဓာဝန်လေးလံကြောင်းထင်ရှားစေသည့် သာဓကဖြစ်သည်။ သတိပြုဆင်ခြင်စရာအထူး ကောင်းပေသည်။

ထိုပြိတ္တာများကဲ့သို့ မိမိခန္ဓာဝန်ကို ကောင်း စားချမ်းသာရေး ရှာကြံပြုလုပ်နေရင်း အတိဒုက္ခ ရောက်နေကြသည့် အခြားပြိတ္တာများအကြောင်းသာ ဓကဝတ္ထုများလည်း များစွာရှိနေပါသေးသည်။

 

မှီငြမ်း

မဟာစည် ဆရာတော်ကြီး၏ ပုံဝတ္ထုတို့ဖြင့် ပြောပြသော အဆုံးအမများ

မောင်မောင်မိုးအောင်

(စာပေဗိမာန်စာမူဆုရ)