မြေစောင့်နတ်ကို ပူဇော်နည်း

မြေကိုင်သည်ဆိုသော ဖြစ်ရပ်မျိုးကြုံလာလျှင် မြေစောင့်နတ်တွင် ကန်တော့ပွဲ လှူ၍လည်း တိုင်တည် ဆုတောင်းနိုင်ပါသည်။

တစ်နေ့တွင် ကျွန်တော်သည် အသိမိတ်ဆွေတစ်ဦး၏ အိမ်သို့ အဆောင်ထုလုပ်ရန်အတွက် သစ်များသွား၍ ယူခဲ့စဉ် မိတ်ဆွေ၏အိမ်ဘေးမှ အိမ်နီးချင်းကလေးတစ်ယောက်သည် မနားတမ်း အော်ဟစ်၍ ငိုနေသည်ကို ကြားခဲ့ရပါသည်။

လွန်စွာ နားမချမ်းသာလှသောကြောင့် စုံစမ်း၍ ကြည့်သောအခါ ကလေးငယ်၏ ဒူးခေါင်းမှာ လွန်စွာ ယောင်ကိုင်းနေသည်ကို တွေ့ရပါသည်။ “ကလေးက ဘာဖြစ်တာလဲ…”ဟု မေးကြည့်သောအခါ ထိုကလေး၏ မိခင်က – “ကလေးက လယ်ကွင်းထဲမှာ ဘောလုံးသွားကစားရင်း ဒူးထောက်လဲကျသွားရာကနေ အခုလို ဖြစ်သွားတာပါ…၊ ပြင်းပြင်းထန်ထန် ထိခိုက်တာမဟုတ်ဘဲနဲ့ မသက်သာဘူးဖြစ်နေတယ်…”ဟု ပြန်၍ပြောပါသည်။
ကျွန်တော်က – “ဓာတ်မှန်ရိုက်ကြည့်တာတို့၊ ဆရာဝန်နဲ့ကုတာတို့ မလုပ်ဘူးလား…” ဟု မေးလိုက်လျှင်ကလေး၏မိခင်က – “ဓာတ်မှန်လည်း ရိုက်ကြည့်ပြီးပြီ၊ ဘာမှ မဖြစ်ဘူးတဲ့…၊ ဆရာဝန်က ဆေးလည်းထိုးပေးတယ်…၊ လိမ်းဆေးလည်းပေးတယ်…၊ ဒါပေမဲ့ခဏပဲ သက်သာပြီး နာလို့ကိုက်လို့ဆိုပြီး ကလေးက ငိုနေတော့တာပါပဲ…”ဟု ပြန်၍ပြောပါသည်။

ကျွန်တော်က – “ကလေးဖြစ်ခဲ့တဲ့ လယ်မြေက ကြမ်းတယ်တို့ဘာတို့ ကြားဖူးသလား…” ဟု မေးကြည့်လျှင် ကလေး၏ မိခင်က – “အဲဒါတော့ မသိပါဘူး ဆရာရယ်…”ဟု ပြန်၍ပြော လေသည်။ ကျွန်တော်က – “ရိုးရိုးဆေးကုလို့ မသက်သာဘူး၊ မပျောက်ကင်းဘူးဆိုရင် မြေကိုင်တယ်လို့ ခေါ်တယ်…၊ မြန်မာ့ရိုးရာနည်းတစ်ခုတော့ ရှိတယ်…၊ မြေစာကျွေးရတဲ့နည်းပေါ့…”ဟု ပြောလိုက်ရာ ကလေး၏ မိခင်က – “ကျွန်မကတော့ နားမလည်ပါဘူး ဆရာရယ်၊ ပြောပြပါဦး…” ဟု ပြောလေသည်။ ထိုအခါ ကျွန်တော်က – “ကလေးကို သူလဲကျတဲ့နေရာကိုခေါ်သွားပြီး လဲကျတဲ့နေရာကို ပြခိုင်း…၊ အဲဒီ နေရာကမြေကြီးကို နည်းနည်းတူးပြီး ဘေးမှာပုံထား…၊ တစ်ခါ အောက်က မြေသားကိုလည်း ထပ်တူးပြီးဘေးမှာ သပ်သပ်ပုံထား…၊ အဲဒီမြေတွင်းထဲကိုမှ ဖက်စိမ်းတစ်ရွက်ခင်းပြီး အဲဒီဖက်ပေါ်မှာ ထမင်းဦးပေါင်းဇွန်းကြီး တစ်ဇွန်း၊ ကြက်သွန်နီ သုံးလုံး၊ ငါးပိစိမ်းက တစ်ဇွန်း၊ ငရုတ်သီးမှည့်က သုံးတောင့် ထည့်ရမယ်…၊ ပြီးရင် အပေါ်ယံလွှာမြေသားနဲ့ ပြန်ဖုံး…၊ အဲဒီမြေသားအပေါ် ကမှ အောက်ကမြေသား ပြန်ပြီးဖုံး…၊ အဲဒီမြေကြီးပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး မြေစောင့်နတ် မင်းကြီးကို ပူဇော်ပါတယ်၊ ဒီနေ့ ဒီအချိန်ကစပြီး ဘယ်နေ့သားသမီးဟာ မိမွေးတိုင်းဖမွေးတိုင်း အကောင်း ပကတိဖြစ်ပါစေလို့ ဆုတောင်းပါ…”ဟု ပြောပြခဲ့ပါသည်။

နောက်တစ်နေ့မှာပင် ထိုသားအမိသည် ကျွန်တော်၏မိတ်ဆွေထံမှ လိပ်စာမေးမြန်းပြီး ကျွန်တော့်ထံသို့ ရောက်လာခဲ့ပါသည်။

“ဆရာခိုင်းတဲ့ အတိုင်း မြေစာသွားကျွေးတာ ကျွန်မမှာလေ ကြက်သီးတွေ တဖျန်းဖျန်းထပြီးဘယ်လိုကြီးမှန်း မသိဘူး…၊ ကျောထဲမှာ စိမ့်လာတာနဲ့ အိမ်ကို အမြန်ပြန်ပြေးခဲ့ရတယ်…၊ ညဘက်ကျတော့ ကလေးက သိပ်မထူးပါဘူး…၊ ခါတိုင်းနေ့တွေလိုပဲ နာလို့ကျင်လို့ဆိုပြီးအော်လိုက်ငိုလိုက်ပါပဲ…၊ ညဉ့်နက်တော့မှ မောမောနဲ့ အိပ်ပျော်သွားတယ်…၊ ဒါပေမဲ့ မနက်ကျတော့ သူ့ဒူးခေါင်းက အနာက အယောင်လည်းလျော့နေပြီ…၊ နာတယ်ကျင်တယ်လည်း မပြောတော့ဘူး…” ဟု ပြော၍ ကန်တော့ကြပါသည်။

ကျွန်တော်လည်း အနာသိလျှင် ဆေးရှိသည်ဟူသော ရှေးလူကြီးတို့၏ ပြောစကားကို ပြန်လည်ကြားယောင်လိုက်မိပါသည်။

အချို့ စေတီတော်များတွင် ဝသုန္ဒြေမြေစောင့်နတ်မင်း ရုပ်တုများ ရှိတတ်ပါသည်။ မြေကိုင်သည်ဆိုသော ဖြစ်ရပ်မျိုးကြုံလာလျှင် မြေစောင့်နတ်တွင် ကန်တော့ပွဲ လှူ၍လည်း တိုင်တည် ဆုတောင်းနိုင်ပါသည်။

သမုတိမျိုးမြင့်