အောင်မြင်ထွန်းပေါက် လိုသူများအတွက် အဘမင်းသိင်္ခ၏ နာမည်ပေးနည်း

အဘပြောဘူးတဲ့ စကားလေးတစ်ခွန်း သွားပြီး အမှတ်ရမိတယ်။ လူတစ်ယောက်ဟာတဲ့ ဘယ်လောက်ပဲ သူ့ဘ၀မှာ ဆင်းရဲနိမ့်ကျနေပါစေကွာတဲ့။ သူ့ဘဝမှာ နာမည်တစ်လုံးတော့ ရှိပါသေးတယ်တဲ့။ ကျွန်တော်တို့ရဲ့ ဘဝမှာလည်း နာမည်တစ်လုံးတော့ ရှိတယ်လေ။ နာမည်မပေးနိုင်လောက်အောင် ဆင်းရဲနိမ့်ကျ ချူချာနေတဲ့ လူရယ်လို့ မရှိပါဘူး။

နောက်တစ်ခုက ကျွန်တော်တို့ မြန်မာလူမျိုး အများစုဟာ မိမိတို့မိသားစုမှာ သားသမီးရတနာ ရလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်လို့ စီပွားရေးလုပ်ငန်းတစ်ခုခု လုပ်ဆောင်တာပဲ ဖြစ်ဖြစ် စာရေးဆရာတို့ အနုပညာလုပ်ငန်း လုပ်တာပဲ ဖြစ်ဖြစ် ကိုယ့်ဘဝအတွက် အောင်မြင်ထွန်းတောက်စေမယ့် အမည်မျိုးတွေကို စနစ်တကျ ရွေးချယ်တတ်ကြပါတယ်။

တကမ္ဘာလုံးမှာ နာမည်ကို နေ့သင့်နံသင့်မှည့်တာဆိုလို့ ကျွန်တော်တို့ မြန်မာလူမျိုးပဲ ရှိတယ်။ မခင် ဆိုတာနဲ့ တနင်္လာသမီး မောင်နိုင်ဆိုတာနဲ့ စနေသားသမီးဆိုတာ ထင်ရှားနေပြီ။ သာသနာ့နွယ်ဝင် ရဟန်း သံဃာတော်တွေတောင် တနင်္လာသား သမီးဆိုရင် ရှင်ကုသလတို့ ဗုဒ္ဓဟူးသားကို ရှင်ဝိစိတ္တတို့ ဆိုတာမျိုး ပေးတတ်ကြတယ်။ အဲဒီလောက်ထိ ကိုယ်နာမည်ကို အလေးထားတတ်ကြတာ မဟုတ်လား။

အဲဒီတော့ နာမည်ကို ဘယ်လိုမျိုးတွေ ပေးတတ်ကြသလဲဆိုတော့……..

ပထမတစ်မျိုးက အနွတ္တအမည် လို့ခေါ်တယ်။ အဲဒါက ဘာလဲဆိုတော့ အကြောင်းတရား ခိုင်ခိုင်လုံလုံနဲ့ ပေးတဲ့အမည်မျိုးပေါ့ဗျာ။ မိခင်က ကလေးမွေးတဲ့ အချိန်မှာ မိုးရွာတယ်။ မိုးရွာတဲ့အချိန်မှာ မိုးသီးတွေပါ ပါလာတယ်။ အဲဒီကလေးရဲ့ အမည်ဟာ မိုးသီးဖြစ်သွားတယ်။ ငယ်ငယ်က မောင်မိုးသီ။ နည်းနည်း ကြီးလာတော့ ကိုမိုးသီး။ ဒီထက်ကြီးလာတော့ ဦးမိုးသီးပေါ့။

ဒုတိယတစ်မျိုးက ရုဠီအမည် လို့ခေါ်တယ်။ သူကတော့အကြောင်းတရား မရှိပါဘူး။ အကျိုးတရားကို ဦးစားပေးပြီး မှည့်ထားတာပါ။ ကိုယ့်သားသမီး ကိုကောင်းစေချင်လို့ မောင်ကောင်းမှည့်တာ၊ မြတ်စေချင် လို့ မောင်မြတ်မှည့်တာ ၊ အသက်ရှည်စေချင်လို့ မောင်သက်ရှည်လို့ မှည့်တာ၊ ယဉ်ကျေးစေချင်လို့ မယဉ်ကျေးလို့ မှည့်တာ။ အဲဒါတွေအားလုံးဟာ ရုဠီအမည် အမျိုးအစားမှာပါတဲ့ အမည်မျိုးတွေပေါ့။ မှည့်ကောင်းပါတယ်။

တတိယ အမျိုးအစာအမည်က သညာအမည် လို့ခေါ်တယ်။ လူဆိုတာ နာမည်တစ်လုံးတော့ ရှိရမယ် မဟုတ်လားဗျာ။ အဲဒါကြောင့် ခေါ်လို့ဖြစ်ရုံ မှည့်ထားတဲ့ အမည်မျိုး။ ဥပမာ သာဒင်ဆိုတာ ဘာအဓိပ္ပါယ် ရှိသလဲ ဆိုရင် ဘာအဓိပ္ပါယ်ရယ်လို့ ခွဲခွဲခြားခြား မပြောနိုင်ဘူး။ အဲဒီလိုအမည်မျိုးတွေလည်း မှည့်တတ်ကြ ပါတယ်။

စတုတ္ထအမျိုးအစားကြတော့ သညီအမည် လို့ခေါ်တယ်။ အဲဒါကတော့ မမှည့်ကောင်းဘူး။ ဥပမာ ခွေးမတို့ ၊ ဝက်မ ။ ဆိတ်သိုး ၊ ကြွက်နီ ၊ ပေါက်တူး၊ ငခွေး စတဲ့အမည်မျိုးတွေပေါ့။ အဲဒါတွေကတော့ မမှည့်တာ ကောင်းတယ်။ ဒီလောက်ရှည်ကြာတဲ့ မြန်မာ့သမိုင်းမှာ ခွေးစာလုံးထည့်ပြီး မှည့်ထားတဲ့နာမည်ထဲက အထွတ် အထိပ်ရောက်ဖူးတာဆိုလို့ စလေငခွေးနဲ့ မင်းခွေချေးပဲ ရှိဘူးတယ်။

နောက်တနည်းကျတော့ ဆန်းနည်းနဲ့ (နာမက္ခရဆန်းပညာ) ပေးတဲ့နည်း။ ဒီနည်းကတော့ ကျယ်ဝန်း တယ်။ ဥပမာ ကြွတ်ကြွတ်ဆတ်ဆတ် စကားပြောတတ်တဲ့လူကို ကြွတ်ကြွတ်ဆတ်ဆတ် အက္ခရာတွေ (ခ ဃ ) စတဲ့ အက္ခရာတွေနဲ့ အမည်ပေးရတာမျိုး။ ပါဠိလို ပြောရရင်တော့ ဓနိတ အက္ခရာပေါ့။ ယောကျ်ား ဆန်တဲ့ လူကို ဖိုအက္ခရာနဲ့ ပေးရတာတို့၊ မိန်းမဆန်တဲ့ လူကို မအက္ခရာနဲ့ ပေးရတို့ အများကြီးပဲဗျ။ အသားဖြူတာတို့ အသားမဲတာတို့၊ အရပ်ပုတာတို့ အရပ်ရှည်တာတို့ အားလုံးကို ထည့်ပြီး စဉ်းစားပေး ရတာ။ ဒါကြောင့် လူတစ်ယောက်ဟာ ဆန်ဗေဒင်နှင့် ကိုက်ညီတဲ့အမည်တစ်ခု ဖြစ်ဖို့ မလွယ်တာ။

အခု ကျွန်တော်ပြောပြမယ့် အမည်ပေးနည်းကတော့ ကုန်ဘောင်ခေတ်မှာ အလွန်ကျော်ကြားတဲ့ အတုလ ဆရာတော် ခင်ကြီးဖျော်ရဲ့ နည်းပါ။ အဲဒီနည်းကိုတော့ ကျွန်တော်တို့ရဲ့ အဘဘင်းသိင်္ခ သူကိုယ်တိုင် အသုံးပြုခဲ့တဲ့ နည်းပါ။ မင်းသိင်္ခဆိုသော အမည်ကို ဤနည်းနှင့် ကိုယ်ကိုယ်တိုင် သမုတ်ခဲ့တာ။ နောက် အဘဆီကို အမည်တောင်တဲ့ လူတိုင်းကိုလည်း အဘ ဒီနည်းနဲ့ပဲ ပေးခဲ့တာပါ။ နောက်ဆုံး အဘ ကိုယ်တိုင် မွေးထုပ်ပေးခဲ့တဲ့ အဘရဲ့ ဗေဒင်လက္ခဏာ တပည့်ပေါင်းများစွာရဲ့ အမည်တွေကိုလဲ ဒီနည်းနဲ့ပဲ အဘ နာမည်ပေးခဲ့တာပါ။

ဒီနည်းကိုတော့ အင်္ဂဝိဇ္ဇာဗေဒင် ပညာနှင့် တိုင်ထူပြီး ပေးတာဖြစ်ပါတယ်။ တိုင်တွေတောတွေနဲ့ ရှုပ်ပါ တယ်။ လွယ်လွယ်လေးပဲ သိချင်တယ် တတ်ချင်တယ်ဆိုတဲ့ လူတွေအတွက်ကတော့ ပဉ္စပွတ်ရယ် ၊ ဆပွတ်ရယ်၊ အညွန့်ရယ် ဆိုတာကို မှတ်ထားရင် ရပါပြီ။ ပဉ္စပွတ်တွေ အညွန့်တွေ ဆပွတ်တွေကိုလည်း နားမလည်ပါဘူး။ မှတ်မထားချင်ပါဘူး။ ရှုပ်ပါတယ်ဆိုတဲ့ နည်းနည်းလေးတောင် မှတ်မထားချင်တဲ့ လူတွေကတော့ (၅)-ခုမြောက်ရယ် ၊ (၆)-ခုမြောက်ရယ် (၂)-ခုမြောက်ရယ်၊ ဒါလေးမှတ်ထား၇င် ရပါပြီ။

ကိုယ့်နေ့နံရဲ့ (၅)ခုမြောက် နေ့နံ အက္ခရာကို …… အစမှာထား။
ကိုယ့်နေ့နံကနေ (၆)-ခုမြောက် နေ့နံ အက္ခရာကို….. အလယ်မှာထား။
ကိုယ့်နေ့နံကနေ (၂)-ခုမြောက် နေ့နံ အက္ခရာကို…နောက်ဆုံးမှာထား။ ဒါပဲပေါ့။ လွယ်တယ်နော်။

ဥပမာ ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခက တနင်္ဂနွေသား။ ငယ်နာမည်က ဦးအောင်ထွန်း။ အဲဒီအမည်ကို အဘက မသုံးချင်ဘူး။ အဲဒီတော့ ကိုယ့်ကိုတိုင် အမည်ပေးတယ်။ အောက်မှာ ကြည့်ကြည့်လိုက်ပါ။

တနင်္ဂနွေရဲ့ (၅)-ခုမြောက် နေ့နံ အက္ခရာကို အစမှာထားတယ်။ (မင်း)
တနင်္ဂနွေရဲ့ (၆)-ခုမြောက် နေ့နံ အက္ခရာကို အလယ်မှာထားတယ်။ (သိ)
တနင်္ဂနွေရဲ့ (၂)-ခုမြောက်အက္ခရာကို နောက်ဆုံးမှာ ထားတယ်။ (င်္ခ)

အဲဒီတော့ အားလုံးပေါင်းလိုက်ရင် မင်းသိင်္ခ ပေါ့။ လွယ်တယ်နော်။ ဒါကတော့ အလွယ်နည်းပေါ့ဗျာ။ ကိန်းတွေ ခန်းတွေ ၊ တိုင်တွေ ဘာတွေ ညာတွေကို လုံး၀ နားမလည်ပါဘူးဆိုတဲ့ လူတွေအတွက်ပါ။ တနင်္ဂနွေ သားသမီးများအတွက် (၅-၆-၂) သာ မှတ်ထားလိုက်ရင် ရပါပြီ။

အခု အောက်မှာကတော့ အင်္ဂဝိဇ္ဇာ ပညာနှင့် စနစ်တကျ တိုင်ကို ဘယ်လိုထူရတယ် ဆိုတာနဲ့ အဲဒီတိုင်ကို ကြည့်ပြီး ဘယ်လို အမည်ပေးရတယ်ဆိုတာရယ်ကို ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါသည်။ အား လုံးသော လာရောက်လည်ပတ်ကြသူအားလုံး မိမိတို့ကိုယ်တိုင်ကိုသော်၎င်း။ မိမိတို့၏ မိသားစု သားသမီး ဆွေမျိုး ပါတ်ဝန်းကျင် အားလုံးကို ကောင်းမါန်မှန်ကန်သော နည်းစနစ်ဖြင့် နာမည်လှလှလေးများ ရွေးချယ ်ပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အောက်မှာ ပုံသေနည်းအနေနှင့် နေ့သားနဲ့ ရွေးချယ်ရမည့် အက္ခရာလေးတွေ အသင့် ရေးပေးလိုက်ပါတယ်။ ဒီနည်းက အင်တန် ကောင်းပါတယ်။ ဒီနေ့ အနုပညာလောက မှာ အောင်မြင်နေတဲ့ အနုပညာသမား တော်တော်များများ ဒီနည်းနဲ့ နာမည်ပေးထားတာ ဖြစ်ပါတယ်။

တနင်္ဂနွေသားသမီးများ အတွက် ပုံစံ (၅ – ၆ – ၂)
(ကြာသပတေး အက္ခရာဖြင့် စပါ၊ သောကြာအက္ခရာကို အလယ်မှာ ထားပါ။ တနင်္လာ အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ – မိုးဟေကို ၊ မေသုခ ၊ ပြည်သိန်းကျော်) စသည်ဖြင့် ပေးရပါသည်။

တနင်္လာသားသမီးများအတွက် ပုံစံ (၆ – ၀ – ၃)
( သောကြာ အက္ခရာဖြင့် စပါ၊ စနေ အက္ခရာကို အလယ်မှာ ထားပါ။ အင်္ဂါ အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ – သူထူးစံ ၊ သွန်းနဒီစံ ၊ သက်နှင်းစံ ၊ သော်တာစိုးစံ၊ စသည်ဖြင့် ပေးနိုင်ပါသည်။

အင်္ဂါသားသမီးများအတွက် ပုံစံ (၀ – ၁ – ၄)
( စနေ အက္ခရာဖြင့် စပါ၊ တနင်္ဂနွေ အက္ခရာကို အလယ်မှာ ထားပါ။ ဗုဒ္ဓဟူး အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ – နှင်းအိလွင် ၊ ထူးအယ်လင်း၊ ထွန်းအောင်လူ ၊ နဒီအေးလွင် စသည်ဖြင့် ပေးနိုင်ပါသည်။

ဗုဒ္ဓဟူးသားသမီးများအတွက် ပုံစံ (၁ – ၂ – ၅)
( တနင်္ဂနွေ အက္ခရာဖြင့် စပါ၊ တနင်္လာ အက္ခရာကို အလယ်မှာ ထားပါ။ ကြာသပတေး အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ – အေးချမ်းမေ ၊ အိချမ်းမြေ့ ၊ အောင်ခေတ်ပိုင် ၊ အိချောပို စသည်ဖြင့် မှည့်နိုင်ပါသည်။

ကြာသပတေးသားသမီးများအတွက် ပုံစံ (၂ – ၃ – ၆)
( တနင်္လာအက္ခရာဖြင့် စပါ၊ အင်္ဂါ အက္ခရာကို အလယ်မှာ ထားပါ။ သောကြာ အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ – ခန့်စည်သူ ၊ ချောဇင်သန့် ၊ ကောင်းစည်သူ ၊ ငြိမ်းစုဟေသီ စသည်ဖြင့် မှည့်နိုင်ပါသည်။

ဒါကတော့ သောကြာသားသမီးများအတွက် ပုံစံ ( ၃ – ၄ – ၀ )
( အင်္ဂါ အက္ခရာဖြင့် စပါ၊ ဗုဒ္ဓဟူး အက္ခရာကို အလယ်မှာ ထားပါ။ စနေ အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ – ဇော်ရဲထက် ၊ စုလှိုင်နှင်း ၊ ဇူလိုင်နှင်း ၊ စောယုနွယ် ၊ ဇေယျာနိုင် ၊ ဇင်ယော်နီ စသည်ဖြင့် မှည့်နိုင်သည်။

စနေသားသမီးများအတွက် ပုံစံ ( ၄ – ၅ – ၁)
( ဗုဒ္ဓဟူး အက္ခရာဖြင့် စပါ၊ ကြာသပတေး အက္ခရာကို အလယ်မှာ ထားပါ။ တနင်္ဂနွေ အက္ခရာကို အဆုံး တွင် ထားပါ)
ဥပမာ – ယဉ်မင်းဦး ၊ ရွှေယမင်းဦး ၊ ဝင့်ဝါမိုးဦး ၊ ရဲမာန်ဦး ၊ လူမင်းဦး ၊ လွင်မိုးအောင် စသည်ဖြင့် မှည့်နိုင်ပါသည်။

နောက်ဆုံးအနေနှင့် တစ်ခုပြောချင်တာက လူတစ်ယောက်ကို နာမည်ပေးတဲ့ အခါမှာ ဗေဒင်နှင့် ကိုက်အောင် ချဉ်းပဲလဲ မှည့်လို့ မဖြစ်ဘူး။ ဗေဒင်ကို လုံးလုံး မစဉ်းစားပဲနဲ့လည်း မှည့်လို့မဖြစ်ဘူး။ အဲဒီတော့ ဗေဒင်သဘောလဲ ပါပါစေ။ ခေါ်လို့ ကောင်းအောင်လည်း ဖြစ်ပါစေ၊ ခေတ်ကာလနဲ့လည်း လိုက်လျော ညီထွေ ဖြစ်ပါစေ။

မှတ်ချက်မည်သူမဆို မိမိတို့၏ သားသမီး ရင်သွေးရတနာ များကို အမည်ပေးရန် အတွက်ပဲ ဖြစ်ဖြစ် ၊ အနုပညာ လုပ်ငန်းနှင့် အခြားသော လုပ်ငန်း ဆောင်တာများတွင် အသုံးပြုရန် ဖြစ်စေ အမည်ပေးလိုပါက အထက်ပါ နည်းအတိုင်း စိတ်ချ ယုံကြည်စွာ ပေးနိုင်ပါသည်။

Credit : hien tin zaw