ပညာ လမ်းစဉ်၏ သခင်၊ သခင်မများ

အချစ်ရှုံးသမား

အီတိုလျား ဘုရင့်သမီးတော် မာပက်စာကို အပိုလို နေနတ်မင်းက ချစ်မိသည်။ သူက မာပက်စာ ကို ခိုးယူလာသော အိုက်ဒါ မင်းသားထံမှ ထပ်ဆင့် ခိုးခဲ့ပြန်သည်။ ထိုအခါ မိုးပျံရထားပိုင်ရှင် အိုက်ဒါ မင်းသားနှင့် အပိုလိုနေနတ်မင်းတို့ အချစ်အတွက် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြသည်။ အညှာတာ ကင်းမဲ့စွာ အပြင်းအထန် တိုက်ခိုက်ကြသော်လည်း ဘယ်သူမျှ အနိုင်မရ။ သရေကျနေခဲ့သည်။ သို့ဖြင့် ဇုစ်နတ်မင်းကြီး ကြားဝင်ပြီး မိန်းကလေး မာပက်စာကို ဆုံးဖြတ် ရွေးချယ်စေသည်။ မာပက်စာက အဘက်ဘက်မှ ခြောက်ပြစ်ကင်း သဲလဲစင် အပိုလို နေနတ်မင်းကို ငြင်းပယ်ပြီး ရုပ်ဆိုးသလောက် ကြမ်းတမ်းခက်ထန်သော အိုက်ဒါကို ရွေးချယ်ခဲ့သည်။ နေနတ်မင်းသည် သာမန်လူသားမျှသာ ဖြစ်သည့်သူ အိုမင်းသွားချိန်ကျလျှင် အချစ်လျော့ပါးသွားမှာကို စဉ်းစားမိသောကြောင့် ဖြစ်သည်။ သို့ဖြင့် အချစ်ပြိုင်ပွဲမှာ အပိုလို နတ်မင်း ရှုံးနိမ့်ခဲ့ရသည်။

ရှောင်ပြေးလေသူ

နတ်မိမယ် ကက်စ်တာလျာလည်း အပိုလို နေနတ်မင်း၏ အချစ်ကို ရှောင်ပြေးကာ အလွတ်ရုန်းနိုင်ဖို့အတွက် ဒဲလဖီ အရပ်ရှိ စမ်းပွက်အိုင်ထဲကို ခုန်ချခဲ့သည်။ စမ်းပွက်အိုင်က စကားပြောသော ရေစင် ဖြစ်လာပြီး နိမိတ်ဟောသည့် ယဇ်ပုရောဟိတ်မများအတွက် အာရုံဝင်စား အကြားအမြင် စွမ်းပကားပေးနိုင်သည်။

သားတော်

အာဖရိက မြောက်ပိုင်းရှိ ခိုင်ရင်း၏ ဘုရင်မနှင့် အပိုလို ချစ်ကြိုးနှောင်ပြီး သားတစ်ယောက် မွေးဖွားခဲ့ရာ ကျွဲနွား၊ သစ်သီး ဥယျာဉ်၊ အမဲလိုက်ခြင်း၊ မွေးမြူရေးနှင့် ပျားမွေးမြူခြင်းများကို စောင့်ရှောက်သူ ဖြစ်လာသည်။ နယ်မြေသစ် စွန့်စားရှာဖွေသူများကိုလည်း အပိုလို နေနတ်မင်း အားပေး ကူညီသည်။

ကက်စန္ဒြာ

ထရိုဂျန် ဘုရင် ပရိမ်မင်းကြီး၏ သမီးတော် ကက်စန္ဒြာနှင့်လည်း အပိုလိုတို့ ချစ်ခဲ့မိကြသေးသည်။ သူက ကက်စန္ဒြာကို ရရှိဖို့ ရှေ့ဖြစ် အားလုံးကို သိမြင် နိမိတ်ဖတ် ဟောကြားနိုင်သည့် အစွမ်း သတ္တိကို ပေးဖို့ သဘောတူခဲ့ရသည်။ သို့သော် ကက်စန္ဒြာ ပြောသမျှ ဘယ်သူ တစ်ဦးတစ်ယောက်မျှ မယုံကြည်စေဖို့ ကျိန်စာလည်း ဆိုပေးခဲ့သောကြောင့် ကက်စန္ဒြာ ဟောပြောသမျှ အချည်းနှီး ဖြစ်ရလေတော့သည်။

သစ္စာပျက်

အပိုလို၏ ချစ်သူ ကိုရိုးနစ္စ မင်းသမီးက ကိုယ်ဝန် ရှိနေပါလျက် သူ့အပေါ် သစ္စာ မစောင့်သိဘဲ ဖောက်ပြန်နေတာကို ကျီးတစ်ကောင်က နေနတ်မင်းထံ သတင်းလာပေးခဲ့သည်။ နေနတ်မင်းက ကျီးပြောတာ မယုံဘဲ ကျိန်စာတိုက်သဖြင့် ယခင်က ဖွေးဖြူသော ကျီးငှက်တွေအားလုံး မည်းနက်ကုန်ကြ သည်။ နောက်တော့မှ အဖြစ်မှန်ကို သိပြီး အစ်မတော် အာတိမစ္စ၏ အကူအညီနှင့် ကိုရိုးနစ္စကို သတ်ဖြတ်ခဲ့သည်။ ကိုယ်ဝန်ဆောင်ထားသော ရင် သွေးငယ်ကို ဝမ်းကြာတိုက်မှ ခွဲကာ ထုတ်ယူပြီး စင်တော ခိုင်ရွန်ထံ အပ်နှံပြီး ပညာသင်ယူစေသည်။ နောင်တော့ ဆေးကုသမှုဆိုင်ရာ သမားတော်နတ် အက်စ်ကာလေးပီးယာ့စ် ဖြစ်လာသည်။

ထူးခြား ဆန်းပြား

အပိုလို နေနတ်မင်းက ရုပ်ဆင်းသဏ္ဌာန် ချောမောပြေပြစ် တင့်တယ်သလောက် သူ့ဇာတ်လမ်းတွေက ထူးခြားဆန်းပြားသည်။ တစ်ကြိမ်က အပိုလို နေနတ်မင်းက အပြစ်ဒဏ် ပေးဆပ်ဖို့အတွက် သက်စလီမှာ သိုးဆိတ် ကျွဲနွားများ သွားကျောင်းနေရသည်။ စေတမန်နတ် ဟာမီးစ်က သူ့ကျွဲနွားတွေ ခိုးပြီး ဝှက်ထားခဲ့သည်။ တစ်ချိန်တည်းမှာ နွားအူကို ကြိုးကျစ်ကာ ဗျတ်စောင်းတစ်လက် ဖန်ဆင်းထားခဲ့သည်။ ဂီတနတ် ဖြစ်သည့် အပိုလိုက ကျွဲနွားတွေ ခိုးခံရတာအတွက် အမျက်ထွက်ခဲ့သော်လည်း ဗျတ်စောင်းကို သဘောကျသောကြောင့် ခွင့်လွှတ်ပေးလိုက်သည်။ ဗျတ်စောင်းက သူ့ ကိုယ်စားပြု သင်္ကေတဖြစ်လာသည်။

ဂီတပြိုင်ပွဲများ

အပိုလို နေနတ်မင်းသည် တေးသီချင်း ဂီတတို့၏ သခင်ကြီး ဖြစ်ပြီး သူ့ကို ရဲတင်းဝံ့စားစွာ တေးသီချင်း ဂီတ အရာမှာ ပြိုင်ဆိုင်ဖို့ စိန်ခေါ်သူများ အားလုံး မရှုမလှ ရှုံးနိမ့်ကြသည်။ မာဆြာနှင့် သူ ပြိုင်ဆိုင်ရာမှာ သရေကျခဲ့သော်လည်း အပိုလိုက တူရိယာတီးခတ်ရင်း သီချင်းဆိုဖို့ စိန်ခေါ်လိုက်သောအခါ သူက ဗျတ်စောင်းနှင့်အတူ သီချင်း သီဆိုနိုင်သော်လည်း ပုလွေမှုတ်သော မာဆြာက တူရိယာနှင့်အတူ သီချင်း မဆိုနိုင်သောကြောင့် ရှုံးနိမ့်ရသည်။ အပိုလိုက သူ့ကို ရက်စက် ကြမ်းကြုတ်စွာ သတ်ပစ်ပြီး အရေခွံခွာခဲ့သည်။ ဆိုက်ပရပ်စ်ကျွန်းဘုရင် ကင်ညာ့စ်လည်း အလားတူပင် အပိုလိုနှင့် ဂီတပြိုင်ပြီး ရှုံးနိမ့်သောကြောင့် အသက်ဆုံးရှုံးရသည်။ သူ၏ သမီးတော် ငါးဆယ်ကို ပင်လယ်ထဲသို့ ပစ်ချခဲ့ရာ ပင်လယ်ပျော် ငှက်များ ဖြစ်လာကြသည် ဟု ဆိုသည်။

သင်္ကေတများ

အပိုလို နေနတ်မင်းကို ဂရိခေတ်မှသည် ရောမခေတ်အထိ ဆက်လက်ပြီး ယုံကြည် လေး မြတ် ကိုးကွယ်ခဲ့ကြသည်။ အပိုလို နေနတ်မင်း၏ အထင်ရှားဆုံး သင်္ကေတမှာ လေးနှင့် မြား ဖြစ်သည်။ ဗျတ်စောင်း၊ လက်ခတ်နှင့် ဓားတို့ကိုလည်း သင်္ကေတ အဖြစ် သုံးစွဲသည်။ ယာဇ်ပူဇော်ရာ သုံးချောင်း ထောက် ခုံစားပွဲကို သူ၏ ရှေ့ဖြစ် ဟောကြားနိုင် သည့် အကြားအမြင် စွမ်းပကား သင်္ကေတအဖြစ် သုံးစွဲသည်။ အပိုလို နတ်မင်းကို ရည်စူး ပူဇော်သည့် အားကစား ပြိုင်ပွဲ မျိုးစုံတို့ကို ဒဲလဖီ အရပ်မှာ လေးနှစ် တစ်ကြိမ် ကျင်းပလေ့ ရှိသည်။ ထန်းပင်၊ စွံပလွံပင်များကိုလည်း အပိုလို နတ်မင်း မွေးဖွားခဲ့ရာ အရိပ် သစ်ပင်အဖြစ် အလေးအမြတ်ထားကြသည်။ ဝံပုလွေများ၊ လင်းပိုင်များ၊ ဒရယ်ပြောက်များ၊ ဘဲငန်း များ၊ တေးသီချင်း ဆိုသော ပုဇဉ်းရင်ကွဲများ၊ သိန်းစွန်ငှက်များ၊ ကျီးကန်းများ၊ ြွကက်များ၊ ခြင်္သေ့ များ၊ နိမိတ်ဟောသည့် စွမ်းပကား သင်္ကေတ ဖြစ်သော မြွေမများကို နေနတ်မင်း အပိုလို၏ ကိုယ်စားအဖြစ် မှတ်ယူတတ်ကြသည်။ ဒဏ္ဍာရီထဲက သိန်းစွန်-ခြင်္သေ့ အစပ် သတ္တဝါများလည်း သူ၏ သင်္ကေတ ဖြစ်သည်။

နေနတ်နှင့် ဝိုင်နတ်

အပိုလို နေနတ်မင်းသည် ဟန်ချက် ညီမျှမှု၊ စနစ်ကျမှု၊ စည်းကမ်း သေဝပ်လိုက်နာမှု၊ ကျိုးကြောင်း ညီညွတ်သော ဆင်ခြင်တုံတရားတို့ကို ပေးသည်။ အပျော်အပါးနှင့် ကြုံရာကျပန်း ဗရမ်းဗတာ လုပ်တတ်သော ဝိုင်အရက်စောင့်နတ် ဒိုင်အိုနီးဆာ့စ်နှင့် အပိုလို နေနတ်မင်းတို့က လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်သည်။ သို့သော် ဂရိလူမျိုးတို့က ထို နတ်နှစ်ပါးကို တစ်ယောက်နှင့် တစ်ယောက် အားဖြည့် ပြည့်စုံစေသော စွမ်းပကားများ အဖြစ် ယူဆကြသည်။ သူတို့ နှစ်ယောက်ကို ညီနောင် နှစ်ပါးအဖြစ် ယုံမှတ်သည်။ ဆောင်းရာသီ ကျရောက်လျှင် အပိုလို နေနတ်မင်းက မြောက်ဘက်ရှိ လေပြင်းအလွန် အရပ်မှာ သွားရောက် နေထိုင်ချိန် ဒဲလဖီ နတ်ကွန်းကို ဒိုင်အိုနီးဆာ့စ် လက်ထဲမှာ လွှဲထားခဲ့စမြဲ ဖြစ်သည်။

ပရိုဗီဒင်းရှားသခင်မ

ရောမ လူမျိုးတို့ ကိုးကွယ်ကြသော ပရိုဗီဒင်းရှား နတ်သခင်မသည် အနာဂတ်ကို ကြိုတင် မြင်သိနိုင်သည်။ ရှေ့ဖြစ် နိမိတ်တို့ကို ဟောကြား နိုင်သည်။ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။ အနု ပညာ၊ ကိုးကွယ်မှု၊ စာပေတို့ကို ကိုယ်စားပြုသည်။ သို့သော် သူနှင့် ပတ်သက်သော နောက်ခံ ဒဏ္ဍာရီ အကြောင်းခြင်းရာတို့ကို များများစားစား မသိရချေ။ ပရိုဗီဒင်းရှား သခင်မသည် ရောမ လူမျိုးတို့၏ နေ့စဉ် သွားလာ လှုပ်ရှား ပြုမူ နေထိုင်မှုများအတွက် အရေးကြီးသော ကိုယ်ကျင့်တရား၊ စာရိတ္တနှင့် ဒဿနိက ဆိုင်ရာ အလေးအမြတ် ထားစရာဖြစ် သည်။ (၁) အကောင်း၊ (၂) အဆိုးနှင့် (၃) အကောင်းလည်း မဟုတ်/ အဆိုးလည်း မဟုတ် သော အရည်အသွေး သုံးပါးစလုံး ရှိသည်။ ရောမ ဧကရာဇ် ဩဂတ်စတပ် ကွယ်လွန်ပြီး နန်းတက် လာသည့် သားတော် တိုင်ဘားရီးယာ့စ် ဧကရာဇ်က ခမည်းတော်ကို ရည်စူးပြီး ]]ပရိုဗီဒင်းရှား ဩဂတ် စတပ်}} အမည်ရှိသော နတ်ကွန်း တစ်ဆောင် တည်ဆောက်ပေးခဲ့သည်။ ရောမ နိုင်ငံတော်အတွက် သူ၏ ဖခမည်းတော် ဆောင်ကျဉ်း ပေးအပ်ခဲ့သည်တို့ အတွက် အထိမ်းအမှတ် နတ်ဘုရားအသွင် အလေး အမြတ်ထားခဲ့ခြင်း ဖြစ်သည်။ ဩဂတ်စတပ် ဧကရာဇ် ကို နတ်ဘုရားမများ ဖြစ်ကြသော ပက်ခ်စ် (ငြိမ်းချမ်း ရေး)၊ ဂျုစတီရှား (တရားမျှတမှု)နှင့် ကွန်ကော ဒီးယား (ဟန်ချက်ညီစေခြင်း) တို့နှင့် ပေါင်းပြီး ကိုး ကွယ်ခဲ့ကြသည်။ ဩဂတ်စတပ် ဧကရာဇ်၏ အမည် သည် ရောမ လူ့အဖွဲ့အစည်းအတွင်း အဆိုပါ အရည်အသွေးများနှင့် ပြည့်စုံလျက် ရှိခဲ့သည်။ ပရို ဗီဒင်းရှား နတ်သခင်မကို ပူဇော် ပသရာတွင် လုံခြုံမှု ရှိခြင်း၊ လွတ်လပ်ခြင်းနှင့် ထူးချွန်ပြောင်မြောက် ခြင်းတို့ ပါဝင်သည်။ တိုင်ဘားရီးယာ့စ် ဧကရာဇ် လက်ထက်တွင် ပရိုဗီဒင်းရှား သခင်မ၏ နတ်ကွန်း ဆောင်မှာ မပြတ် ပူဇော်ပသနိုင်ဖို့ ယာဇ် ပုရော ဟိတ် တစ်ပါး အမြဲတမ်းအတွက် ခန့်ထားခဲ့သည်။ ရောမ ဧကရာဇ်မင်း အဆက်ဆက်တို့က ပရိုဗီဒင်း ရှား သခင်မ ရုပ်ပုံပါသော ဒင်္ဂါးများ သွန်းလုပ် သုံး စွဲခဲ့ကြသည်။ ရောမ လွတ်တော်က သခင်မကို ဦး ထိပ်ထားရသည်။

နိုင်ဇော်
မနောမယဂျာနယ်