ဓာတ်တူ နာမ်တူ ငွေကို ယူ

ကိုယ်တိုင်ကိုယ်ကျ ပုံထုတ်ပြီး ချိတ်ဆွဲချင်သူများအတွက် HD Quality ဖြင့် တင်ပေးထားပါတယ်။ ဒီမှာ နှိပ်ပြီး Down ပါ။

DOWNLOAD LINK 

+++++++++++++++++++++++++++++

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ညီတစ်ယောက် ရောက်ရှိလာလေ၏။

သူသည် ကျွန်ုပ်၏ ညီအရင်းဖြစ်သည်။ ယခင် ကျွန်ုပ် ဗေဒင်လက္ခဏာဟောပြောခဲ့သော အမှတ် (၁၄) ကျောက်ရေတွင်းလမ်းတစ်နေရာတွင် ဗေဒင် ဟောပြောနေသူဖြစ်၏။

ဦးဝင်းဇော် (B.Sc (Foestry) ကလောင်အမည်ဖြင့် ရောင်ပြန်မဂ္ဂဇင်း၌ ဆော်လမွန်အဆောင်တံဆိပ်များ အကြောင်းကို ဆောင်းပါးရေးနေသူဖြစ်၏။

ကျွန်ုပ်သည် ၄င်းကို တွေ့လျှင် တွေ့ချင်း

“ဟေ့ မင်းလည်း မလာတာ ကြာပါရောလား”

ဟု ပြောလိုက်ရာ ကျွန်ုပ်၏ညီ ၀င်းဇော်က

“ဟုတ်တယ်အစ်ကို၊ ကျွန်တော်လည်း မအားဘူး။ မနက်ကနေ ဗေဒင်ဟောလိုက်တာ၊ ညနေ ငါးနာရီ၊ ခြောက်နာရီထိုးတဲ့အထိပဲ”

ဟု ပြန်၍ ဖြေလေ၏။

“အေး .. ငါလည်း ကြားတယ်ကွ။ မင်း တားရော့ကတ်နဲ့ ဗေဒင်ဟောတာ အတော့်ကို အောင်မြင်ဆိုပဲ။ မှန်လည်း အတော်မှန်တယ်တဲ့။ ငါ့မိတ်ဆွေတစ်ယောက်က ဆိုရင် မင်းကို ငါ့ထက်တောင် ပိုပြီး သဘောကျသေးတယ်လို့ ပြောတယ်ကွ”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

“ဟုတ်တယ်အစ်ကို။ အောင်မြင်ပါတယ်။ ကျွန်တော်သုံးနေတဲ့ တားရော့ကတ်ဆိုရင် ပွန်းပြီး အရုပ်တွေတောင် ပျောက်ကုန်ပြီ။ အဲဒါကြောင့် တားရော့တစ်ထုပ်လောက် လိုချင်လို့ အစ်ကို့ဆီ လာခဲ့တာပဲ”

ဟု ၀င်းဇော်က ပြောလေ၏။

“ရှိတယ်ကွ။ ရန်ကုန် ဘုရားဖူးလုပ်ငန်းက မောင်လှညွန့်ကြီးရဲ့ညီတွေ၊ ညီမတွေက အမေရိကားမှာကွ။ သူက ငါ့အတွက် တားရော့တစ်ထုပ် လှမ်းပြီး မှာပေးလို့ တစ်နေ့ကပဲ တားရော့ကတ်ထုပ်ရထားတယ်။ ၁၈ ရာစုနှစ်လက်ရာကွ။ အဲဒါကို ငါပေးလိုက်မယ်”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

“ကျွန်တော်လာတာ အဲဒီကိစ္စတစ်ခုတည်း မဟုတ်ဘူးအ စ်ကိုရ။ ကျွန်တော့်မှာက တဖြည်းဖြည်း ပရိသတ်က များလာပြီ။ အဲဒီပရိသတ်ရဲ့လိုအပ်ချက်တွေကို ကျွန်တော်က ဖြည့်ဆည်းပေးရတာ။ အများစု လိုအပ်ချက်ကတော့ လာဘ်လာဘကိစ္စပါပဲ။ လာဘ်ရွှင်ချင်တယ်ပေါ့အစ်ကိုယ်ရယ်”

ဟု ၀င်းဇော်က ပြော၏။

“လာဘ်ရွှင်တဲ့အစီအရင်အနေနဲ့ ရောင်ပြန်မဂ္ဂဇင်းအမှတ် (၃) မှာ ဗားမဲ့ဆရာတော်နဲ့ မန်ကျည်းတန်းဦးရွှေအိုး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘုရားထုလုပ်ပူဇော်နည်း ဖော်ပြထားတယ်လေကွာ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ၀င်းဇော်က

“အဲဒါက ဒီလိုအစ်ကိုရဲ့၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေအတွက် အဲဒီအစီအရင်တွေက အခက်အခဲရှိတယ်။ အဲဒီတော့ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆောင်ရွက်လို့ရတဲ့ အဆောင်မရှိဘူးလား”

ဟု ပြောလေ၏။
“ဒီလိုရှိတယ်ကွ။ ဒီကိစ္စက ယုံချင်ယုံ ၊ မယုံချင်နေ ဆိုသလို ပြောရမယ့်ကိစ္စကွ။ ဘိုးတော်အဘမင်းခေါင်နဲ့ အတူနေဖူးတဲ့သူတိုင်း သတိထားတဲ့နည်းတစ်ခုရှိတယ်။ အဲဒီနည်းကို သူတို့က ဓာတ်တူနာမ်တူ ဆေးဖက်ယူ လို့ ပြောလေ့ရှိတယ်” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

“ဘယ်လိုဟာမျိုးလဲ အစ်ကိုရဲ့” ဟု ၀င်းဇော်က မေးလိုက်လေ၏။

“ဥပမာကွာ … ငါဟာ ဆရာဦးပြည်သိမ်းဆိုတဲ့ ဆရာတစ်ဦးနဲ့အတူနေခဲ့ဖူးတယ်။ သူဟာ ဘိုးတော် အဘမင်းခေါင်နဲ့ ရင်းရင်းနှီးနှီး နေခဲ့ဖူးတဲ့သူပဲ။ တစ်နေ့မှာ ဦးပြည်သိမ်းနဲ့ ငါနဲ့ ထိုင်နေတုန်း ဦးပြည်သိမ်းက မိန်းမတစ်ယောက်က နက်စ်ကော်ဖီမှုန့်ပုလင်း လာပြီး လှူတယ်။ သူဟာ ငါ့ကို အဲဒီပုလင်းမှာ ကပ်ထားတဲ့ တံဆိပ်ပတ်ကလေးကို မပြဲအောင် ခွာခိုင်းတယ်။ ငါလည်း ခွာပေးလိုက်တယ်။ ပြီးတော့ သူက အဲဒီတံဆိပ်ပတ်လေးကို ကော်နဲ့သုတ်ပြီး အ၀င်တံခါးမှာ ကပ်လိုက်တဲ့ ငါလည်း သူပြောတဲ့အတိုင်း တံဆိပ်ပတ်ကလေးကို အ၀င်ဝတံခါးမှာ ကပ်လိုက်တယ်။ သုံးလေးငါးရက်လောက်နေတော့ နက်စ်ကော်ဖီပုလင်း လှူမယ့်သူ ပေါ်လာပြန်ရောဟေ့။ အဲဒီအခါမှာ ဆရာဦးပြည်သိမ်းအပြောကို မစောင့်တော့ဘူးဟေ့။ ပုလင်းက တံဆိပ်ကလေးကို ခွာပြီး တံခါးမှာ ကပ်လိုက်ပြန်ရော။ နောက်တစ်နေ့မှာ နက်စ်ကော်ဖီပုလင်း လှူမယ့်လူ ပေါ်လာပြန်ရော။ အဲဒီတော့ ဆရာကြီးဦးပြည်သိမ်းက အဲဒါ ဓာတ်ရိုက်တဲ့နည်း တစ်မျိုးပဲကွ။ မင်းအနေနဲ့ မယုံရင် ဟောဒီမှာ ရွှေဥဒေါင်းမင်းတံဆိပ် ဆေးပြင်းလိပ်တစ်ထုပ်လာပြီး လှူပြန်ပြီကွ။ အဲဒီတံဆိပ်လေးကို တံခါးမှာကပ်လိုက်၊ ဆေးပြင်းလိပ်ထုပ်တွေ ရောက်လာလိမ့်မယ်။

“အဲဒါနဲ့ ငါလည်း ရွှေဥဒေါင်းမင်းဆေးပြင်းလိပ်ထုပ်က တံဆိပ်လေးကို တံခါးမှာ ကော်နဲ့ သုတ်ပြီး ကပ်လိုက်တယ်။ ဆရာဦးပြည်သိမ်းပြောတာ မှန်တယ်ဟေ့။ ရွှေဥဒေါင်းမင်းဆေးပြင်းလိပ်ထုပ်တွေ ရောက်လာပြန်ရောဟေ့။ အဲဒီတော့ ငါက ဆရာဦးပြည်သိမ်းကို မေးတယ်။ ဆရာဦးပြည်သိမ်းရေ … ဆေးပြင်းလိပ်တံဆိပ်တွေ၊ ကော်ဖီမှုန့်တံဆိပ်တွေ မကပ်ဘဲ တံခါးမှာ ပိုက်ဆံတွေ ကပ်ထားလိုက်ရင် ဘယ်လိုနေမလဲလို့ မေးလိုက်တယ်။ အဲဒီတော့ ဆရာဦးပြည်သိမ်းက

“ပိုက်ဆံတွေ ကပ်လိုက်ရင် သူများတွေ ခွာယူသွားမှာပေါ့လို့ ပြန်ပြီးဖြေတယ်ကွ”

ဟု ကျွန်ုပ်က ပြောပြလိုက်ရာ ဝင်းဇော်က

“သူပြောတာလည်း ဟုတ်တာပဲ။ အဲဒီတော့ ဘယ်လိုလုပ်မလဲအစ်ကိုရဲ့” ဟု မေးလေ၏။

“ငါလည်း အဲဒါကြောင့် ဦးပြည်သိမ်းကို မေးကြည့်တယ်ကွ။ အဲဒီတော့ သူက နည်းပေးရှာပါတယ်။ ကတ်ပြားတစ်ခုပေါ်မှာ လက်ရှိသုံးနေတဲ့ ငွေစက္ကူတစ်စုံကပ်ထားရမယ်တဲ့ကွ။ ဥပမာကွာ အခုဆိုရင် ငါးရာတန် ရှိတယ်။ အဲဒီတော့ ငါးရာတန်နှစ်ရွက်ကိုပေါ့ကွာ။ မျက်နှာစာ နှစ်ခုလုံး မြင်ရလောက်အောင် ဟိုဘက်ဒီဘက် ကပ်ပေါ့ကွာ။ နှစ်ရာတန် ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ ငါးဆယ်တန်ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ လေးဆယ့်ငါးကျပ်တန်ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ နှစ်ဆယ်တန်ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ ဆယ့်ငါးကျပ်တန် ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ တစ်ဆယ်တန်ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ ငါးကျပ်တန်ရှိတယ်ကွာ။ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ တစ်ကျပ်တန်ရှိတယ်ကွ၊ အဲဒါလည်း နှစ်ရွက်ပေါ့ကွာ။ ပြီးတော့ အဲဒီကတ်ပြားကို မှန်ဘောင်သွင်းလိုက်ပေါ့ကွာ”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ထိုအခါ ၀င်းဇော်က

“အခု ငါးမူးတန်တွေ ထွက်နေပြီလေ”ဟု ပြောလေ၏။

“ငါးမူးတန်အထိတော့ မလိုပါဘူးကွာ။ ကျပ်တန်အထိ ထည့်ပါ”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၀င်းဇော်က

“နေပါဦးအစ်ကိုရဲ့။ ပိုက်ဆံတွေကို တစ်စုံတစ်စုံထည့်ပြီး ဟိုဘက်ဒီဘက်လှန်ပြီး ထည့်ရမယ်ဆိုတာက ဘယ်လိုလဲ။ ကျွန်တော် နားမလည်ဘူး”ဟု ပြောလေ၏။

“ဒါက ဒီလိုလေကွာ။ ဥပမာ ကိုးဆယ်တန်ဆိုပါတော့ကွာ။ နှစ်ရွက်ထည့်ရမယ်။ တစ်ရွက်က ဆရာစံပုံပေါ်အောင်၊ တစ်ရွက်က နောက်ကျောက လယ်သမားလယ်ထွန်နေတဲ့ပုံပေါ်အောင် ထည့်ရမယ်။ ကျန်တဲ့ ပိုက်ဆံတွေလည်း ဒီအတိုင်းပဲ။ နှစ်ဖက်စလုံးမြင်အောင် ကတ်ပြားမှာ မှန်ဘောင်သွင်းရမယ်”

ဟု ကျွန်ုပ်က ရှင်းပြလိုက်လေ၏။

ထိုအခါ ကျွန်ုပ်၏ညီဝင်းဇော်က

“အဲဒါ လုပ်နည်းအပြည့်အစုံပဲလား”ဟု မေးလေ၏။

“အပြည့်အစုံလို့တော့ မဆိုနိုင်သေးဘူးကွ။ လုပ်တာက အချိန်လိုတယ်။

ကြာသပတေးနေ့ – မနက် ၆ နာရီကနေ ခုနစ်နာရီခွဲအတွင်း ပြီးရမယ်။ အဲဒီအချိန်ဟာ အင်္ဂ၀ိဇ္ဇာသဘောအရ တနင်္လာဂြိုဟ်ငွေနံဟာ တိုင်ထိပ် န၀င်းစီးတဲ့အချိန်ပဲကွ။ ပြီးတော့ ချိတ်ဆွဲတဲ့လူရဲ့ နေ့နံနဲ့ အချိန်လည်း လိုသေးတယ်ကွ။

တနင်္ဂနွေ – သားသမီးဆိုရင် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်။

တနင်္လာ သားသမီးဆိုရင် – တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်။

အင်္ဂါသားသမီးဆိုရင် – အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မိနစ်။

ဗုဒ္ဓဟူးသားသမီးဆိုရင် – ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်။

ကြာသပတေးသားသမီးဆိုရင် – ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်။

သောကြာသားသမီးဆိုရင် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်။

စနေ သားသမီးဆိုရင် စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ ချိတ်ဆွဲရတယ်ကွ။ အဲဒီအချိန် ချိတ်မှ ပိုပြီး ဓာတ်မိတာ”

ဟု ကျွန်ုပ်က ရှင်းပြလိုက်လေ၏။ ထိုအခါ ၀င်းဇော်က

“အ၀င်ဝ တံခါးမှာ ချိတ်ရမှာလား အစ်ကို” ဟု မေးလေ၏။

“မလိုပါဘူးကွာ။ အိပ်ခန်းထဲက နံရံမှာ ချိတ်ရင် ရပါတယ်။ ခေါင်းရင်းဘက်မှာဆိုရင်တော့ ပိုပြီးကောင်းတာပေါ့”ဟု ကျွန်ုပ်က ပြောလိုက်ရာ ၀င်းဇော်က

“မသိတဲ့လူက ငွေစက္ကူကို ပူဇော်နေတယ်လို့ ထင်ပါဦးမယ် အစ်ကိုရယ်”

ဟု ပြောလိုက်လေ၏။

“အဲဒီလိုထင်မှာစိုးလို့ ငါကတော့ အဲဒီမှန်ပေါ်မှာ “ဗောဓိပက္ခိယ”ဆိုတဲ့အစီအရင်တစ်ခု ချထားတယ်ကွ။ ဒီအစီအရင်မချရင်လည်း အဲဒီငွေစက္ကူကတ်က စွမ်းပါတယ်ကွ။ ဆရာဦးပြည်သိမ်း ငါ့ကို သင်သွားတဲ့ ဓာတ်တူ နာမ်တူ ဆေးဖက်ယူ ဆိုတဲ့နည်းကွ”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ၀င်းဇော်က

“အစွမ်းထက်သလား အစ်ကို” ဟု မေးလေ၏။

“ဒီမှာ ၀င်းဇော်။ ငါ့မှာ လုပ်ထားတာ တစ်ချပ်ရှိတယ်။ အစွမ်းထက်သလား၊ မထက်သလား မမေးနဲ့ ငါလုပ်ထားတာကိုပဲ မင်းကို ဓာတ်ပုံရိုက်ပြီး ပေးလိုက်မယ်။ အဲဒါကို မင်းချိတ်ကြည့်ဦး။ ထူးမှ မင်းဟာမင်း တစ်ချပ်လုပ်” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

“အဲဒါတစ်ချပ်လုပ်ဖို့ တန်ဖိုးက မနည်းဘူးအစ်ကိုရဲ့။ အခုခေတ်ကာလ တန်ဖိုးနဲ့ ငွေစက္ကူချည်းပဲ နှစ်ထောင်ခုနစ်ဆယ့်နှစ်ကျပ်ကျမယ်။ မှန်ဘောင်ဖိုးနဲ့၊ ဘာနဲ့ဆိုရင် သုံးထောင်နီးပါးလောက် ကျသွားမယ်။ အတော့်ကို တန်ဖိုးကြီးတဲ့အစီအရင်တစ်ခုပဲ”ဟု ၀င်းဇော်က ပြောလေ၏။

“ငါကတော့ အဲဒီကြီးလုပ်တဲ့အပြင် လူတိုင်း လူတိုင်း လာဘ်ရွှင်ကြပါစေဆိုပြီး အဲဒီဘုတ်ကြီးရှေကမှာ မေတ္တာပို့သေးတယ်ကွ။ ပြီးတော့ အဲဒီဘုတ်ကြီးရှေ့မှာပဲ ‘နမောတဿ ဘဂ၀တောကို ပုတီး ၃ ပတ် နဲ့ နမောတဿ အရဟတောကို ပုတီးသုံးပတ်၊ နမောတဿ သမ္မာသဗ္ဗုဒ္ဓဿ ကို ပုတီးသုံးပတ်။ ပြီးတော့ နမောတဿ ဘဂ၀တော အရဟတော သမ္မာသဗ္ဗုဒ္ဓဿကို ပုတီးသုံးပတ်စိပ်တယ်ဆိုတော့ အားလုံး ပုတီး ၁၂ ပတ်ပေါ့ကွာ’ အဲဒါကို မှန်မှန်စိပ်ပေးတယ်။ ဆရာဦးပြည်သိမ်းပေးတဲ့နည်းမှာတော့ ပုတီးစိပ် မပါပါဘူး။ ချိတ်ထားရုံပဲ။ ကဲ… ကဲ အဲဒီဘုတ်ကြီးကို ငါ ဓာတ်ပုံရိုက်ထားတယ်ကွ။ မင်းကို ဓာတ်ပုံတစ်ပုံ ပေးလိုက်မယ်”

ဟု ဆိုကာ ကျွန်ုပ်သည် ဓာတ်တူ နာမ်တူ ဆေးဖက်ယူနည်းဖြင့် ပြုလုပ်ထားသော ပုံကြီးကို ပေးလိုက်လေ၏။

“ဓာတ်တူ နာမ်တူ ငွေကို ယူ” လို့ အစီအရင်ကို နာမည်ပေးလိုက်ရမယ်အစ်ကိုရဲ့” ဟု ပြောသွားသေး၏။

အထက်ပါအဖြစ်အပျက်များ ဖြစ်ခဲ့ပြီး ဆယ်ရက်ခန့်ကြာသောအခါ ၌ ၀င်းဇော်သည် ကျွန်ုပ်ပေးလိုက်သော “ဓာတ်တူ နာမည်တူ ငွေကိုယူ” အစီအရင်ဓာတ်ပုံအား လာ၍ ပေးလေ၏။

ထို့ကြောင့် ကျွန်ုပ်က

“ဘယ်လိုလဲကွ၊ မစွမ်းဘူးလား”

ဟု မေးလိုက်လေ၏။

ထိုအခါ ၀င်းဇော်က

“စွမ်းပြီလား အစ်ကိုရယ်။ အဲဒါကြောင့် ကျွန်တော်လည်း ငွေစက္ကူအစစ်နဲ့ လုပ်ထားပြီးပြီ။ အဲဒါကြောင့် ဓာတ်ပုံကို ပြန်လာပေးတာ”

ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ထိုဓာတ်ပုံကို ကျွန်ုပ်ထံတွင် စာမူလာစောင့်ယူနေသော ရောင်ပြန်မဂ္ဂဇင်းအယ်တီတာ မောင်မောင်မြင့်အေးအား ပေးလိုက်လေတော့သတည်း။

 

#မင်းသိင်္ခ