ကလေးများ အန္တရာယ်ကင်းအောင်

အစွမ်းထက်သော မနုဿီဟရုပ်မျိုး ထန်းရွက်၊ ပေရွက်ပေါ်တွင် ရေးဆွဲ၍ ငွေကျုတ်၊ ရွှေကျုတ်တွင် လိပ်ထည့်ကာ ကလေးများ အန္တရာယ်ကင်းရန်ရှေးရှေးက ဆရာများ ကလေးများလည်၌ ဆွဲစေမှု ပြုဖူးပါသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ စေတီပုထိုးများတွင် မနုဿီဟဆိုသော ရုပ်တုများ တွေ့မြင်ဖူးကြပါမည်။ ပင်လယ်ရေစောင့် ဘီလူးတို့၏ရန်ကို နှိမ်နှင်းရန်အရှင် သောဏမထေရ်နှင့် အရှင်ဥတ္တရတို့ ဖန်ဆင်းထားတော်မူခဲ့သော အစွမ်းထက်သော နာနာရူပရုပ်များသာ ဖြစ်ပါသည်။

သုဝဏ္ဏဘုမ္မိသထုံပြည်ကို သီရိဓမ္မာသောကမင်း စိုးစံတော်မူသောအချိန်ကဖြစ်သည်။ ပင်လယ်ကမ်းစပ်နှင့်နီးသော မြို့ဖြစ်သဖြင့် ရေစောင့်ဘီလူးများ ပေါများလှ၏။ ၎င်းဘီလူးများကမြို့အတွင်း ဝင်ရောက်ပြီး ကလေးငယ်များကို ဖမ်းယူစားသောက်တတ်သည်။ အချိန်နှင့်အမျှ ရေစောင့်ဘီလူးတို့ရန်ကို ကြောက်ရွံ့ နေခဲ့ရသည်။ ထိုကဲ့သို့ ဘီလူးများ၏ရန်ကို ကြောက်နေရချိန်တွင် အနောက်မဇ္ဈိမဒေသမှ အရှင်သောဏနှင့် အရှင်ဥတ္တရ နှစ်ပါးအမှူး၍ စုစုပေါင်း မထေရ်ငါးပါး သုဝဏ္ဏ ဘုမ္မိသထုံပြည်သို့ သာသနာပြုရန် ဆိုက်ရောက်လာခြင်းဖြစ်သည်။ မြို့သူမြို့သားများ ကြုံတွေ့နေရသော ဒုက္ခကို တွေ့မြင်ရသဖြင့် ဦးဆောင်လာသော အရှင်သောဏနှင့် အရှင်ဥတ္တရ မထေရ်နှစ်ပါးက ဘီလူးတို့ထက် နှစ်ဆမျှကြီးမားသော မနုဿီဟသတ္တဝါကြီး နှစ်ကောင်ကို ရုတ်တရက် ဖန်ဆင်းပြီး ဘီလူးအားလုံးကို လိုက်လံ ခြောက်လှန့် မောင်းထုတ်ခဲ့သည်။ ဘီလူးများ လွန်စွာကြောက်ရွံ့ပြီး နောင်တွင်လူသားများထံ လုံးဝမလာရဲတော့ပေ။ ထိုကဲ့သို့ အစွမ်းထက်သော မနုဿီဟရုပ်မျိုး ထန်းရွက်၊ ပေရွက်ပေါ်တွင် ရေးဆွဲ၍ ငွေကျုတ်၊ ရွှေကျုတ်တွင် လိပ်ထည့်ကာ ကလေးများ အန္တရာယ်ကင်းရန်ရှေးရှေးက ဆရာများ ကလေးများလည်၌ ဆွဲစေမှု ပြုဖူးပါသည်။ ထိုသည်ကို လိပ်ပြာချုပ်ဟု ခေါ်ကြပါသည်။

ယခုမူ ကျွန်တော့အနေဖြင့် သုဝဏ္ဏဘုမ္မိ ဂါထာတော်ပါသော မနုဿီဟပုံကလေးဖော်ပြပေးလိုက်ပါသည်။ သင့်အိမ်ရှိသား/ သမီးကလေးငယ်များ အန္တရာယ်ကင်းဝေးစေရန် အမြိတ္တစုတ်ကျသော နေ့ရက်တစ်ရက် နံနက်(ဝ၉း၄၅)နာရီ အိမ်အဝင် တံခါး မကြီးဝဲ/ယာနှစ်ဖက်မှာ နှစ်ပုံချိတ်ဆွဲထားလိုက် လျှင်မကောင်းသော ဖုတ်၊ မိစ္ဆာ၊ ဘီလူး၊ သရဲတို့ရန်မှ ကာကွယ်ပြီးဖြစ်ပါမည်။ ကျွန်တော်စီရင် အသုံးပြုခဲ့ပြီး အကျိုးထူးလှသဖြင့် လက်ဆင့်ကမ်း မျှဝေလိုက်ပါသည်။

နန်းအောင်လူ(အောင်ပန်း)