အပြစ်မြင်စရာ မဟုတ်ပါ

လောကကြီးကား သူ့သဘာဝနှင့် သူ အပြောင်းအလဲမရှိ။

ပြောင်းလဲနေကြသည်က မိမိတို့ သာဖြစ်၏။ စိတ်အလိုမကျတိုင်း၊ အလုပ် အကိုင် အဆင်မပြေတိုင်း၊ မိမိတို့ဘာသာ လွဲချော်မှုများနှင့်ကြုံရလေတိုင်း အကြောင်း အမျိုးမျိုးပြကာ လောကကြီးကိုပဲ အပြစ် တင်တတ်ကြသည်။ အချို့ဆိုလျှင် အရွဲ့ပင် တိုက်ကြသေး။

သည်တော့ မည်သည့် အကျိုး ဆက်တွေ ဖြစ်လာကြပါသနည်း။ လောက ကြီးမှာတော့ ဘာမျှ မပျက်မယွင်း။ အကျိုးမဲ့ဖြစ်ရ သည်က ဘယ်သူမပြု မိမိမှုသာတည်း။

မိမိတို့ပတ်ဝန်းကျင်၌ ပျက်စီးယိုယွင်းမှုပုံရိပ် တွေက တစ်ပုံတစ်ပင်။ တကယ်တော့ ပတ်ဝန်းကျင် ကြောင့်သော်လည်းကောင်း၊ လောကကြီးကြောင့် သော်လည်းကောင်း၊ တစ်ပါးသူ၏ဖျက်ဆီးမှုကြောင့် သော်လည်းကောင်း ပျက်စီးကြရသည် မဟုတ်။ မိမိတို့ဘာသာဖျက်၍ ပျက်နေကြခြင်း ဖြစ်၏။ လော ကကြီးကတော့ သူ့အနေအထားနှင့်သူ ဟန်ချက်ညီ နေစမြဲ။ ဘယ်သူဘယ်ဝါကိုမျှ သာစေ နာစေလိုမှု အလျဉ်းမရှိ။ မိမိတို့လူသားတွေကသာလျှင် အလို မကျလေတိုင်း လောကကြီးကိုပဲ အမြင်စောင်းကာ ခလုတ်တိုက်နေကြသည်။

ထိုသို့ လောကကြီးအား မကောင်းမြင်စိတ် အောင်းနေသမျှ ကာလပတ်လုံး တိုးတက်မှုဆိုသည် မှာ အဝေးကြီး ဝေးနေလိမ့်မည်မှာ သေချာသည်။ တကယ်တော့ လောကကြီးကား သူ့အပေါ် သိနား လည်သူများအတွက် နည်းလမ်းသိသိဖြင့် အသုံးချ နိုင်သူများအတွက် အခွင့်အလမ်းကောင်းတွေကို ပေးနေစမြဲ။

သည့်အတွက် လောကကြီးကို သိနားလည် ဖို့ လိုအပ်သကဲ့သို့ မိမိတို့၌ရှိနေသော ပင်ကိုယ် စွမ်းရည်တို့အား သူ့နေရာနှင့်သူ၊ အချိန်ကာလနှင့် လိုက်လျောညီထွေစွာ အသုံးချတတ်ဖို့ အရေးကြီး ပေသည်။ လောကကြီးအကြောင်း အဆိုးအကောင်း ကိုသိပါမှ မိမိဘဝတိုးတက်ရေးကို အသုံးချနိုင်မှာပဲ ဖြစ်သည်။ အသုံးချမှု မှန်ကန်ထိရောက်လျှင် အောင် မြင်မှုရမှာ သေချာသည်။

“လောကကြီးမှာ ငါမသိတာ ဘာမျှမရှိဘူး။ ငါလုပ်ချင်ခဲ့တာမှန်သမျှ လုပ်ခဲ့ပြီးပြီ”

သည်သို့ ခံယူချက်ရှိသူများအတွက်မူ လောကကြီးသည် အပိုဖြစ်ကောင်း ဖြစ်နေပါလိမ့် မည်။ မိမိတို့သည်ဘဝအတွက် အဓိပ္ပာယ်ရှိစွာ မွေးဖွားလာသူများဟု ခံယူထားရှိဖို့လိုသည်။ တစ်နေ့ နေ့ တစ်ချိန်ချိန် တစ်နေရာရာ၌ အကြောင်းတစ်ခုခု ဖြင့် သေရမည် မှန်သော်လည်း အသက်ရှင်ဖြတ်သန်း ခဲ့သည့်ကာလတစ်လျှောက် လောကကြီးကို အလှ ဆင်သူမဖြစ်နိုင်သော်မှ အကျည်းတန် အရုပ်ဆိုး မဖြစ်စေသင့်ပေ။

အချို့ပုဂ္ဂိုလ်များသည် အသက်ကြီးလေမှ ထင်မှတ်မထားသော လမ်းကြောင်းသို့ သွေဖယ်သွား တတ်ကြသည်။ အပျော်အပါး လောင်းကစားဖက် လျက် လောကကြီးကို ထီမထင်သူ။ ခါးစောင်းတင် မည့်သူအဖြစ် ရေစုန်မျှောပစ်တတ်ကြသည်။ သည်တော့ ၄င်းတို့ကို ကြီးမိုက်ဟု ကမ္ပည်းတင်ကြ သည်။ ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ “ပျက်အစဉ် ပြင်ခဏ”ဟု သဘောထားတတ်လျှင် ပြန်လည် တည့်မတ် ပြုပြင်ကြရမည်မှာ မိမိတို့ကိုယ်တိုင်သာ ဖြစ်၏။ အတ္တာဟိ အတ္တနော နာထော မိမိသည် သာလျှင် ကိုးကွယ်ရာဖြစ်၏။ မိမိသည်သာလျှင် ဘဝ၏ ပဲ့ကိုင်ရှင်ဖြစ်၏။

လောကကြီးကိုအကောင်းမြင်နိုင်ဖို့ရာတွက်  မိမိကိုယ်တိုင်က ကောင်းနေဖို့လိုသည်။ အချို့အချို့ အိမ်များ၌ ချိတ်ဆွဲထားတတ်သည့် “သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ” ဆိုသည့်စာတန်းလေးက သူမကောင်း လျှင် ကျွန်ုပ်လည်း မကောင်းဟု သဘောသက် ရောက်နေသည်။ ထိုအခါ ကိုယ်ကလည်း မကောင်း သည့်အတွက် သူကလည်း ကောင်းလိမ့်မည်မဟုတ်။ ထိုအခါ မကောင်းခြင်းသံသရာ လည်ပတ်နေပေလိမ့် မည်။

လောက၌ မဆိုးသောသူတွေ၊ ကောင်းသော သူတွေ များလာလျှင် လောကကြီးလည်း ကောင်း နေမည်မှာ အသေအချာ။

 

နန္ဒာမိုးကြယ်