မြတ်ဗုဒ္ဓ၏ မဟာပုရိသလက္ခဏာတော်နှင့် ဥပဓိရုပ်

 

လူသားသည် သတ္တလောကတွင် အသိဥာဏ်အရှိဆုံးသတ္တဝါဖြစ်သည်။ လူသည် မိမိ၏အကောင်းအဆိုးကို သိသည်။ တစ်ပါးသူ၏ အကောင်း အဆိုးကိုလည်း မြင်အောင်ရှုကြည့်နိုင်စွမ်းသည်။

အသိဥာဏ်ပိုင်သော လူသားက နက္ခတ် ဗေဒင်၊ နတ်၊ မှော်၊ အကြားအမြင်၊ ဂမ္ဘီရ၊ ဝေဒပညာရပ်များနှင့် ဥပဓိရုပ်အဟော၊ လောကီပညာရပ်များ အပေါ် စိတ်ဝင်စားခဲ့ကြသည်။

ဥပဓိရုပ်အဟောပညာရပ်မှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်းရာထောင်မကသော ကာလ မြတ်ဗုဒ္ဓဘုရား ရှင်လက်ထက်ကပင် ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာ့ လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့က ဥပဓိရုပ် အဟော ပညာရပ်ကို လူသားထုပတ်ဝန်းကျင်တွင် အသုံးပြု၍ သုတေသနပြုခဲ့ကြသော ဂုရုရသေ့ကြီး၊ ပညာရှင် များစွာရှိသည်။ ယောဂအကျင့်မြတ်ကို ကျင့်ကြံရာမှ လျှို့ဝှက်နက်နဲသော ဥပဓိရုပ် အဟော ကျမ်းကို စူးစမ်း လေ့လာခဲ့ကြသည်။

ဥပဓိရုပ်အဟောကျမ်းကို လေ့လာလိုက်စား ကြသောသူများသည် လောကကို အောင်နိုင်သူ ဂမ္ဘီရ ပညာရှင်၊ ဝေဒပညာရှင်များအဖြစ် ကျော်ကြားခဲ့ကြ သည်။ ဥပဓိရုပ်အဟောကျမ်း၊ ဝေဒကျမ်း၊ ဗေဒင် ကျမ်း၊ လက္ခဏာကျမ်းတို့က လူသားတစ်ဦးအပေါ် လွှမ်းမိုးပြီး ကျားçမ မဟူ ဟောပြောတွက်ဆနိုင် သော ပညာရပ်ပင်ဖြစ်သည်။

မဟာပုရိသယောကျာ်းမြတ်တို့၏ ၃၂ ပါး သော လက္ခဏာတော်ကို မြတ်စွာဘုရားသခင်တွင် တွေ့မြင်ခွင့်ရကြသည်။

(၁) ညီညာသောခြေဖဝါးအပြင်ရှိခြင်း

(၂) ၁၀၈ ကွက်စက်လက္ခဏာရှိသော ခြေဖ ဝါးရှိခြင်း။

(၃) လုံးဝန်းရှည်သော ဖနောင့်ရှိခြင်း။

(၄) ရင်းတုတ်ဖျားသွယ်သော ခြေချောင်း လက်ချောင်းရှိခြင်း။

(၅) ဖွားစအခါကဲ့သို့ နုသောလက်ရှိခြင်း။

(၆) အတိုအရှည်မရှိ ညီညာသောလက် ချောင်း၊ ခြေချောင်းရှိခြင်း။

(၇) မြင့်သော ဖမျက်ရှိခြင်း။

(၈) ခြေသလုံး၌ အသားစိုင်ရှိခြင်း။

(၉) လက်သည် ဒူးဆစ်ကို မီခြင်း။

(၁၀) အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ်ရှိ ခြင်း။

(၁၁) ရွှေအဆင်းကဲ့သို့သော အဆင်းရှိခြင်း။

(၁၂) နုနယ်သော အသားအရေရှိခြင်း။

(၁၃) မွေးညှင်းအတွင်းတွင် တစ်ပင်စီသာ ပေါက်ခြင်း။

(၁၄) အမွေးများ အထက်သို့ကော့တက်နေ ခြင်း။

(၁၅) ဖြောင့်မတ်သော ကိုယ်ရှိခြင်း။

(၁၆) လက်ဖမိုး၊ ခြေဖမိုး၊ ပခုံးစွန်း၊ လည် ကုပ်တို့တွင် ပြည့်ဖြိုးခြင်း။

(၁၇) လက်ရိုးနှစ်ခုကြားရှိ ပြည့်သောအသား ရှိခြင်း။

(၁၈) ခြင်္သေ့၏ကိုယ်ခန္ဓာနှင့် တူခြင်း။

(၁၉) အလံနှင့် အရပ်ညီမျှခြင်း။

(၂၀) လှပသောပခုံး၊ လည်ပင်းရှိခြင်း။

(၂၁) အကြောကောင်းခြင်း။

(၂၂) ခြင်္သေ့မေးရိုးနှင့်တူခြင်း။

(၂၃) သွားပေါင်း (၄၀) ရှိခြင်း။

(၂၄) ညီညာသောသွားရှိခြင်း။

(၂၅) ကျိုးကျဲမရှိသော သွားရှိခြင်း။

(၂၆) သွားများဖြူစင်၍ သွားစွယ်ရှိခြင်း။

(၂၇) နှာခေါင်းပေါက်၊ နားပေါက်တို့ကို သုံး သပ်နိုင်သော လျှာရှိခြင်း။

(၂၈) ဗြဟ္မာမင်း၏အသံ၊ ကရဝိက်သံနှင့်တူ သောအသံရှိခြင်း။

(၂၉) ညိုသင့်ရာ၌ ညိုသော မျက်လုံးအိမ် ရှိခြင်း။

(၃၀) နွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံး အိမ်ရှိခြင်း။

(၃၁) မျက်ခုံးနှစ်သွယ် အလယ်တည့်တည့်၌ ဥဏ္ဏလုံမွေးရှင်တော်ရှိခြင်း။

(၃၂) နဖူးသင်းကျစ်ရှိခြင်း။

မြတ်ဗုဒ္ဓ၏ မဟာပုရိသလက္ခဏာတော် ၃၂ ပါးကို သုတ်ပါထေယျ လက္ခဏသုတ်တွင် ဖွင့်ဆိုခဲ့ သည်။

ထို့ပြင် လက္ခဏာတော်ငယ် ရှစ်ဆယ်ဖြာဖြင့် ရုပ်ခန္ဓာတော်ကို ရှုမြင်သုံးသပ်သည်။ မဟာပုရိသ ၃၂ ပါးသော လက္ခဏာတော်ကြီး၏ အခြံအရံဖြစ် သော ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့က ဂုဏ်ကျက်သရေရှိလှသည်။

မဟာပုရိသ ၃၂ ပါးသော လက္ခဏာတော် ကြီးနှင့် လက္ခဏာတော်ငယ် ရှစ်ဆယ်တို့သည် သုံး လောကထွတ်ထား မြတ်ဗုဒ္ဓ၏လက္ခဏာတော်များ သာ ဖြစ်ကြသည်။ မဟာပုရိသတို့မှအပ လူသာမန် တို့ပါရှိခဲသော သွင်ပြင်ဖြစ်သည်။ ဘုန်းကံကြီးမား သော ပါရမီရှင်ပုရိသ ယောကျာ်းများတွင်သာ လက္ခဏာတော် သုံးလေးခုမျှ ပါရှိနိုင်ကြသည်။

ထူးခြားသောလက္ခဏာတော်တို့က ပုရိသ ယောကျာ်းမြတ် သူဌေး၊ သြွူကယ်၊ ပညာရှင်၊ မှူး မတ်၊ မင်းတို့တွင် ပါဝင်သည်။

ယောကျာ်းမြတ်တို့၏ လက္ခဏာများတွင် ရှည်ခြင်း ငါးပါး၊ တိုခြင်း လေးပါး၊ နီခြင်း ခုနစ်ပါး၊ မောက်ခြင်းခြောက်ပါး၊ ပြေပြစ်နူးညံ့ခြင်းငါးပါး၊ နက် ခြင်း နှစ်ပါး၊ ထူခြင်း သုံးပါး၊ ကြီးခြင်း သုံးပါး၊ အသေး ငါးပါးတို့ဖြင့် ပြီးပြည့်စုံလျှင် ယောကျာ်း ကောင်း ယောကျာ်းမြတ်တို့၏ ကြန်အင်လက္ခဏာပင် ဖြစ်သည်။

(၁) ရှည်ခြင်းငါးပါးတွင် လက်ရုံးရှည်ခြင်း၊ မေးဖျားရှည်ခြင်း၊ နှာခေါင်းရှည်ခြင်း၊ လျှာရှည်ခြင်း၊ ဦးခေါင်းရှည်ခြင်းတို့ ဖြစ်သည်။

(၂) တိုခြင်းငါးပါးတွင် အင်္ဂါဇတ်တိုခြင်း၊ လက် တိုခြင်း၊ ကျောတိုခြင်း၊ မြင်းခေါင်းတိုခြင်းတို့ဖြစ်သည်။

(၃) နီခြင်းခုနစ်ပါးတွင် လက်ဖဝါးနီခြင်း၊ မျက်ဆံနီခြင်း၊ နှုတ်ခမ်းနီခြင်း၊ သွားဖုံးနီခြင်း၊ လက် ဆစ်များနီခြင်း၊ ခြေဖျားနီခြင်း၊ အာခေါင်နီခြင်းတို့ဖြစ် သည်။

(၄) မောက်ခြင်းငါးပါးတွင် လက်မောက်ခြင်း၊ ဖမိုးမောက်ခြင်း၊ ပခုံးမောက်ခြင်း၊ လည်ချောင်း မောက်ခြင်း၊ ရင်မောက်ခြင်း၊ နဖူးမောက်ခြင်းတို့ဖြစ် သည်။

(၅) ပြေပြစ်နူးညံ့ခြင်းငါးပါးတွင် အသားအရေ နူးညံ့ခြင်း၊ စကားပြောဆိုနူးညံ့ခြင်း၊ ဆံပင်နူးညံ့ပြေ ပြစ်ခြင်း၊ နှုတ်ခမ်းနူးညံ့ခြင်း၊ အသွားအလာနူးညံ့ပြေ ပြစ်ခြင်းတို့ ဖြစ်သည်။

(၆) နက်ခြင်းနှစ်ပါးတွင် ချက်နက်ခြင်း၊ အသံ နက်ခြင်းတို့ ဖြစ်သည်။

(၇) ထူခြင်းသုံးပါးတွင် နားအသားထူခြင်း၊ နားအဖျားထူခြင်း၊ နားကင်းထူခြင်းတို့ဖြစ်သည်။

(၈) ကြီးခြင်းသုံးပါးတွင် ပေါင်ကြီးခြင်း၊ ဦး ခေါင်းကြီးခြင်း၊ နဖူးကြီးခြင်းတို့ဖြစ်သည်။

(၉) အသေးငါးပါးတွင် အဆစ်ပြေသဖြင့် လက်ချောင်းသေးခြင်း၊ ခြေချောင်းသေးခြင်း၊ သွားအ စဉ်တညီတညွတ်တည်းသေးခြင်း၊ ဆံပင်သေးခြင်း၊ လက်သည်းခြေသည်း သေးခြင်းတို့ဖြစ်သည်။

မိန်းမတို့၏ ကောင်းခြင်း ၆၄ ပါးရှိရာ ခြေ လက္ခဏာ ၁၆ ပါး၊ ကိုယ်လက္ခဏာ ၁၆ ပါး၊ စိတ်လက္ခဏာ ခြောက်ပါး၊ လက်ဖဝါးလက္ခဏာ ၁၃ ပါး၊ မျက်နှာလက္ခဏာ ရှစ်ပါး၊ သွားလက္ခဏာ တစ်ပါး၊ မျက်စိလက္ခဏာ လေးပါး၊ ဆံပင်လက္ခဏာ သုံးပါးတို့ဖြစ်ကြသည်။

ယောကျာ်း မိန်းမတို့၏ ယုတ်မာသောလက္ခဏာမှာ

(၁) အနံ အလျား ခြားနားမသိအောင် ကြီးစွာသောဖဝါးရှိခြင်း၊

(၂) ပဲ့ပဲ့ကုပ်ကုပ် ပုပ်သောခြေ သည်းလက်သည်းရှိခြင်း၊

(၃) ပါးရေတွန့်လျော့ ကျော၊ ဝမ်း တစ်ကိုယ်လုံးမှာ  စက်ဆုတ်ဖွယ်ထမင်း ဆုပ်ကဲ့သို့ တွဲရရွဲရသော အသားရှိခြင်း၊

(၄) အံသွား ကျိုးပြတ်၍ အထက်နှုတ်ခမ်းများလည်း ပါးရိုးခိုက်လု နီးပါး ထုကြီးလျက်ရှည်ခြင်း၊

(၅) ပါးစောင်နှစ်ဖက်မှ ယိုထွက်သော အရည်သည် စက်ဆုပ်လုခမန်းရှိခြင်း၊

(၆) မကျိုးဘဲကျန်သေးသည့် ရှေ့သွားလည်း နှုတ် ခမ်းသား မဖုံးအောင်ခေါခြင်း၊

(၇) ရင်းပိန် ဖျားမောက် ကောက်သော နှာရောင်ရှိခြင်း၊

(၈) အိုးစရည်း လောက်နီးနီး အိုင်းသောဝမ်းရှိခြင်း၊

(၉) တွန့်ကိုင်း လေးရေးကဲ့သို့ ကောက်ကွေးသော ကျောကုန်းသည် ရှိခြင်း၊

(၁၀) တစ်ဖက်ကျဉ်းကျယ် မတင့်တယ်သော မျက်စိရှိခြင်း၊

(၁၁) ဖြူနီပြောက်ကျား ဖွားလျား သော မုတ်ဆိတ်ကျင်စွယ်ရှိခြင်း၊

(၁၂) ဦးခေါင်း၌ ဆံပင်လည်း ဖြူနီရောထွေး၍ ရွှေသောအဆင်းလည်း ရှိခြင်း၊

(၁၃) အခေါက်ထူစွာ တွန့်လိပ်သော အရေ ရှိခြင်း၊

(၁၄) ရင်ဘတ်၊ လည်ပင်း၊ မျက်နှာတို့၌ မှဲ့မည်းပြောက်ကျားသည် စက်ဆုပ်ဖွယ်ရှိခြင်း၊

(၁၅) မွဲပြာသီမှောင် ကြောင်သောမျက်စိရှိခြင်း၊

(၁၆) ခါး၊ ကျောကုန်း၊ လည်ကုပ် ဤသုံးပါးသောအရပ်တို့၌ ရှိုင်းချိုင့်ရှိခြင်း၊

(၁၇) အရိုး အဆက် မစပ်၍ တဆတ် ဆတ်ခါလျက် ဆောင်ပေါ်သွားခြင်းဖြင့် ခွင်ကောက် သော ခြေလည်းရှိခြင်း၊

(၁၈) ကြီးမားကြံ့ခိုင်သော ကိုယ်၊ ရုန့်ရင်းကြမ်းတမ်းသော အရာရှိခြင်းတို့ ဖြစ် ကြသည်။

 

သုတသန္နိစယမူကျယ်ကျမ်းတွင် အင်္ဂါဇာတ် နှင့်ပတ်သက်၍ ဥပဓိဝပတ္တိဖြစ်၍ ခန္ဓာကိုယ်ချွတ် ယွင်းမှု မကောင်းကျိုးပေးတတ်သည်။

လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာမပြည့်စုံ သောသူသည် ဆင်းရဲတတ်သည်။ ရုပ်ရည်နူးညံ့သော သူသည် စိတ်နူးညံ့တတ်သည်။ ရုပ်ရည်ကြမ်းသည်။

 

ဦးခေါင်းလက္ခဏာ

လူ၏ဦးခေါင်းလက္ခဏာသည် မြင့်မြတ်ဆုံး နေရာတွင်ရှိသည်။ ဦးခေါင်းကြီးမှု အများခင်မင်တတ် သည်။ ဦးခေါင်းလုံးမှု ကောင်းစားတတ်သည်။ ဝန်း လျှင် ဂုဏ်မရှိတတ်ပါ။ ငယ်မူ ဝန်တိုတတ်သည်။ နဖူးမောက်မူ ပြုစုတတ်သည်။ ဆင်ဦးကင်းနှင့်တူမူ အများချစ်တတ်သည်။ နောက်စေ့ထွက်မူ Óာဏ်ထိုး ထွင်းတတ်သည်။ နောက်ဘက်နက်မူ ပျင်းရိတတ် သည်။

 

နားရွက်လက္ခဏာ

နားရွက်ကြီးမူ ပြုစုတတ်သည်။ ငယ်မူ ငြိုငြင် တတ်သည်။ ဝန်းမူ ပညာရှိတတ်သည်။ ချွန်မူ မင်း ဖြစ်တတ်သည်။ ရှည်မူ ပညာကြီးတတ်သည်။ နား တွင်းကျယ်မူ ကျော်စောသည်။ နားမွေးများမူ လူ အများ ချစ်တတ်သည်။

 

မျက်စိလက္ခဏာ

မျက်စိကျယ်မူ ဥာဏ်ကြီးသည် ဝန်းမူ လျှပ် ပေါ်တတ်သည်။ ညိုမူ တောင်းရမ်းတတ်သည်။ ကြောင်မူ ကြမ်းတမ်းတတ်သည်။ မျက်ခမ်းနီမူ လူမုန်းများတတ်သည်။

 

နှာခေါင်းလက္ခဏာ

နှာခေါင်းသည် ကြောင်နှာခေါင်းနှင့်တူမူ ပ ညာရှိတတ်သည်။ ကျားသစ်နှာခေါင်းနှင့်တူမူ ကြွယ်ဝတတ်သည်။ နှာချွန်မူ မိတ်ဆွေများတတ်သည်။ နှာ တိုမူ ဥစ္စာတိုးပွားတတ်သည်။ နှာပွမူ ကြမ်းကြုတ် တတ်သည်။

 

လျှာလက္ခဏာ

လျှာလယ်ရှိုက်မူ ရွှေ၊ ငွေ၊ စပါးပေါများ တတ်သည်။ ကျီးလျှာနှင့်တူမူ ချစ်သူပေါများတတ် သည်။ လျှာဝန်းမူ ပညာတတ်သည်။ လျှာရှည်မူ အများခဝပ်ရသည်။

 

သွားလက္ခဏာ

သွားကြီးမူ မြဲမြံတတ်သည်။ ငယ်မူ ဆင်းရဲ တတ်သည်။ သွားကျဲမူ ဥာဏ်ရှိတတ်သည်။ သွားစိပ်မူ စကားကြွယ်တတ်သည်။ သွားချွန်မူ အများချစ်တတ် သည်။

 

နှုတ်ခမ်းလက္ခဏာ

နှုတ်ခမ်းငယ်မူ ပျော်ရွှင်တတ်သည်။ နှုတ်ခမ်း ကြီးမူ၊ ထူမူ ဆင်းရဲတတ်သည်။ နှုတ်ခမ်းနီမူ ဘုန်းရှိ တတ်သည်။ နှုတ်ခမ်းဖြူမူ အများပူဇော်တတ်သည်။ မည်းမူ ရှုပ်ပွေတတ်သည်။ နှုတ်ခမ်းပါးမူ စကား ကောင်းတတ်သည်။

 

ဥပဓိရုပ်အဟောပညာရပ်သည် ရူပလက္ခ ဏာကိုအခြေခံ၍ နိမိတ်ဖတ်သောပညာရပ်ဖြစ်သည်။ ဥပဓိရုပ်ပညာရပ်သည် မှော်ဗေဒင်၊ နတ်ဗေဒင်၊ နက္ခ ဗေဒင်ပညာရပ်များနှင့် မသက်ဆိုင်ပါ။

ဥပဓိရုပ်အဟောပညာရပ်မှာ အတိတ်ဘဝကို လည်း မဟောပါ။ အနာဂတ်ဘဝကိုလည်း မဖွင့်ဆို ပါ။ ပစ္စုပ္ပန်ကျကျ လူ့ဘဝ၏အကောင်းအဆိုး၊ အမှား အမှန်၊ အတက်အကျကိုသာ ဖွင့်ဆိုပြသောပညာရပ် ဖြစ်သည်။

လူ့လောကအသိုင်းအဝိုင်းတွင် လူကဲခတ် ပညာရပ်ကို လူသားချင်းက ဥပဓိရုပ်ကိုကြည့်ရှုအကဲ ခတ်ပြီး ပေါင်းသင့်သူနှင့် မှီဝဲဆည်းကပ်သင့်သူတို့ကို ရှာဖွေပေါင်းသင်းသင့်ပါကြောင်း …။

 

မြန်ဂုဏ်ဆောင်