အရှင်သာရိပုတ္တရာ၏ဂုဏ်ရည်များ

ဂေါတမမြတ်စွာဘုရား၏ ထံပါးတွင် လကျာ်ရံ မဟာသာဝကများနှင့် လက်ဝဲရံမဟာသာဝကများ ဟူ၍ ရှိပေသည်။ လကျာ်ရံမဟာသာဝက လေးဆယ်တွင် အရှင်မဟာမောဂ္ဂလာန်၊ အရှင်အင်္ဂုလိမာလ၊ အရှင်ဝက္ကလိ၊ အရှင်ကာဠုဒါယီ၊ အရှင်မဟာဥဒါယီ အရှင်ဗာကုလ စသည်တို့ ပါဝင်ကြသည်။
အရှင်သာရိပုတ္တရာမှာ ပညာကြီးသော အရာ၌ ဧတဒဂ်ရတော်မူ၍ အရှင်မဟာမောဂ္ဂလန်မှာမူ တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရတော်မူပေသည်။ ထိုနည်းတူပင် အရှင်ကောဏ္ဍညမှာ တရားဦးရ၍ ရတ္တညုအရာ၌ ဧတဒဂ်ရ၍ အရှင်ကာဠုဒါယီမှာမူ ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေသော အရာ၌ ဧတဒဂ်ရတော်မူပေသည်။ လကျာ်ရံ မဟာသာဝက ၄၀ အနက်၊ ဧတဒဂ်ရသော မထေရ်များ မှာ ၂၂ ပါးရှိပြီး၊ လက်ဝဲရံမဟာသာဝက ၄၀ အနက် ဧတဒဂ်ရသောမထေရ်များမှာ ၁၉ ပါးရှိခဲ့ကြလေ သည်။ ဤနေရာ၌ ပညာကြီးသောအရာ၌ ဧတဒဂ် ရတော်မူသော အရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ရည်များကို ထုတ်ဖော်ရေးသား၍ ဓမ္မဒါနပြုလိုပေသည်။
သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သည့် တရားဟောပြောနေချိန်ဖြစ်သည်။ တရားနာယူသည့်ပုဂ္ဂိုလ်များတွင် ညီတော် အရှင်အာနန္ဒာသုသိမနတ်သားနှင့် ၄င်း၏အခြံအရံနတ် ပရိသတ်တို့လည်း ပါဝင်ကြသည်။ ၄င်းတရားပွဲတော် တွင် ဘုရားရှင်၏ မေးမြန်းချက်အရ အရှင်အာနန္ဒာ သည် အရှင်သာရိပုတ္တရာအပေါ် နှစ်သက်ကြည်ညို ကြောင်းလျှောက်ထားခဲ့သည်။ ဤသို့လျှောက်ထား ရာတွင် အကြောင်းမဲ့ လျှောက်ထားခြင်းမဟုတ်ဘဲ အရှင်သာရိပုတ္တရာဂုဏ်ရည် ၁၆ ပါးကို အထောက်အထားအဖြစ် ဖော်ပြ၍ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အရှင်သာရိပုတရာ၏ ဂုဏ်ရည် ၁၆ ပါးမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
(၁) အရှင်သာရိပုတ္တရာသည် ကျိုးကြောင်း မြင် သဘာဝပညာရှိသူဖြစ်၏။
(၂) ကြီးကျယ်သော ပညာလည်း ရှိသူဖြစ်၏။
(၃) မြေကြီးထုသဖွယ် ပြန့်ကျယ်သော ပညာလည်း ရှိသူဖြစ်၏။
(၄) ရွှင်သောပညာလည်းရှိသူဖြစ်၏။
(၅) လျင်သောပညာလည်းရှိသူဖြစ်၏။
(၆) ထက်သောပညာလည်းရှိသူဖြစ်၏။
(၇) နက်နက်နဲနဲ အခက်အခဲကို ဖျက်ခွဲနိုင် သော ပညာလည်းရှိသူဖြစ်၏။
(၈) အလိုရမ္မက်ဆိုးလည်း မရှိသူဖြစ်၏။
(၉) ရရသမျှ ပစ္စယဖြင့် အားရကျေနပ်တင်းတိမ်ရောင့်ရဲတတ်သူလည်း ဖြစ်၏။
(၁၀) အပေါင်းအဖော်၊ ကိလေသာတို့မှ ဖဲခွာ၊ ဝိဝေကသုံးဖြာကို ရသူလည်းဖြစ်၏။
(၁၁) ရောနှောခြင်း ငါးဖြာကင်းကွာသူလည်း ဖြစ်၏။
(၁၂) ကောင်းသည့် လုပ်ငန်း၌ ပြင်းပြင်းထန်ထန်ဇွဲလုံ့လသန်သူလည်း ဖြစ်၏။
(၁၃) သူတစ်ပါးတို့ အဖြစ်ကိုမြင်လျှင် သွန်သင်ပြောပြ ဆိုဆုံးမတတ်သူလည်းဖြစ်၏။
(၁၄) သူတစ်ပါးတို့က မိမိ၏ ချွတ်ယွင်းချက်ကို ညွှန်ပြပြောဆိုပြန်လျှင်လည်း လေးလေးစားစား လက်ခံတတ်သူလည်းဖြစ်၏။
(၁၅) သူတစ်ပါတို့အား ဂုဏ်အဖြစ်ကို ပြညွှန်း၍ ကောင်းသည့်လုပ်ငန်း၌ တိုက်တွန်းနှိုးဆော်တတ် သူလည်းဖြစ်ပါ၏။
(၁၆) အယုတ်တရား၊ ယုတ်ညံ့သည့် ပုဂ္ဂိုလ်များကို မြစ်ထားမြဲမြဲ၊ ကဲ့ရဲ့လေ့ရှိသူလည်းဖြစ်ပါ၏။
အရှင်အာနန္ဒာသည် အရှင်သာရိပုတ္တရာ၏ ဂုဏ်ပုဒ်ကို ဘုရားရှင်ကို ထိုကဲ့သို့ လျှောက်ထားစဉ် သုမမည်သော နတ်သားသည် အခြံအရံနတ်များနှင့် အတူ ဘုရားရှင်ထံသို့ ရောက်လာသည်။ ဘုရားရှင် ကို ရိုသေစွာ ရှိခိုးပြီးနောက် အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည်နှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း လျှောက် ထားပြန်သည်။
“အရှင်မြတ်ဘုရား … အရှင်အာနန္ဒာနှင့် ရှင်တော်ဘုရားတို့၏ အရှင်သာရိပုတ္တရာနှင့်စပ်၍ ပြောဆိုအပ်သော ဂုဏ်သတင်းဟူသမျှသည် မှန်ကန် လှပါသည်ဘုရား။ တပည့်တော်ကိုယ်တိုင်လည်း သိပါ၏။ တပည့်တော်၊ တက်ရောက်ခဲ့သမျှ နတ် အစည်းအဝေး နတ်ပရိသတ်များ၌လည်း အရှင် သာရိပုတ္တရာ၏ ဂုဏ်သတင်းသည် ဤသို့အပ်ခဲ့သည့် အတိုင်း များစွာပျံ့သင်း၍ နေပါသည်ဘုရား”
ထိုသို့ အရှင်သာရိပုတ္တာ၏ ဂုဏ်တော်ကို ထုတ်ဖော်ချီးကျူးပြောဆိုအပ်သော် သုသိမနတ်၏ နောက်ပါ အခြံအရံ နတ်ပရိသတ်သည် နာကြားရသည့် ဂုဏ်စကားအတွက် နှစ်သက်အားရ၊ ပီတိ ဖြန်း၍ ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ကြသည်။ ပြိုးပြိုး ပြောင်ပြောင် အမျိုးမျိုးသော အရောင်အလင်းတို့ကို ဝင်းဝင်းလက်လက် ထွက်ဖြာစေတော့သည်။
အခါတစ်ပါး၌ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တွင် အရှင်သာရိပုတ္တရာကိုယ်တိုင် တရားဟောပြီးစ အချိန်ဖြစ်ပေသည်။ ယင်းအချိန် တွင် အရှင်ဝင်္ဂိသသည် အရှင်သာရိပုတ္တရာ၏ ခွင့်ပြုချက်အရ အောက်ပါအတိုင်း ထုတ်ဖော်၍ ချီးကျူး ခဲ့သည်။
“နက်နက်နဲနဲ အခက်အခဲကို ဖျက်ခွဲမြင်သိ ပညာလည်းရှိတော်မူသော ကြောင်းကျိုးဟုတ်ဟတ်၊ အတတ်မြင်သိ၊ သဘာဝပညာနှင့်လည်း ပြည့်စုံ တော်မူသော တရားလမ်းကြောင်း၊ စောင်း မစောင်း၌ ကောင်းကောင်းမြော်မြင်၊ ကျွမ်းကျင်တော်မူသော ကြီးကျယ်မြင့်မြတ်၊ ပညာဓာတ်နှင့်လည်း ပြည့်စုံ တော်မူသော၊ ပညာဧတဒဂ်၊ နှံ့စပ်ကြေငြာ၊ လကျာ် တော်ရံ အရှင်သာရိပုတ္တရာသည်၊ စုပေါင်းညီညာ၊ တရားနာယူရန်၊ စည်းဝေးရောက်လာသော ရဟန်း တော်တို့အား မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် နှင့်စပ်၊ တရားတော်မြတ်ကို ပြတ်သားပီပြင် ကြည်လင် အေးချို၊ ပြောဆို မိန့်မြွက်တော်မူနေပါသတည်း”
“ပညာဧတဒဂ် နှံ့တက်ကြေညာ၊ လကျာ်ရံ ထေရ်ဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည် တိုတိုကျဉ်းကျဉ်း၊ လိုရင်းနည်းအားဖြင့်လည်း တရား ဓမ္မကို ဟောညွှန်ပြသတော်မူ၏။ အဓိပ္ပာယ်သွယ်သွယ်၊ အကျယ်နည်းအားဖြင့်လည်း ဟောဖော်ညွှန် ပြဆိုဆုံးမတော်မူ၏။ ငှက်မသာလိကာ၊ သာယာမြည် ကျူး၊ ချိုသာသော အသံထူးကဲ့သို့ ရင့်ကျူးသံချို၊ ဟောဆိုတော်မူ၏။ အဆုံးအမြင်၊ ထင်လာသော ပဋိသာန်ဉာဏ်သည်လည်း သမုဒ္ဒရာထက်လှိုင်း၊ ထွေ တက်သို့၊ ဆက်ကာ ဆက်ကာ၊ ပေါ်ထွက်၍လာပါ ပေသတည်း”
“တပ်မက်မောဖွယ် နာပျော်ဖွယ်ရှိလှ၍ သာယာချိုမြည်၊ ရွှင်ကြည်ဖွယ်အသံဓာတ်ဖြင့် တရားရေလွှတ်၊ တတွက်တွက်ဟောဖော်၊ အရှင်သာရိပုတ္တရာ၏ အေးမြသော တရားတော်ကို သူတော်စင်စိတ်ပွား၊ ရဟန်းတော်အများတို့သည် တက်ကြွလျှမ်းတောက်၊ ဝမ်းမြေခက်ဝမ်းသာ၊ ကြာ နာ၍ နေကြကုန်၏။ အားရနှစ်ခြိုက်စိုက်၍ ဆောင်နေ ကြပေကုန်သတည်း”
ဤသည်တို့မှာ သဂါတာဝဂ္ဂသံယုတ် သုသိမံ သုတ်နှင့် သာရိပုတ္တသုတ်တို့တွင် ပါရှိသည့် အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည်များကို အနှစ်သာရအား ဖြင့် တင်ပြအပ်ပေသည်။ ပညာလိုလားကြသော ရဟန်းရှင်လူများအနေဖြင့် လိုက်နာကြရန်၊ နည်းယူ ကြရန်ဖြစ်ပေသတည်း။

မောင်ဉာဏ်စိန်
ကျမ်းကိုးစာရင်း။ ။
၁။ မာလာလင်္ကာရဝတ္ထုတော်ကြီး (ဒုတိယ မဲထီးဆရာတော်)
၂။ သဂါထာဝဂ္ဂသံယုတ်၊ မြန်မာဘာသာ ဋီကာ (မဟာဂန္ဓာရုံ နာယက ဆရာတော်၊ အရှင် ကုဏ္ဍာလိဘိဝံသ)