အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အရှင် ဇေယျသိဒ္ဓိ ဓမ္မဥာဏိက ရွှေပေါ်ကျွန်း ဆရာတော်ကြီးမှ ရှေးက သတိပေးခဲ့သောစာ

 

“ရှက်ဖူးလား၊ ကြောက်ဖူးလား”

ရာဆုတ်ပွဲ ကမ္ဘာအရှုပ်ထဲ

လူ့ဘဝကို ဘာလုပ်ဖို့လာတာလဲ…

အပူနဲ့ လာတာလား …

အကူနဲ့ လာတာလား …

အယူနဲ့ လာတာလား …

ရှက်ဖူးလား … ကြောက်ဖူးလား …

ရွှေပေါ်ကျွန်းသာသနာပြုစခန်း

“အပူနဲ့ လာတာလား၊ အကူနဲ့ လာတာလား၊ အယူနဲ့ လာတာလား”ဟူသော လား သုံးခု၊ လား မေးခွန်း၏ နောက်မှာ စာတစ်ကြောင်းတိုးကို ဤစက္ကူချပ်ပြား၏ နောက်ကြောမှာ ရေးထားသည်မို့လို့ နောက်မှ လှည့်ကြည့်မိသည်။ တစ်ကြောင်းတိုး မေးခွန်းက –

“ရှက်ဖူးလား … ကြောက်ဖူးလား”ဟူ သတည်း။

ဤသည်မှာ ဟီရိဩတ္တပ္ပတရား နှစ်ပါးဟု သတိရမိသည်။ မဟုတ်မမှန်သည့် အမှားကို အမှား မှန်းသိလျက် ပစ္စုပ္ပန်အကျိုးကို အရယူလိုသည့် မျက် ကန်းတစ္ဆေမကြောက်၊ မှားမှားမှောက်မှောက် ငရဲ မကြောက်၊ ဝဋ်ကြွေးသံသရာကို မကြောက်၊ ရှက်ရ မှန်း မသိ၊ ကြောက်ရမှန်း မသိကြသည့် အဖြစ်ဆိုး၊ ဘဝဆိုး သံသရာဆိုး၊ ဆိုးသွမ်းသံသရာကို မသိ ကြခြင်း၏အဖြစ်ကို ပေါ်လွင်ထင်ရှားစေသည်။

အထူးသဖြင့် သာသနာအား ခုတုံးလုပ်၊ သာသနာ့လုပ်ငန်းစစ်မှန် အဖြူထည်သက်သက်ကို အနက်ရောင် ဆိုးလိုက်ခြင်း၏ အမှားသံသရာကို သိစေရာ၏။

တစ်ဘဝစာအတွက် မမှန်သော၊ လှည့်စား ဖြားယောင်းသော၊ အရိုးကို အရွက်ဖုံးသော ဖြစ်ပွားမှု ကြီးမျိုးကို သိသိကြီးနှင့် ဘယ်လိုလိမ်လိမ်၊ ဘယ်လိုပဲ ကောက်ကွေ့ပါစေ အရှက်နှင့် အကြောက် မရှိခြင်း၏ ဆိုးကျိုးဖြစ်ရပ်အား လူတကာကို ဖုံးပိတ် ကာဆီး၍ တစ်ခဏသာရလျှင် ရမည်၊ ဤအမှားကြီးကို အသိဆုံး သည် ကာယကံရှင်သာ အသိဆုံးဖြစ်လေသည်။

“အမှားကိုမြင် ပြင်ဆင်ပါက တစ်ခဏတည်း” အမှားကြီးငယ်ကို သိလျင်သိချင်း ပြင်ဆင်နိုင်ရမည်။ ဤသို့ ပြင်ဆင်ရာတွင် ပြင်ဆင်ချိန်ရတုန်း ရသခိုက် စိတ်လိုလိုက် အမှားငုပ်ရိုက်ပြီးကို ချက်ချင်း ဆွဲချွတ် ပြုပြင်လေက အမှန်သို့ ရောက်ရသည်။

ဤသည်ကို ပြင်ဆင်စေလိုသဖြင့် ဟိရိ ဩတ္တပ္ပ တရား နှစ်ပါးကို အရှင်မြတ်မှ ပွင့်လင်းမြင် သာစေသဖြင့် မိမိတို့ဘက်က အလွန်သတိထားကြရ ပါမည်။

အထူးသဖြင့် ဖော်ပြပြီးအတိုင်း သာသနာ ပြုစခန်းကြီးများဆီသို့ ပါရမီရှင်များသည် မိမိတို့၏ ပါရမီစိတ်ဓာတ်ဖြင့် မိမိပါရမီအလုပ်ကို မိမိလုပ်လျက် ဘဝတက်လမ်းအဆင့်ဆင့်ဆီ မြင့်သည်ထက် မြင့်ရာ သို့ ကိုယ့်ပါရမီ ကိုယ်ဖြည့် တက်လှမ်းကြသူများရှိ သကဲ့သို့ ကိုယ့်ပါရမီကိစ္စအတွက် ဖြည့်ဆည်းချိန်ရပါ လျက် မဖြည့်စွက်နိုင်သည့်အပြင် ရှေ့မှာမေးထား သကဲ့သို့ သတိဖြင့် ပြန်ဖြည့်လျှင် “အယူနဲ့ လာတာ လား”၊ “အကူနဲ့ လာတာလား”၊ “အပူနဲ့ လာတာ လား”ဆိုသည့် သာသနာ့စခန်းကြီးဆီက မေးထား သည့် မေးခွန်းကို အချိန်မီသတိရ၊ သတိပညာ လှလှ နှင့် ပြုပြင်ပါက ကိုယ့်ပါရမီ ကိုယ်ဖြည့်ရန် နောက် မကျနိုင်ချေ။

ရွှေပေါ်ကျွန်း သာသနာ့စခန်းကြီးဘက်မှ ရှင်းလင်းမြင်သာအောင် မေးခွန်းသုံးရပ်ကို မေးခဲ့ပြီး ပြီ။ ဤမေးခွန်းသုံးရပ်၏ နောက်ကွယ်မှ “ရှက်ဖူးလား၊ ကြောက်ဖူးလား”ဆိုသည့်ဖြင့် အချုပ်အားဖြင့် ထပ်ဆင့်မေးခွန်းသည် “ရှက်တတ်၊ ကြောက်တတ်” လျှင် အကျိုးရှိမည်ဆိုသည်ကိုပါ ရည်ညွှန်းသည်။အထူးသတိထားစရာသာတည်း။

ရွှေပေါ်ကျွန်း ဆရာတော်ကြီး၏ သာသနာပြု စခန်းဘက်မှ ရပ်တည်ချက်က ပြတ်သားလှပါသည်။ သင်သည် လူကောင်းလား၊ လူဆိုးလားဟု အထူး မစစ်ဆေးပါ။ အဘယ်ကြောင့်ဆိုသော ဆရာတော် ကြီးဘက်မှ အမြင်က အံ့ဖွယ်ဖြစ်၏။

“လူတစ်ယောက်ကို မကောင်းမှန်းသိလျက် ဘာကြောင့် လက်ခံပါသနည်းဆိုပါမူ” မကောင်း သူကို အများက ပစ်ပယ်လေ ပို၍သာ၍ မကောင်း လမ်းသို့ ထိုသူ ရောက်သွားနိုင်မည်။ မိမိတို့ဘက်မှ ဗုဒ္ဓသာသနာတော်၏ အဆုံးအမဩဝါဒဖြင့် စိတ်ရှည်၊ ဇွဲသန်၊ သည်းခံပြီးပြုပြင်၍ ထိုသူတစ်ဦးတစ်ယောက် သည် အမှားလမ်းမှ အမှန်လမ်းဆီသို့ ရောက်သွား ပါက ထိုသူ့ဘဝ ကျေးဇူးများပေအံ့ဟူသော သည်းခံ ခွင့်လွှတ်ခြင်း မေတ္တာဖြင့် တမင်သက်သက် ခွင့်လွှတ် ကာ အနစ်နာခံပြုပြင်ပေးခြင်းသာဖြစ်ပါသည်။

ဆရာတော်ဘုရား၏ ဤစေတနာ၊ သည်းခံ ခွင့်လွှတ်ခြင်းကြောင့် ကျွတ်တမ်းဝင်၊ လွတ်လမ်း ရောက်သွားကြသူတွေ များစွာရှိသလို ဤသည်းခံ ခွင့်လွှတ်ခြင်းကို အခွင့်ကောင်းယူ၍ “အရှက်တရား နှင့် အကြောက်တရား” နှစ်ပါးအား ဇွတ်ကြီး မျက် ကွယ်ပြုပါက ထိုသူလို လူစားများအတွက် ဆရာ တော်က အပြစ်မဆို၊ ခွင့်လွှတ်သော်လည်း ထိုသူ ၏ ယခုဘဝနှင့် လားရာဘဝများအတွက်ကား မစဉ်း စားရဲအောင် နစ်နာကြေကွဲကြရမည်သာတည်း။

ကျေးဇူးရှင် ရွှေပေါ်ကျွန်းဆရာတော်ကြီး၏ ဘက်မှ အလွန်ရိုးဖြောင့် ဖြူစင်သော မေတ္တာခရီးဖြင့် သည်းခံခွင့်လွှတ်နေတတ်လေ၏။ သူတော်ကောင်း ပုဂ္ဂိုလ်များဘက်က ခွင့်လွှတ်လျှင် ကိုယ့်ဘက်က အချိန်မီ ပြုပြင်က ကောင်းကျိုးအနန္တတည်း။  ဤ သို့မှမဟုတ်မူဘဲ အမှားလမ်းဆီ ခပ်တည်တည် ဆက် လျှောက်နေမည်ဆိုက ကြာလေ အမှားအင်အားကြီး ထွား များပြားလျက် ရှင်းမရအောင် ရှုပ်သောအဖြစ် ဖြင့် ကြုံရ ဆုံရနိုင်ပါသည်။

“တရားနဲ့သာ ဆွေမျိုးတော်နိုင်တယ်။

အမှားနဲ့ ဆွေမျိုးမတော်နိုင်”

“တရားအရာကို စကားပရိယာယ်ဖြင့် မကာကွယ်ပါနှင့်”

“တရားလက်ဆောင်ထိုးပါ။ စကားလက် ဆောင် မထိုးပါနဲ့။

တရားလက်ဆောင် ထိုးမှ အောင်မည်၊ စကား လက်ဆောင် ထိုး၍ မအောင်နိုင်ပါ”

စသည့် ဆုံးမလမ်းညွှန်ချက်တို့သည် လူ တိုင်းအတွက် အသိတရားကို ရင့်ကျက်စေနိုင်သော အချက်အလက်များဖြစ်သလို စဉ်းစားချိန် ရယူစဉ်း စားလျက် အသိတစ်လုံး ပေါက်ပါလျှင်မူ အဝအောင် လံထူကြမည်ဖြစ်ပါသည်။

ထို့ပြင် “စကား”နှင့်ပတ်သက်၍ –

“စကားကို စုမပြောနဲ့

တရားကို လုမဟောနဲ့”

“စကားတတ်လျှင် စောင့်ပြော၊ တရား တတ်လျှင် ဖြောင့်ဟော”

“စကားနဲ့ ငြိနေလျှင် တရားမမိနိုင်”

“စကားကို မှောက်ချီ လှန်ချီ လုပ်လို့ရနိုင် သော်လည်း တရားကို မှောက်ချီ လှန်ချီ လုပ်၍ မရပါ”

ဆိုသည့် ဆရာတော်ကြီး၏ ရှေ့မီနောက်မီ ဆုံးမချက်ကို လက်တွေ့လိုက်နာကာ ဆင်ခြင်တုံ တရားဖြင့် မြင့်ရာသို့ တက်ရာ၏။

“တရားဆိုတာ အတည့်သွား

စကားဆိုတာ လှည့်စားတတ်၏ သတိထား”

ဆိုသည်ကိုလည်း သတိရမိပါသည်။

လူ့ဘဝသက်တမ်းတိုကာလ ကျဉ်းမြောင်း လှတဲ့ ဘဝလေးအတွင်းမှာ –

“တရားဆိုတာကို အဖြောင့်သွား အဖြူစိတ် ထားနှင့် ရိုးသားတည့်မတ်ခြင်းဖြင့်သာ ရနိုင်တယ်”

ဆိုသည့်အချက်ကို နှလုံးသွင်း မှန်ကန်စွာ ဖြင့်သာ လောကနှင့် ဓမ္မအရာတို့တွင် ဖြူဖြောင့်ရိုး သားမှုကို ရှေးဦးစွာ အရယူအပိုင်ဖြစ်အောင် ကျင့် သုံးနေထိုင်ခြင်းဖြင့် ဘဝရပ်တည်ချိန်တိုင်းအတွက် ဖြစ်စေလိုသော ဆန္ဒတော်ကို ပေါ်လွင်စေလေသည်။

“ပါးစပ်က ဘုရား ဘုရား

လက်က ကိုးယိုးကားယား” သတိထား ကြ။

“ဘုရားနှင့် နီး၊ တရားနှင့် ဝေး” ဆင်ခြင် ကြ။

“မိမိအတွေးအခေါ်တွေကို မိမိအမြဲဆန်း စစ်လေ့လာပေးပါ။ အတွေးမချော်၊ မမှားကြလေနှင့်။ အချိန်မရှိဘူး”ဟူ၍လည်းကောင်း၊

“အမှားကြာ အမှန်မဖြစ်စေနှင့်၊ အမှားက အမှားသာဖြစ်တယ်။

ဘယ်လောက်ကြာကြာ အမှန်မဖြစ်စေ သင့်” သတိရှိစေ။

မည်သူ့ကိုမဆို “မိမိအမှားက မိမိဘဝ ကို ပြန်ပြီးဖျက်ဆီးနိုင်၏။”

“မိမိအမှားက မိမိကို ပြန်သတ်နိုင်ပေ သည်။ စဉ်းစားတွေးခေါ် မှား၊ အယူမှားကို အမြန် စစ်၊ အမြန်ပြင် အချိန်က ကုန်လွယ်တယ်။”

“အချိန်ဆိုတာ ချိန်ကြည့်လေ မရှိလေ”

အချိန်တိုင်းကို ကုသိုလ်၊ စရဏ၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ တရားထူးတရားမြတ်များ ဖြင့် မိမိဘဝကို မိမိအရောင်တင် အကွက်ရိုက် မဂ္ဂင် ဖောင်ဆိုက် အထက် အထက်လမ်းဆီသို့ ကိုယ့်စိတ် ကိုယ်စစ် ကိုယ့်ကိုယ်ကို ပြင်ဆင်၊ အချိန်ရှိသေးခြင်း ဟူသတည်း။

 

မြေလတ်မြတ်သူ