ဇလုံတောင်

နောင်ပွင့်မယ့်ဘုရားဖူးမြော်ချင်ရင် ဇလုံတောင်မှာ ဦးခိုက်တင်

“ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့လွဲရမယ်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အရိမေတ္တေယျမြတ်စွာဘုရားအား ဖူးမြော်နိုင်သူစာရင်းဝင်ဖြစ်ဖို့ ဇလုံတောင်ဆီအရောက်သွားကြပါစို့လို့ တိုက်တွန်းချင်ပါတော့တယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းမှာရှိတဲ့ ဇလုံတောင်သတင်းကို ၂၀၁၆ နှစ်လယ်လောက်မှာ စပြီးကြားခဲ့ပါတယ်။ အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူတဲ့အခါ တရားထူးဟောမယ့်နေရာလည်း ဖြစ်တယ်လို့ဆိုပါ တယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ဇလုံတောင်တစ်ခုလုံးဟာ ရွှေရောင်အသွင် ရုတ်ချည်းပြောင်းသွားတယ်ဆိုတဲ့ သတင်းတွေ ကြားရပြန်ပါတယ်။ စိတ်ထဲမှာတော့ ဇလုံတောင်ဆီ သွားရောက်ဖူးမြော်ချင်နေမိပါတယ်။ ခရီးဝေးတာရယ်… နယ်ခံအသိမိတ်ဆွေမရှိတာရယ် ကြောင့် မရောက်ဖြစ်ခဲ့ပါဘူး။

တစ်စွန်းတစ်စသာ သိထားကြားထားတဲ့ ဇလုံတောင်ရဲ့ သတင်းတွေကို ပြည့်ပြည့်စုံစုံသိရဖို့ အကြောင်းဖန်လာပါတယ်။ အင်းစိန်တောရမှာ အတူနေခဲ့ဖူးတဲ့ ရဲဘော်ရဲဖက်ဖြစ်သူ စိန်ကျော်ဦးတစ်ယောက် ကျွန်တော့်ရုံးခန်းဆီ ရောက်လာပါတယ်။ ဇလုံတောင်သမိုင်းကြောင်းကို ပြည့်ပြည့်စုံစုံပြောပြနိုင်တာကလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ဦးဆောင်မှုနဲ့ ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို စိန်ကျော်ဦးက ဦးဆောင်ပြီး ဆောင်ရွက်ပေးနေသူ ဖြစ်လို့ပါပဲ။

ဇလုံတောင်တည်ရှိရာဒေသဟာ ဗန်းမောက်မြို့နဲ့ ၁၆ မိုင်ဝေးပါတယ်။ အဲဒီဒေသမှာ ကဒူး၊ ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ ရှမ်းနီတွေကတော့ ဇလုံတောင်ကို လွယ်စန့်လုံလို့ ခေါ်ကြတယ်။ မိုးတွင်းကာလမှာ သွားရလာရတာ အလွန်ခက်ခဲပြီး ပွင့်လင်းရာသီရောက်မှသာ ဘုရားဖူးတွေ တက်ရောက်ကြပါတယ်။ တောရိပ်တောင်ရိပ်ကြောင့် စိမ့်ပြီး အေးနေပါတယ်။ နွေရာသီမျိုးမှာအောင် အအေးဓာတ်က ရှိနေတတ်ပါတယ်။

လှမ်းကြည့်လိုက်ရင် ဆင်မည်းတစ်ကောင် မှောက်နေတာနဲ့ တူလွန်းတဲ့ ဇလုံတောင်တော်ဟာ ရွှေရောင်အတိဖြစ်သွားတာကို ဦးစွာမေးဖြစ်ပါတယ်။ ရွှေရောင်ပြောင်းသွားတာ တကယ်ဟုတ်ခဲ့ပါတယ်။ ကင်မရာ အထူးပြုလုပ်ဖန်တီးချက်တွေနဲ့ ရိုက်ထားတာမျိုး မဟုတ်ပါဘူးတဲ့။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက် ညနေလေးနာရီခွဲခန့်မှာ မြင်တွေ့ဖူးမြော် လိုက်ရတာပါတဲ့။ ဒေသခံတွေတောင် ဒီလိုဖြစ်ရပ်မျိုးကို ပထမဆုံးအကြိမ် ဖူးတွေ့လိုက်ရတာမျိုးပါ။ ဖူးမြော်ခွင့်ရပြီး မှတ်တမ်းတင်နိုင်တဲ့သူတွေကတော့ မိုးညှင်းမြို့ကနေ လာရောက်ဖူးမြော်ကြတဲ့ ဦးမျိုးအေး ဦးဆောင်တဲ့ ၂၁ ဦးပါ ဘုရားဖူးအဖွဲ့ပဲ ဖြစ်ပါတယ်။

ဇလုံတောင်

ဂေါတမမြတ်စွာဘုရား ဝါတော်၂၀ ရတဲ့ အချိန်မှာ ရဟန္တာ ၅၀ဝ ခြံရံပြီး ဇလုံတောင်ဆီ ကြွလာခဲ့ပါတယ်။ ခုနစ်ရက် သီတင်းသုံးခဲ့ပါတယ်။ နတ်နဂါးမင်း သားအဖလှူဒါန်းတဲ့ ဆွမ်းကိုဘုဉ်းပေးပြီး ဆွမ်းကျန်ဟင်းကျန်တွေကို ကြဲပက်ရင်းက စိန်ရွှေငွေ ကျောက်သံပတ္တမြားတွေဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုခဲ့တယ်လို့ဆိုပါတယ်။ “အရိ မေတ္တေယျ ဘုရားရှင်သည် ငါဘုရားကဲ့သို့ အလှူခံကာ တရားထူး တရားဦးကို ဟောကြားတော်မူလိမ့်မည်”လို့လည်း ဗျာဒိတ်ထားခဲ့ပါတယ်။

ကြဲပက်လိုက်တဲ့ ဆွမ်းကျန်ဟင်းကျန်တွေက ဇလုံတောင်ဒေသရဲ့ မြောက်ဘက်မှာ ဖားကန့် ကျောက်စိမ်းတွင်းတွေဖြစ်လာခဲ့သလို အနောက်ဘက် တောင်ဘက်၊ အရှေ့ဘက်တွေမှာလည်း ရွှေတွင်းတွေ ဖြစ်လာတယ်လို့ ယုံကြည်ကြသလို အရိမေတ္တေယျဘုရားရှင် တရားဟောကြားမည့်နေရာ ဖြစ်တယ်ဆိုတာကိုလည်း အစဉ်အဆက် ယုံကြည်ထားကြပါတယ်။

ကျောက်တောင်ကြီးဟာ အရင်တုန်းက သလွန်တောင်တော်လို့တွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဇလုံမှောက်ထားတဲ့ သဏ္ဌာန်ဖြစ်နေလို့ ဇလုံတောင်လို့ခေါ်ခဲ့တာပါ။ နှစ်ရှစ်ဆယ်ခန့်က မြေပုံအမှတ်အသားပေါ်မှာလည်း သလွန်တောင်လို့သာ ဖော်ပြထားပါတယ်။

သက္ကရာဇ် ၄၉၂ ခန့်က ကျောက်တောင်ကြီးပေါ်မှာ ဘုရားတည်ထားခဲ့လို့ နှစ်ပေါင်း ၉၀ဝ သက်တမ်းရှိနေပါပြီ။ သက္ကရာဇ် ၁၂၁၁ ခုမှာ ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဖြစ်တဲ့ ဘုန်းကြီးဦးသာအေးက အောင်တော်မူ၊ အောင်ဆုယူစေတီများကို ဒုတိယအကြိမ် မွမ်းမံတည်ပြီး အောင်ကျော်အေးအောင် ဇလုံတောင်လို့ သာသနာပြု မော်ကွန်းတင်ခဲ့ပါတယ်။ နောက်ပိုင်း အဆက်ဆက် မွမ်းမံစောင့်ရှောက်ခဲ့လို့ ဇလုံတောင်ဟာ အခုချိန်မှာ ဘုရားဖူးရာသီမှာ စည်ကားနေတာပါ။

ကျောက်တောင်ကြီးမှာ ခမည်းတော်တောင်နဲ့ မယ်တော်တောင် ကျောက်လုံးကြီးများ နှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ်နိမ့်တဲ့နှစ်ဖက်မှာတော့ သားတော်တောင်၊ သမီးတော်တောင် တွဲလျက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်ခန့်က သမီးတော် ကျောက်ဆောင်ပဲ့ကျပြီး ဗန်းမောက်မြို့နယ်တစ်နယ်လုံး သိမ့်သိမ့်တုန်အောင် မြည်ဟည်းရိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဘုရားဖူးတွေက ကျောက်တောင်ကြီးနှစ်လုံးကြားကနေ အုတ်လှေကားနဲ့ ကွေ့ပတ်ပြီးတက်ကြရပါတယ်။ ကျဉ်းကျပ်တဲ့နေရာမှာ ကျောက်တံခါးကြီးတစ်ခု ရှိပါတယ်။ အကုသိုလ်များသူများအဖို့တော့  မကျော်နိုင်၊ မဝင်နိုင်ကြပါဘူးတဲ့။ တကယ်လည်း မဝင်နိုင်တဲ့သူတွေရှိတာ ထူးဆန်းအံ့ဩဖွယ်ရာအဖြစ်ပါပဲ။ ကျောက်တုံးကြီးတစ်ခုနဲ့ တစ်ခုအကြား ကျောက်ကျောကတစ်ဆင့် ကူးပြီးသွားရတာကလည်း နက်ရှိုင်းတဲ့ ချောက်ကြီးတွေရှိနေလို့ တကယ့်ကို အသည်းယားစရာပါ။

ကျောက်တောင်ကြီးကို ဇလုံတောင်အရှင်ကြီးက စောင့်ရှောက်ပါတယ်။ “ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်”ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ ဇလုံတောင်ဘုရားဖူးရင် အရိမေတ္တေယျဘုရားကို ဖူးနိုင်ဖို့အတွက် ဘုရားဖူးရမယ့်စာရင်းမှာ ပါဝင်သွားမှာဖြစ်ကြောင်း ဆိုလိုချင်တဲ့ သဘောပါ။ ဘုရားပွဲကိုတော့ သင်္ကြန်ပြီးတာနဲ့ တစ် ပတ်လုံး ကျင်းပလေ့ရှိပါတယ်။

ဒီအကြောင်းတွေက ကိုစိန်ကျော်ဦးပြောပြတဲ့ ဇလုံတောင်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေပဲ ဖြစ်ပါတယ်။ တောင်ပေါ်ရင်ပြင်ဟာ ကျိုက်ထီးရိုးရင်ပြင်လို လူများစွာ အေးအေးလူလူ ညအိပ်နားနေ ဖူးမြော်လို့ရအောင် မကျယ်ပါဘူး။

တောင်ခြေမှ တောင်ပေါ်အထိ အဆင်းအတက် အမာခံမြေလမ်းက ၁၂ မိုင်ခန့်ရှိပါတယ်။ ဘုရားဖူးလာသူများအနေနဲ့ ဇလုံတောင်ဒေသလူထု အခြေပြုခရီးသွားလုပ်ငန်းက စီစဉ်ထားတဲ့နေရာမှာ တည်းခိုနားနေလို့ရပါတယ်။ ကားတွေနဲ့လာကြမယ်ဆိုရင်လည်း အဲဒီနေရာမှာ ကားတွေကို ရပ်နားထားခဲ့ရမှာပါ။ အပြင်ကလာတဲ့ကားတွေက တောင်တက် လမ်းအခြေအနေကြောင့် ပေးမတက်ပါဘူး။ ဒေသခံတွေမောင်းတဲ့ တောင်တက်ကားတွေကို စီစဉ်ပေးထားပါတယ်။

ခရီးတစ်ထောက်နားရင်း ကဒူးလူမျိုးတွေရဲ့ ရိုးရာအကများ၊ ရိုးရာအစားအသောက်များ ကြည့်ရှု သုံးဆောင်နိုင်အောင်အသင့်စီစဉ်ထားပါတယ်။ ကဒူးလူမျိုးတို့ရဲ့ ယဉ်ကျေးမှု သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေကို အားပါးတရ ခံစားလေ့လာလို့လည်း ရပါတယ်။

“ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့လွဲရမယ်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အရိမေတ္တေယျမြတ်စွာဘုရားအား ဖူးမြော်နိုင်သူစာရင်းဝင်ဖြစ်ဖို့ ဇလုံတောင်ဆီအရောက်သွားကြပါစို့လို့ တိုက်တွန်းချင်ပါတော့တယ်။

နေလရောင်