မိမိကိုယ်ကိုယ် အားကိုးဖို့ နည်းလမ်း -မျိုးတင့်(ညောင်လေးပင်)-

 

 

 

ကျွန်ုပ်နှင့် ကပ္ပိယကြီးဦးဖြူသီးသည် ဗုဒ္ဓ ဘာသာတရားတော်လာ သိမှတ်ဖွယ်ရာများကို ဆွေး နွေးခဲ့ကြပါသည်။ ကျွန်ုပ်သည် ကပ္ပိယကြီးဦးဖြူသီး၏ ဆွေးနွေးမှုများကြောင့် အသိဥာဏ်ပွင့်လင်းတိုးတက် မှု အထိုက်အလျောက် ရရှိခဲ့သည်ဟု ထင်မြင်မိပါ သည်။ တစ်နေ့သ၌ ဦးဖြူသီးက –

“ဗုဒ္ဓသာသနာတရားဟာ စိတ်ဓာတ်ခွန်အား ရှိဖို့ လွတ်လပ်စွာ တွေးခေါ်မှုကို အားပေးတယ် ကျောင်းဆရာရဲ့” ဟု စကားအစပျိုးကာ –

“လူဆိုတာ လုပ်သင့်တာတွေ လုပ်၊ မလုပ် သင့်တာတွေကို မလုပ်ရဘူး။ ကိုယ်စိုက်ပျိုးတဲ့သီးနှံကို ကိုယ်ပဲ ရိတ်သိမ်းရတယ်ဆိုသလို ကောင်းကျိုးပြုရင် ကောင်းမှုကံ ဖြစ်တယ်။ မကောင်းကျိုးပြုရင် မကောင်းမှုကံဖြစ်တယ်ဆိုတဲ့ အခြေခံသဘောကို လက်ခံမှသာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နိုင် တယ်။ ဒါပေမဲ့ အားငယ်တတ်တဲ့ လူတွေကတော့ ကိုယ့်တာဝန် ကိုယ်မယူချင်ကြဘူး။ ကိုယ်က မကောင်းတာလုပ်ထားပေမယ့် ကောင်းကျိုးကိုသာ ခံစားချင်ကြတယ်။ ကိုယ့်အစား တခြားတစ်ယောက် ကို ခံစေချင်ကြတယ်။ ဒါဟာ သဘာဝတရားကို ဆန့်ကျင် တဲ့ အဓမ္မဆန္ဒပါပဲ”

“ဟုတ်တာပေါ့ ကပ္ပိ ယကြီးရယ် …ကျုပ်တို့ ဗုဒ္ဓရှင်တော်က သဘာဝ မကျတဲ့ မျှော်လင့်ချက်တွေကို မပေးပါဘူး …။ အချို့သော ဘာသာဝင်တွေရော ဗုဒ္ဓဘာသာလို့ ခံယူ ထားသူတွေရောဟာ မျှော်လင့်ချက်တွေပေးပြီး လူ တွေကို စည်းရုံးတတ်ကြပါတယ် …၊ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို ပြောလာပြီဆိုရင် လိမ်တော့ မယ်ဆိုတဲ့ ကျွန်တော်တို့ သိထားဖို့လိုတယ်ဗျ”

“ဟုတ်တာပေါ့ဗျာ … မျှော်လင့်ချက်အတု ဆိုတာ ငါးစာနဲ့တူပါသတဲ့။ ငါဟာ ငါးစာကို ဟပ် လိုက်မိတာနဲ့ သူ့ရဲ့ဘဝလွတ်မြောက်ရေးက ဆုံးရှုံး သွားရပါတယ်။ ကျုပ်တို့ရဲ့ ဘုရားရှင်ဟာ မျှော်လင့် ချက် အတုကို ဘယ်တော့မှ မပေးဘူးဗျ။ ကိုယ့် ဘာသာ လွတ်လပ်စွာ တွေးခေါ်တည်ဆောက်ဖို့ကို သာ ညွှန်ပြတော်မူခဲ့တာဗျ။ လွတ်လပ်မှုကို တည် ဆောက် တွေးခေါ်ပုံနဲ့ ပတ်သက်ပြီး မြတ်ဗုဒ္ဓနဲ့ ဥပါလိသူကြွယ် တွေ့ဆုံခန်းကို ဗဟုသုတ အဖြစ် ပြောပြမယ်ဗျ”

“နာယူပါရစေ ခင်ဗျာ”

“ဗုဒ္ဓခေတ်က အလွန်ြွကယ်ဝထင်ရှားတဲ့ ဥပါလိဆိုတဲ့ သူဌေးကြီးတစ်ယောက် ရှိခဲ့တယ်ဗျ။ သူဟာ နိဂဏ္ဌနာဋပုတ္တဆိုတဲ့ ဆရာကြီးရဲ့ တပည့် ပါ။ အဲဒီခေတ်က ဝါဒအမျိုးမျိုးတွေ ထွန်းကားခဲ့တယ် ဗျ။ သူနိုင်ကိုယ်နိုင် ဝါဒပြိုင်ပွဲကြီးတွေလည်း လုပ်ခဲ့ကြ တယ်ဗျ။ ဥပါလိဟာ သူ့ရဲ့ဆရာကြီးရဲ့ ညွှန်ပြသွန် သင်မှုနဲ့ မြတ်ဗုဒ္ဓကို ဝါဒပြိုင်ဖို့ လာရောက်တွေ့ဆုံ ခဲ့တယ်ဗျ။ လိုရင်းပြောရရင် ဥပါလိမေးသမျှကို မြတ် ဗုဒ္ဓက သဘာဝကျကျ ဖြေဆိုတော်မူခဲ့တယ်။ ဥပါလိ ဟာ အသိဥာဏ်ရှိသူဖြစ်လေတော့ ဘုရားရှင်ကို တစ် ထိုင်တည်းနဲ့ပဲ ကြည်ညိုလက်ခံသွားပါတယ်။ “တပည့်တော်ကို ရတနာသုံးပါးအား ကြည်ညိုဆည်း ကပ်ကိုးကွယ်သူရယ်လို့ မှတ်တော်မူပါ ဘုရား”လို့ လျှောက်ခဲ့ပါတယ်။ ဒီတော့ မြတ်စွာဘုရားက –

“သင်ကဲ့သို့ ထင်ရှားတဲ့လူဟာ စဉ်းစဉ်းစားစား လုပ်တာကောင်းပါတယ်”လို့ မိန့်တော်မူပါတယ်။

“ဒီစကားဟာ ဥပါလိအတွက် အတော်ကို ထူးဆန်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့လို သူ ကြွယ်တစ်ယောက်ကို တခြားသော ဂိုဏ်းဆရာကြီး တွေက တပည့်ခံဖို့ ဦးစားပေးစည်းရုံးနေချိန်မှာ ဘုရားရှင်က ချင့်ချင့်ချိန်ချိန်လုပ်ဖို့ မိန့်တော်မူလိုက်လို့ ပါပဲ။ ဥပါလိဟာ ဒုတိယအကြိမ် ရတနာသုံးပါးကို ကိုးကွယ်သူအဖြစ် မှတ်တော်မူလိုက်ပါလို့ ထပ်ပြီး လျှောက်ထားခဲ့ပါတယ်ဗျ။ အဲဒီတော့ ဘုရားရှင်က “သင့်အိမ်မှာ  နိဂဏ္ဌတွေအတွက် လမ်းလေးခွမှာ တူးထားတဲ့ ရေတွင်းလိုပါပဲ။ သင့်ထံမှာ နိဂဏ္ဍတွေ ဟာ အချိန်မရွေး ဝင်ထွက်အလှူခံနေတာပါ။ သင် ဟာ ရတနာ သုံးပါးကို ကိုးကွယ်သူဖြစ်လာခဲ့ရင် လည်း နိဂဏ္ဍတွေကို အရင်ကလိုပဲ လှူသင့်ပါ တယ်”လို့ မိန့်တော်မူပါတယ်။ ဒီအခါမှာ ဥပါလိက-

“အရှင်ဘုရား …တပည့်တော်ကြားထားတဲ့ စကားနဲ့ အရှင်ဘုရားမိန့်တော်မူချက်ဟာ တခြားစီ ဖြစ်နေပါတယ်။ တပည့်တော်ကြားထားတာက ဘုရား ရှင်ဟာ ငါဘုရားကို လှူတာမြတ်တယ်။ ငါတပည့် သံဃာတော်များကို လှူသာတာမြတ်တယ်လို့ပဲ ပြော သံကြားဖူးပါတယ်။ အရှင်ဘုရား ကိုယ်တော်တိုင်က နိဂဏ္ဍတွေကိုလည်း လှူသင့်ပါတယ်ဆိုတော့ တပည့် တော်ကြားထားတာနဲ့ တခြားစီဖြစ်နေပါတယ်ဘုရား။ နိဂဏ္ဍတွေကို လှူဖို့ တပည့်တော်သိပါတယ်လို့ လျှောက်ထားပြီး တတိယအကြိမ် တပည့်တော်ကို ရတနာသုံးပါးဆည်းကပ်သူလို့ အသိအမှတ်ပြုပါလို့ ထပ်မံလျှောက်ထားပါတယ်။ နောက်တစ်နေ့မှာ သံဃာနဲ့အကွ ဆွမ်းစာြးွကပါလို့လည်း လျှောက်ထား ခဲ့တယ်ဗျ”

“ဒီအကြောင်းအရာကို လေ့လာကြည့်ရင် ဘုရားရှင်ဟာ သူဋ္ဌေးသူကြွယ်တွေကို တပည့်ဒကာ ဖြစ်လာအောင် စည်းရုံးတဲ့သဘောမျိုးမရှိဘူး။ တရား တော်ကို သဘောပါက်အောင်သာ ဟောတော်မူတာ သာ လိုရင်းပဲဆိုတာ တွေ့ရတာပေါ့ ကပ္ပိယကြီးရယ်” ဟု ကျွန်ုပ်က ထောက်ခံဆွေးနွေးခဲ့ပါသည်။

“ဟုတ်တာပေါ့ဗျာ။ ဥပါလိလို ထင်ရှားတဲ့ သူကြွယ်ကြီးက ရတနာသုံးပါးကို ကိုးကွယ်သူအဖြစ် လျှောက်ထားတာကို စဉ်းစဉ်းစားစားလုပ်ပါဦးလို့ မိန့် တော်မူတာကို သေသေချာချာ တွေးကြည့်သင့်တယ် ဗျ။ တပည့်တွေ များလာဖို့ဂုဏ်ကြီးရှင်တွေနဲ့ ဝိုင်းဝိုင်း လည်နေဖို့ လုံးဝ ဦးစားမပေးဘူး။ တရားကိုသိအောင် လွတ်လွတ်လပ်လပ် တွေးခေါ်ဖို့ကိုသာ လမ်းဖွင့်ထား တယ်ဆိုတာ ရှင်းနေတယ်ဗျ”

“ဟုတ်တယ်။ ရတနာသုံးပါးကို ကိုးကွယ်သူ  ဖြစ်ရင်တောင် နိဂဏ္ဌတွေကို လှူဒါန်းဖို့မိန့်တော်မူ တယ် မဟုတ်လား။ ဒါဟာ ဘုရားရှင်ရဲ့ ကြီးမားတဲ့ မဟာကရုဏာစိတ်ပဲပေါ့နော်”

“ဟုတ်တယ်ဗျို့။ စိတ်သဘောထားပြည့်ဝတဲ့ သူမှသာ ဒီလိုကရုဏာစိတ်မျိုးကိုထားနိုင်ကြတာနော်။ မပြည့်ဝတဲ့လူတွေကတော့ ဘယ်လောက်ပဲရရ နည်း သေးတယ်လို့ပဲ ထင်ကြတာလေ။ တစ်ကိုယ်ကောင်း ဆန်တဲ့လူတွေ ငါ့အတွက်ကိုသာ အဓိကထားသူတွေ ဟာ မပြည့်ဝတဲ့သူတွေ လွတ်လပ်တဲ့စိတ်ထားမရှိသူ တွေပါပဲဗျာ”

“ဥပါလိသူကြွယ် ဘုရားရှင်မိန့်တော်မူတာ ကို ထောက်ပြီး “အတ္တနောနာထော” မိမိသည်သာ လျှင် မိမိရဲ့ကိုးကွယ်ရာပဲဆိုတာကို ဆက်စပ်စဉ်းစား မိတယ်ဗျ။ စိတ်ဓာတ်ခွန်အားရှိသူ၊ နှလုံးလှသူ၊ လွတ် လပ်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်သူတွေဟာ ကိုယ့်ကိုယ် ကို ယုံကြည်တယ်ဗျ။ မိမိကိုယ်ကို ကောင်းစွာ ဆုံးမ ထားမှလည်း မိမိသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်နိုင် တာပေါ့ဗျ”

“အခြားတစ်ပါးသော ဘုရားရှင်တွေကတော့ ‘ငါ့ကို ကိုးကွယ်ကြ၊ ငါဟာသင်တို့ကို ကယ်တင်ဖို့ လာတာ’လို့ ပြောနေကြချိန်မှာ ဗုဒ္ဓရှင်တော်ကတော့ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ကြ၊ အခြားသော ကိုး ကွယ် အားထားစရာ ဘာမှမရှိဘူးလို့ လွတ်လပ်ပွင့် လင်း၊ ရဲတင်းတဲ့မိန့်ခွန်းတော်ကို အံ့မခန်းစရာ မိန့် တော်မူခဲ့တာဗျ။ ဒီညွှန်ကြားလမ်းပြမှုကို ကျုပ်တို့ ဗုဒ္ဓဘာသာမှာသာ တွေ့နိုင်တယ် ကျောင်းဆရာရဲ့”

“ဟုတ်တယ် ကပ္ပိယကြီးရေ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ဆိုတဲ့စကားကို အမြန်အားဖြင့် စဉ်းစားရင် ‘ကိုယ့်ကိုယ်ကို အထင်မသေးနဲ့’လို့အဓိပ္ပာယ်ရတာ ပေါ့ဗျာ။ ကိုယ့်ကိုယ်ကို အထင်သေးနေရင် ကိုယ့် ကိုယ်ကို ဘယ်ယုံတော့မလဲ ဘယ်လိုအားကိုးတော့ မလဲဗျာ။ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူရတဲ့ ဘဝမျိုး ရောက်သွားတော့မှာပေါ့”

“ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက တပည့်ဒကာ၊ ဒါယိကာမတွေကို သူများပါးစပ်ဖျား လမ်းမဆုံးစေနဲ့လို့ ဆိုဆုံးမတော်မူတာပေါ့ဗျာ’’

“အမှန်တော့ အခြေအနေကိုကြည့်ပြီး မီးစင် ကြည့် ကရတယ်ဆိုတဲ့ စကားဟာ လောကီသဘော အရတော့ မှန်ချင်မှန်မှာပေါ့ဗျာ။ အခြေအနေနောက် ကိုလိုက်ပြီး ဆုံးဖြတ်တာထက် ကိုယ်ကအခြေအနေ ကောင်းဖြစ်လာအောင် ဖန်တီးတည်ဆောက်ပြီး ကိုယ့်ကိုယ်ကို ဆုံးမရမှာဗျ။ ဘဝလွတ်မြောက်မှုတို့ စိတ်ချမ်းသာမှုတို့ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ဓာတ်ကို အသုံးချပြီး အကောင်းဆုံး အရည် အချင်းကို အသုံးပြုနိုင်မှ ရနိုင်တာဗျ”

“ဟုတ်တာပေါ့ဗျာ … တရားဓမ္မကိုကျင့်သုံး သူဟာ လွတ်လပ်တဲ့စိတ်နဲ့ မှန်ကန်တဲ့ဥာဏ်အမြင်ရှိရ မယ်။ ရိုးသားရမယ်ပေါ့ဗျာ။ မရိုးမသားနဲ့အချောင် တိုးတက်ကြီးပွားချင်ရင်တော့ တရားမရှာပါနဲ့ဗျာ။ ခရိုနီကြီးဖြစ်အောင် လောဘမြစ်ပင်လယ်ကြီးထဲမှာ ကူးပေတော့ဗျို့ ဟဲ ဟဲ”

“အို ကပ္ပိယကြီးရယ် …တရားဓမ္မဝိုင်းမှာ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တုန်း ဆေးရိုး သည် မပါနဲ့ဆိုသလို ခရိုနီတွေ၊ ခရိုစိမ်းတွေ ထည့် မပြောပါနဲ့ဗျာ”

“ဟုတ်ကဲ့ပါ ကျောင်းဆရာရယ် … ထေ့လုံး ငေါ့လုံးတွေကို ပြောတတ်တဲ့ အကျင့်ဆိုးကြောင့် ဒီလိုသုံးစွဲမိတာကို ခွင့်လွှတ်ပါဗျာ။ ကိုယ့်ကိုယ်ကို ဆုံးမတဲ့နည်းကို ဘုရားရှင်က နည်းလမ်းပေးတော်မူ ပြီးသားပါဗျာ။ ကျုပ်တို့ကသာ မလိုက်နာကြတာပါ”

“ဟာ ကပ္ပိယကြီးကလည်း စကားထာဝှက် သလိုလုပ်နေပါပြီကော။ အဲ့ဒီဆုံးမတော်မူထားတာ လေးကို ပြောပြဦးမှာပေါ့ဗျာ”

“ဆုံးမတဲ့နည်းက လွယ်လွန်းပါတယ်ဗျာ။ ကျုပ်တို့ကသာ မလိုက်နာနိုင်ကြတာပါ။ ဘုရားရှင်က ‘ကိုယ့်စိတ်ကို ကိုယ်အမှန်အတိုင်းသိနေပါ’လို့ လိုရင်းကို ညွှန်ပြထားတာပါဗျာ။ အမှန်အတိုင်းသိနေ တော့ မကောင်းတာမလုပ်ဘူးပေါ့ဗျာ။ ကောင်းတာ ပဲ လုပ်တော့မှာပေါ့ မဟုတ်ဘူးလား”

“ဟုတ်တော့ဟုတ်တယ် မရှင်းသလိုပဲဗျ”

“ကဲဗျာ ရှင်းရှင်းလေးပြောမယ်ဗျာ။ ကိုယ့် စိတ်ကို ကိုယ်သိနေတာဟာ သတိပဋ္ဌာန်တရားတော် ကြီးပဲလေဗျာ။ စိတ္တာနုပဿနာ မဟုတ်လားဗျာ။ ကျောင်းဆရာက ကြီးကြီးကျယ်ကျယ် ပြောမှ သဘောပေါက်ပုံရတယ်နော်”

“ဟုတ်ပဗျာ။ ကိုယ့်စိတ်ကို ကိုယ်အမှန်အ တိုင်း ရိုးရိုးလေးနဲ့သိနေအောင် သတိကပ်ထားနိုင်ရင် စိတ်ဟာ ကောင်းတဲ့ဘက်မှာ အမြဲရောက်နေတာပေါ့ နော်”

“သာဓုဗျာ သာဓု သာဓု။ ဒါဟာလွတ်လပ်စွာ သိခြင်းရဲ့ နိဒါန်းပဲပေါ့ဗျာ။ တစ်နည်းပြောရရင် မိမိ ကိုယ်ကို အားကိုးဖို့နည်းလမ်းလို့ဆိုရမှာပေါ့ဗျာ”ဟု ပြောပြခဲ့ပါသတည်း။

 

မေတ္တာရည်လျက်

မျိုးတင့်(ညောင်လေးပင်)

စာကိုး။ ။ လွတ်လပ်တဲ့စိတ်(ဆရာတော် ဦးဇောတိက)